ဘင်္ဂလားဒေ့ရှ်သို့ ဧည့်မထဆန်တန်ချိန် ၇၅၀၀ တင်ပို့နိုင်ရန် စီစဉ်

ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်စီမံကိန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အစိုးရအချင်းချင်း Government to Government (G to G)စနစ်ဖြင့် ဧည့်မထ(၅)မှတ် ဆန်တန်ချိန် ၇၅၀၀ တင်ပို့နိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယင်းသို့ G to Gစနစ်ဖြင့် ဧည့်မထ(၅)မှတ် ဆန်တန်ချိန် ၇၅၀၀ တင်ပို့နိုင်ရေး ကြိတ်ခွဲထုတ်လုပ်ရာတွင် ၄၀၀ ကီလိုဝပ်ဆိုလာစနစ် တပ်ဆင်ပြီး ဆန်အရည်အသွေးပြည့်မီအောင် စနစ်တကျကြိတ်ခွဲနေခြင်း ဖြစ်သည်။
ထို့ပြင် ပုသိမ်စက်မှုဇုန်စီမံကိန်းမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G စနစ်ဖြင့်ပထမအကြိမ် ဆန်တန်ချိန် ၂၅၀၀ ကိုMVMCS 11 သင်္ဘောပေါ်သို့ကုန်တင်ပို့ခြင်း ဆောင်ရွက်နေပြီးယင်းသို့ တင်ပို့သည့် ဆန်အရည် အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း တင်ဆောင်နိုင်ရေး၊ ပို့ကုန်တင်ပို့ရာတွင် ကုန်သွယ်မှုဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပို့နိုင်ရန်အတွက်တိုင်းဒေသကြီး အစိုးရအဖွဲ့ကပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ဧရာ၀တီတိုင်းဒေသကြီးသည်စိုက်ပျိုးရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်ပြီး ဆန်စပါးကို
တိုးချဲ့စိုက်ပျိုးနိုင်ခြင်းကြောင့် ပြည်တွင်းစားသုံးမှု ဖူလုံစေသည့်အပြင်ပြည်ပပို့ကုန်ကဏ္ဍမှ နိုင်ငံခြားငွေတိုးမြှင့်ရရှိစေရန် ဆောင်ရွက်ပေးနိုင်လျက်ရှိကြောင်း သိရသည်။

image

ယခုနှစ်အတွင်း အသက် ငါးနှစ်မပြည့်မီ ကလေးများသေဆုံးမှုနှုန်း ပိုမြင့် မားလာနိုင်

နိုင်ငံတကာ အကူအညီပေးအပ်မှုများ လျော့ပါးလာမှုကြောင့်ယခုနှစ်အတွင်း အသက် ငါးနှစ် မွေးနေ့မတိုင်မီ အသက်ဆုံးပါးဖွယ်ရှိသောကလေး အရေအတွက်မှာ ၂၀၂၄ခုနှစ်ကထက် ၂၀၀၀၀၀ ခန့် ပိုများလာနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် ဂိတ်ဖောင်ဒေးရှင်းကဒီဇင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ဂိတ်ဖောင်ဒေးရှင်း၏ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ အသက်ငါးနှစ်မပြည့်မီ အသက်ဆုံးပါးခဲ့ရသော ကလေးအရေအတွက်မှာ၄ ဒသမ ၆ သန်းအထိ ရှိခဲ့ကြောင်း
သိရသည်။
သို့ရာတွင် ယခုနှစ်အတွင်းအသက် ငါးနှစ်မပြည့်မီ အသက်ဆုံးပါးနိုင်သော ကလေးအရေအတွက်
မှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ၄ ဒသမ ၈ သန်းအထိ မြင့်တက်လာနိုင်ကြောင်း ဂိတ်ဖောင်ဒေးရှင်းသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လက်ရှိ အခြေအနေအရ၂၀၂၅ ခုနှစ်သည် ယခု ရာစုနှစ်အတွင်း တားဆီး၍ ရနိုင်သည့် ကလေးများ သေဆုံးမှုနှုန်း မြင့်တက်လာသော ပထမဆုံးနှစ်ဖြစ်လာနိုင်ကြောင်း ဂိတ်ဖောင်ဒေးရှင်းက သတိ
ပေးထားသည်။
ယခုနှစ်စပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုက အစပြု၍ ဗြိတိန်နှင့် ဂျာမနီကဲ့သို့ ကမ္ဘာ့အဓိက အလှူရှင်နိုင်ငံကြီးများက နိုင်ငံတကာသို့အကူအညီပေးအပ်မှုများ လျှော့ချဖြတ်တောက်ခဲ့ပြီးနောက် ယခုနှစ်အတွင်း အသက် ငါးနှစ်မပြည့်မီကလေးများသေဆုံးမှုနှုန်း မြင့်တက်လာနိုင်ခြင်းဖြစ်ကြောင်း ဂိတ်ဖောင်ဒေးရှင်း သတင်းထုတ်ပြန်ချက်၌ သုံးသပ်ထားသည်။

image

ရွေးကောက်ပွဲ အပိုင်း(၁) နှင့် (၂) ကျင်းပမည် မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်စု စုစုပေါင်း (၂၉၃၁) ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဟု ရွေးကော်ကြေညာ

လာမည် ရွေးကောက်ပွဲ အပိုင်း(၁) နှင့် (၂) ကျင်းပမည် မြို့နယ် (၂၀၂)မြို့နယ် အတွင်းရှိ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ရပ်ကွက် နှင့် ကျေးရွာအုပ်စုများ စာရင်းကို ယနေ့ ဒီဇင်ဘာ(၅)ရက်ညပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က အသိပေးထုတ်ပြန်ချက်အရ သိရသည်။
အပိုင်း(၁) နှင့် (၂) ၏ မြို့နယ် ၂၀၂ မြို့နယ် အတွင်းက စုစုပေါင်း ရပ်ကွက် (၁၆၁)ရပ်ကွက် ၊ ကျေးရွာအုပ်စု (၂၇၇၀) စုစုပေါင်း (၂၉၃၁)ခုတွင် ကျင်းပနိုင်ခြင်းမရှိကြောင်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရပ်ကွက်ကျေးရွာအုပ်စုနာမည် အသေးစိတ်များကို ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင် ဝက်ဆိုဒ်တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
လာမည်ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နှင့် အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်(၅၆)မြို့နယ် ရှိကြောင်းလည်း စက်တင်ဘာလက ရွေးကောက်ပွဲကော်မရှင် က အသိပေးထားသည်။

image

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၏ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၅ ရက်ညနေပိုင်းကကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် ဂုဏ်ပြုည စာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်အပြီး၌ တပ်မတော်နည်းပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့ ၏ ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှုအားပေးပြီးချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ သည် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ် ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်များနှင့် ဂုဏ်ပြုတေးသရုပ်ဖော်အစီအစဉ်များဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုညစာစားပွဲသို့ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်၊ တိုင်းမှူးများ၊ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်း အုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့်ဧည့်သည့်တော်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

image

ပြင်ဦးလွင်ရှိ MSME လုပ်ငန်းများမှနမူနာပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ပေးနေသည့် သုတေသနဌာနခွဲ(ပြင်ဦးလွင်)ကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသရှိ MSME လုပ်ငန်းများမှနမူနာပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ပေးနေသည့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(ပြင်ဦးလွင်ခရိုင်ရုံးခွဲ)၏ သုတေသနဌာနခွဲ (ပြင်ဦးလွင်)ကို နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံ ခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၅ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့သည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ စားသောက်ကုန်ဓာတ်ခွဲခန်းများဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊ ပြည်တွင်းရှိ စားသောက်ကုန်ဆိုင် ရာဓာတ်ခွဲခန်းများ၊ စက်မှုဝန်ကြီးဌာနရှိ ဓာတ်ခွဲခန်းများ ၊ တိုင်းနှင့် ပြည်နယ်များရှိ MSME လုပ်ငန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းအမျိုးအစားများ၊ မြန်မာ့ SME များရှင်သန်ဖွံဖြိုးတိုးတက်လာစေရန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် ဥပဒေအမိန့်ညွှန်ကြားချက်များနှင့်အညီဆောင် ရွက်ရန်လိုအပ်မှု၊ ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုပေးနိုင်သည့်အခြေအနေနှင့် MSME လုပ်ငန်းများအတွက် ပို့ချမည့်သင်တန်းများ၊ သုတေသနဌာနခွဲ(ပြင်ဦးလွင်)ဖြစ်ပေါ်လာပုံနှင့် ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုပေးနိုင်မှု၊ ဓာတ်ခွဲခန်းဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုလက် မှတ်(ISO 17025:2017)ရရှိရေးဆောင်ရွက်နေမှုနှင့် အဏုဇီဝဓာတ်ခွဲခန်းလိုအပ်မှုတို့ကိုလည်း ရှင်းလင်းတင် ပြခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတမှ ပြင်ဦးလွင်ဒေသသည် MSME လုပ်ငန်းများစွာရှိ၍ စားသောက်ကုန်ဓာတ်ခွဲခန်း ဆောင်ရွက်ပေးခြင်းသည် များစွာအကျိုးရှိဖြစ်ပေါ်စေမည်ဟုပြောကြားပြီးနောက် သုတေသနဌာနခွဲ(ပြင်ဦးလွင်)အတွင်း MSME လုပ်ငန်းများမှလက်ခံရရှိသော နမူနာပစ္စည်းများအား ဓာတ်ခွဲစမ်းသပ်ထားရှိမှုနှင့်ဓာတ် ခွဲစမ်းသပ်နေမှုအဆင့်ဆင့်အားကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံတော် ယာယီသမ္မတသည် မန္တလေး-လားရှိုးလမ်းမကြီးမှ ဇီးပင်ကြီးကျေးရွာနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းသို့ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်မည့် လျာထားလမ်းအူကြောင်းနေရာတစ်လျှောက်ကိုလည်းကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲပြီး အဆင့်မီသည့်လမ်းဖြစ်ပေါ် လာစေရေး၊ ဒေသခံများအဆင့်မီမီအသုံးပြုသွားလာနိုင်ရေးစနစ်တကျတွက်ချက်ဆောင် ရွက်ရန်မှာကြားခဲ့သည်။

image

မြန်မာပြည်တွင်အကြီးဆုံး Curved LED Display တပ်ဆင်ထားသည့် သုမင်္ဂလာဈေး(ညံတောဈေး)အဆင့်မြင့်ဈေးသစ်တည်ဆောက်နေမှုကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေးဖြစ်၍ ဈေးရောင်းချမှုများစနစ်တကျဖြစ်ရန်လို
မြန်မာပြည်တွင်အကြီးဆုံး Curved LED Display တပ်ဆင်ထားသည့် ပြင်ဦးလွင်မြို့ရှိ သုမင်္ဂလာဈေး(ညံတောဈေး)အဆင့်မြင့်ဈေးသစ်တည်ဆောက်နေမှုကို နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၅ ရက်ကကြည့်ရှုစစ်ဆေးခဲ့သည်။
မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ အဆင့်မြင့်ဈေးသစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းအဆင့် ဆင့်အလိုက်ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ အထပ်အလိုက်ဆိုင်ခန်းများဖွင့်လှစ်နိုင်ရေးလျာထားဆောင်ရွက်လျက်ရှိမှု၊ မြန်မာပြည်တွင်အကြီးဆုံး Curved LED Display နှင့် အဆောက်အဦ မျက်နှာစာများလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ အလှမီးဆိုင်းများထည့်သွင်းထားရှိမှု၊ ယာဉ်ရပ်နားသည့်နေရာများဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် Solar System ဖြင့် စီမံကိန်းတစ်ခုလုံး၏ လျှပ် စစ်ဓာတ်အားလိုအပ်ချက်ကို Air Condition System မှလွဲ၍ ကျန်လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ၆ နာရီကြာပံ့ပိုးပေးနိုင်အောင်ထည့်သွင်းဆောင်ရွက်ထားရှိမှု၊ ရေဝင်ရေထွက်ကောင်းမွန်စေရေးနှင့် ရေဆိုးစွန့်ထုတ်မှုတို့အတွက်တွက်ချက်ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းအားသတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး၊ ဆောက် လုပ်မှုစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေး ကြပ် မတ်ဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နိုင်ငံတော် ယာယီသမ္မတမှ သုမင်္ဂလာဈေး (ညံတောဈေး)အဆင့်မြင့်ဈေးသစ်စီမံကိန်းကို ပြင်ဦးလွင်မြို့၏ လူနေမှုထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့်ကိုက်ညီသည့် အဆင့်မီဈေးတစ်ခုဖြစ်ပေါ်လာစေရန်၊ ဒေသထွက်နှင့် အခြေခံသုံးကုန်ပ စ္စည်းများကို တစ်နေရာတည်းတွင်တစ်စုတစ်စည်းတည်းရရှိနိုင်စေရန်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ထို့ကြောင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီသည့်အ ဆင့်မြင့်ဈေးဖြစ်၍ ဈေးရောင်းချမှုများမှာ စနစ်တကျဖြစ်ရန်နှင့် အဆင့်မီရန်လိုသည်ဟု ပြောကြားပြီးနောက် သုမင်္ဂလာဈေး(ညံတောဈေး)အဆင့်မြင့်ဈေးသစ်တည် ဆောက်ရေးစီမံကိန်းအတွင်း လုပ်ငန်းအကောင်အ ထည်ဖော်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သုမင်္ဂလာဈေး(ညံတောဈေး)အဆင့်မြင့်ဈေးသစ်အ ဆောက်အဦမျက်နှာစာတွင် အလျား(၁၆၅)ပေ၊ အနံ (၆၁)ပေ နှင့် (၁၄၅)ဒီဂရီရှိ မြန်မာပြည်တွင်အကြီးဆုံး Curved LED Display ကိုတပ်ဆင်ထားပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေးသစ်အ ဆောက်အအုံကြီးဖြစ်သည်။

image

ထိုင်းဘုရင်မင်းမြတ် မွေးနေ့ နှင့် ထိုင်းအမျိုးသားနေ့ အခမ်းနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်

ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိလော အဒူလျာဒက်ဂျ် ၏ မွေးနေ့ နှင့် ထိုင်းနိုင်ငံ အမျိုးသားနေ့၊Thailand’s Father’s Day အထိမ်းမှတ်အခမ်းနားကို ယနေ့ ဒီဇင်ဘာ(၅)ရက်နေ့၌ ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံအမတ်ကြီးနေအိမ် ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းနားကို မြန်မာနိုင်ငံလုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး က ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ‌မောင်မောင်အေး နှင့် ဧည့်ခံပွဲတက်ရောက်လာကြသူများကို ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထိုပြင် အဆိုပါ အခမ်းနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေ နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် နိုင်ငံခြားသံရုံးမှ သံအမတ်ကြီးများ သံရုံးတာဝန်ရှိသူများ နှင့် ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

image

ရွှေဆိုင်များအနေဖြင့် သိန်း(၁ဝဝဝ)အထက်အရောင်းအဝယ်ပြုလုပ်ပါက ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ သို့ သတင်းပေးပို့ရမည်

ရွှေဆိုင်များအနေဖြင့် သိန်း (၂ဝဝ) ကျော်လျင် (MMQR) စနစ်ဖြင့်ငွေပေးချေမှုများ ပြုလုပ်ရမည်ဖြစ်ပြီး သိန်း(၁ဝဝဝ)အထက်အရောင်းအဝယ် ပြုလုပ်ပါက ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့(AML/CFT) သို့ မပျက်မကွက် သတင်းပေးပို့ရန် ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းက ထုတ်ပြန်ထားသည်။
ထို့ပြင် သတ်မှတ်ထားသော စံချိန်စံညွှန်းကိုက်ညီသည့် ဓာတ်သတ္တု(ရွှေ) ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)ဖြင့်သာ ရောင်းဝယ်ရမည်ဖြစ်ပြီး တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊နည်းဥပဒေများ၊စည်းမျဉ်းများနှင့်အညီ အခွန်ထမ်းဆောင်သူ၊ ရွှေဝယ်ခြင်း/ရောင်းခြင်းနှင့်သက်ဆိုင်သော ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုများကို ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရွှေလုပ်ငန်းရှင်များမှ အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိ(Compliance Officer) ခန့်အပ်ထားရန်နှင့် ခန့်အပ်ထားပြီးသည့် အထောက်အထားအား ရွှေဆိုင်တွင်ထားရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်ရယူထားရမည်ဖြစ်သည်။
ယင်းအပြင် အွန်လိုင်းစနစ်ဖြင့် ရောင်းချပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ်လျှောက်ထားရယူရမည်ဖြစ်ကာ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတွင် ရွှေရောင်းဝယ်ခြင်းအတွက်လျှောက်ထားသော လုပ်ငန်းတည်နေရာတွင်သာ ရွှေရောင်းဝယ်ခြင်းပြုလုပ်ရမည်ဖြစ်သည်။
နေ့စဉ်/လစဉ် အရောင်းအဝယ်စာရင်းနှင့်လက်ကျန်စာရင်းအချုပ်များကို သက်ဆိုင်ရာ ကနဦးီစစ်ရေးအဖွဲ့ သို့ လစဉ် လဆန်း(၅)ရက်အတွင်း မပျက်မကွက်တင်ပြရမည်ဖြစ်ပြီး ရွှေဈေးကွက်မတည်ငြိမ်စေရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း/ရောင်းဝယ်ခြင်း/ဝယ်ယူခြင်း မပြုလုပ်ရန်လည်း သတိပေးထားသည်။
ရွှေဈေးနှုန်းအပြောင်းအလဲများမဖြစ်စေရန်နှင့် ရွှေဈေးကွက်တည်ငြိမ်စေရန်အတွက် ရွှေဆိုင်များအနေဖြင့် ကံစမ်းမဲများနှင့် အလားသဏ္ဌာန်ဆောင်သည့် နည်းလမ်းများမပြုလုပ်ရန်၊ လက်ရောက်ရွှေလွှဲပြောင်းခြင်းနှင့် ခွင့်ပြုထားသောရောင်းဝယ်သည့်နည်းလမ်းမှလွဲ၍ ရွှေကိုသဏ္ဌာန်ဆောင် ရောင်းချခြင်း၊ ကြိုရောင်းကြိုဝယ်(လေပတ်ကား)ရောင်းချခြင်းနှင့် တရားမဝင်ရောင်းဝယ်မှုများ မပြုလုပ်ရန်၊ ရွှေဆိုင်များအနေဖြင့် နေ့စဉ် ဝယ်ခြင်း/ရောင်းခြင်းဆက်သွယ်ဆောင်ရွက်မှုများအတွက် သက်ဆိုင်သော Ledger စာအုပ်များအား YGEA အသင်းရုံးတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
လိုင်စင်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရွှေရောင်းဝယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်လည်း အသိပေးထားသည်။
ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကနဦးစိစစ်ရေးအဖွဲ့များသို့ လျှောက်ထားဆဲရွှေဆိုင်များသည် လုပ်ငန်း လိုင်စင်မရရှိသေးမီကာလအတွင်း ၄င်းတို့လျှောက်ထားသည့်လုပ်ငန်းတည်နေရာတွင် ဖွင့်လှစ်ခွင့်ရှိကြောင်းလည်း သိရသည်။

image

အာကာသပြတိုက် ရန်ကုန်သို့ လာရောက်လေ့လာကြသူများပြား

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)အား ဖွင့်လှစ်ပြီး ငါးရက်အတွင်း လူငယ်များ စိတ်ဝင်တစားလာရောက်ကြည့်ရှုကြသည်ကို တွေ့ရသည်။
ထို့ပြင်နိုင်ငံခြားသားများလည်း လာရောက်ကြည့်ရှုခဲ့ကြောင်းလည်း တွေ့ရသည်။
အာကာသပြတိုက် ရန်ကုန်ကို (နိုဝင်ဘာ ၃၀ ရက်)နံနက်ပိုင်းက မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြတိုက်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ၍ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
အာကာသပြတိုက်(ရန်ကုန်)သည် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်ဖွင့်လှစ်ထားရှိပြီး ယခင် နက္ခတ်တာရာပြခန်းအား ခေတ်နှင့်အညီဖြစ်စေရန် အဆင့်မြှင့်တင်ပြန်လည်မွန်းမံ၍ အာကာသပြတိုက်(ရန်ကုန်)အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ပြတိုက်အတွင်း၌ Deep Space Exploration ပြ ခန်း၊ Space Station ပြခန်းနှင့် အာကာသတွင်းစေလွှတ်ခဲ့သည့် ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာသည့် အာကာသယာဉ်နှင့်ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများစသည့် အာကာသဆိုင်ရာများအား ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

image

အောင်ပန်း ပြည်ထောင်စုလမ်းမကြီးပေါ်၌ ကားနှစ်စီးတိုက်ပြီး အမျိုးသမီး(၂)ဦးဒ-ဏ်ရာရ

ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ ဒီဇင်ဘာ ၆ ရက်နံနက် ၈ နာရီခွဲခန့်က ကားနှစ်စီးတိုက်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အောင်ပန်းမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် ၇၈/၅ နှင့် ၇၈/၆ ကြားတွင် ခရီးသည်တင် Express ကားနှင့် Nissan Atlas ကားတို့တိုက်မိကာ Nissan Atlas ကားပေါ်တွင် အမျိုးသမီး(၂)ဦးညပ်နေသဖြင့် အောင်ပန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ကားအတွင်းညပ်နေသည့် အမျိုးသမီး(၂)ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီးနောက် မဟာလူမှုကယ်ဆယ်ရေးအသင်းနှင့် အောင်ပန်းနာရေးကူညီမှုအသင်းတို့မှ အောင်ပန်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image