အထူးစစ်နည်းဗျူဟာတွေကို ခေတ်နဲ့အညီကျင့်သုံးနိုင်ဖို့ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြား

နည်းပညာခေတ်ဖြစ်၍ စစ်နည်းဗျူဟာများပြောင်းလဲကျင့်သုံးနိုင်ရေး သုတေသနပြုဆောင်ရွက်နေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ကျိုင်းတုံတပ်နယ်ရှိ နယ်မြေခံတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းအားကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်းဖြစ်သည်။
" ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်တဲ့အတွက် နေ့ စဉ်နဲ့အမျှပြောင်းလဲတိုးတက်လာနေတဲ့ စစ်ဘက်အသုံးအဆောင်ပစ္စည်းတွေအပေါ်မူတည်ပြီး စစ်နည်းဗျူဟာတွေကို ပြောင်းလဲကျင့်သုံးနိုင်ဖို့ သုတေသနပြုဆောင်ရွက်နေရပါမယ်။ သမားရိုးကျစစ်နည်းဗျူဟာတွေကို ခေတ်နဲ့အညီ မွမ်းမံနိုင်ဖို့နဲ့ အထူးစစ်နည်းဗျူဟာတွေကို ခေတ်နဲ့အညီကျင့်သုံးနိုင်ဖို့ဆောင်ရွက်ရပါမယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ထို့ပြင် နည်းပြများအနေဖြင့်လည်း စံနမူနာပြဖြစ်နေရမည်ဖြစ်ပြီး မိမိတို့တာဝန်ယူရသည့် ဘာသာရပ်များအလိုက်ကျွမ်းကျင်ပိုင်နိုင်သူများဖြစ်ရန်လိုကာ သင်တန်းသားများ၏ နေရေး၊ ထိုင်ရေး၊ စားရေးတို့ကိုလည်း အဆင်ပြေချောမွေ့ မှုရှိအောင်စီမံဆောင်ရွက်ပေးရမည့်နည်းတူ ရပိုင်ခွင့်များအားလုံးရရှိအောင်လည်း ကြပ်မတ်ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။
ထို့အတူ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း များ၏တာဝန်မှာ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်သည်တစ်ဦးချင်းစီ၏ အရည်အသွေးများတိုးတက်လာအောင်လေ့ကျင့်ပေးခြင်းဖြစ်ရာ လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်ပါက လုံးဝလျှော့ပေါ့၍ရမည်မဟုတ်ဘဲ စနစ်တကျဖြင့် ကြပ်မတ်လေ့ကျင့်ရန်လိုကာ လေ့ကျင့်သားပြည့်ဝမှသာ တိုက်ရည်ခိုက်ရည်နှင့် ရဲစွမ်းသတ္တိများကောင်းမွန်လာမည်ဖြစ်ပြီး လက်တွေ့စစ်မြေပြင်တွင် ကောင်းမွန်သည့်ရလာဒ်ကိုဖော်ဆောင်နိုင်မည်ဟု ပြောသည်။
" သင်တန်းကျောင်းမှာ လက်တွေ့စစ်မြေပြင်သဖွယ်ဖန်တီးပြီး လေ့ကျင့်ပေးဖို့လိုပါတယ်။ သင်တန်းကျောင်းတွေက စနစ်တကျလေ့ကျင့်မွေးထုတ်ပေး လိုက်နိုင်မှသာ စစ်သည်တော်ကောင်းတွေရရှိလာမှာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် မိမိတို့ လေ့ကျင့်မွေးထုတ်ပေးလိုက်သည့်စစ် သည်တော်များသည် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံ့ခိုင်သန်စွမ်းသူများဖြစ်ရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုနိုင်ရမည်ဖြစ်ကာ နိုင်ငံတော်ကာကွယ်ရေးအခန်းကဏ္ဍသည် အလွန်ကျယ်ပြန့်၍ လေ့ကျင့်ရေးတာဝန်များကို အလေးအနက်ထားဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

image

မြန်မာနိုင်ငံ၏အခက်အခဲများစွာကို သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့ဟု ယာယီသမ္မတ ပြော

အခက်အခဲများစွာကို သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်တာဝန်ရှိကာ မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ရယူခဲ့စဉ် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်လျက်ရှိပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းအချို့အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့ လုပ်ငန်းခွင်စွန့်ခွာမှုများကြောင့် အခက်အခဲအကြပ်အတည်းများစွာကိုရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ဟု ပြောသည်။
ထို့ပြင် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရမဖြေရှင်းဘဲ နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့်ဖြစ်ပေါ်လာသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည့်အပြင် ရေကြီးရေလျှံမှုများ၊ လေပြင်းတိုက်ခတ်မှုများ၊ ငလျင်လှုပ်ခတ်မှုများကိုလည်းကြုံတွေ့ခဲ့ရသည်ဟုဘပြောသည်။
" မိမိတို့အနေနဲ့ အဲဒီလို အခက်အခဲ၊ အကြပ်အတည်းပေါင်းစုံတွေကြားက သစ္စာရှိနိုင်ငံ့ဝန်ထမ်းတွေ၊ တည် ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပါတယ်။ မိမိတို့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးအရပေးထားတဲ့ ကတိတွေအတိုင်းဆက်လက်အကောင်အထည်ဖော်ဆောင်သွားမှာပါ"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်ရမည်ဖြစ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် ပညာရေးကို ဆက် လက်အားပေးဆောင်ရွက်ရန်လိုကာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်သူများ၊ တာဝန်ထမ်းဆောင်နေသူများအားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသတစ်ခုချင်းဖွံ့ ဖြိုးတိုးတက်မှုမှတဆင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ တွေ့ဆုံပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေး(MSME)လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား ပြခန်းတစ်ခုချင်းစီအလိုက်ကြည့်ရှုခဲ့သည်။

image

ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် နှစ်စဉ် ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်းသည် တိုင်းပြည်အတွက် နစ်နာမှုပင်ဖြစ်
ပြည်တွင်း၌ ဆီထွက်သီးနှံများ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်သည်ဖြစ်သဖြင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုပမ်းဆောင်ရွက်သွားရန်လိုအပ်

ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် နှစ်စဉ်ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်းသည်လည်း တိုင်းပြည်အတွက် နစ်နာမှုပင်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများသည် ပြည်တွင်း၌ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်သည်ဖြစ်သဖြင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း မြန်မာနိုင်ငံ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့၌ ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံစဉ် ယာယီသမ္မတ က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်နေကြောင်း တိုင်းပြည်၏ စီးပွားရေးတက်စေလိုပါက အမှန်တကယ်လုပ်လုပ်ကြရန်လိုအပ်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ကပြောကြားခဲ့သည်။
ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေရမှုများ များစွာလျော့ကျလာမည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေးသည်လည်း တက်လာမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထိုပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လူဦးရေ ၁ သန်းခန့်ရှိပြီး ဒေသတွင်းစားရေးဖူလုံမှုကို ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ ဒေသတွင်းလိုအပ်ချက်နှင့်ထုတ်လုပ်မှု မျှတမှုမရှိပါက ကုန်ဈေးနှုန်းများကြီးမြင့်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း နှင့် ဒေသတွင်းနေထိုင်ကြသူများစားရေးကို သက်သာစွာဖြင့်ဝယ်ယူစားသုံးနိုင်ရေး ဒေသတွင်းစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဖူလုံစွာထုတ်လုပ်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့သည်။

image

တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများသည် မိမိတို့သဘောဆန္ဒအလျောက် ဝင်ရောက်လာကြခြင်းဖြစ်
နိုင်ငံကို ကာကွယ်လိုသည့်စိတ်ဖြင့် ဝင်ရောက်လာသည့် တပ်မတော်သားများအားလုံးကို အသိမှတ်ပြု

တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများသည် မိမိတို့၏ သဘောဆန္ဒအလျောက် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကပြောသည်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းက တပ်နယ်ရှိ အရာရှိစစ်သည်မိသားစုများကို ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်နေ့က တွေ့ဆုံစဉ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုအတူ နိုင်ငံ‌တော်ကို ကာကွယ်လိုသည့်စိတ်ဖြင့် ဝင်ရောက်လာကြည့်သည့် တပ်မတော်သားများအားလုံးကို မိမိအနေဖြင့် အသိမှတ်ပြုကြောင်း တပ်မတော်သားများ၏ ဝတ်စားဆင်ယင်မှုမှ အစ စားသောက်နေထိုင်ရေးထိ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကပြောသည်။
တပ်မတော်သားများ အားလုံးသည် မိမိတို့ အသက်အရွယ်နှင့်လျော်ညီသည့် ကျန်းမာကြံခိုင်မှုများရှိရန်လိုအပ်ကြောင်းနှင့် အမျိုးသားများအပြင် အမျိုးသမီးစစ်မှုထမ်းများ သည်လည်း တပ်မတော်အတွင်း သို့ ဝင်ရောက်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်လျက်ရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကပြောကြားခဲ့သည်။
တပ်မတော်သားများအနေဖြင့် အမြဲတိုက်ပွဲဝင်အသင့်ဖြစ်စေရေး ကိုယ်ခန္ဓာကြံ့ခိုင်မှုများ ရှိရန် လိုအပ်သကဲ့သို့ ရဲစွမ်းသတ္တိရှိရန်လည်း ‌လေ့ကျင့်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စစ်မြေပြင်တွင် မိမိတို့သင်ကြားထားသည့် စစ်အတတ်ပညာများကို အပြည့်အဝအသုံးချနိုင်ရန်လိုအပ်ကြောင်းလည်း တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကပြောကြားခဲ့သည်။

image

လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်ရေးအတွက် တစ်ဦးလျှင် အများဆုံးကျပ်(၁၀)သိန်းနှုန်းဖြင့် ထောက်ပံပေးလျက်ရှိ

လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးအတွက် ၄င်းတို့ ဆောင်ရွက်လိုသည့် ဒေသနှင့်ကိုက်ညီသော ဝင်ငွေရလုပ်ငန်းများဆောင်ရွက်ရန် အသက်မွေးဝမ်းကျောင်းနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ကျန်းမာရေး၊ပညာရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းစသည့်လုပ်ငန်းများအတွက် တစ်ဦးလျှင် အများဆုံးကျပ်(၁၀)သိန်း နှုန်းဖြင့် ထောက်ပံပေးနေကြောင်း သိရသည်။
ပြန်လည်ထူထောင်ရေးဦးစီးဌာန ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံပေးနေခြင်းဖြစ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းထူထောင်နိုင်‌ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီခြင်းဖြင့် နောက်ထပ် လူကုန်ကူးခံရခြင်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ကပြောသည်။
ယမန်နေ့က လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းအစည်းအဝေးကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိ လူကုန်ကူးခံရသူများအတွက် ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများကို မူဆယ်၊ မန္တလေး၊ မြဝတီ၊ကော့သောင်းနှင့် ရန်ကုန်မြို့တို့၌ ဖွင့်လှစ်ထားပြီး ဂေဟာမရှိသည့်ဒေသများ၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများတွင် ယာယီလက်ခံစောင့်ရှောက်ပေးနေကြောင်း သိရသည်။

image

ရန်ကုန်နှင့် စစ်ကိုင်းတွင် ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေး

လာမည့်ဇန်နဝါရီ(၂၅)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၃)ကို ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းတို့ ၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးမှုများကို ယမန်နေ့က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းရှိ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် တာဝန်ရှိသူများက တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသားလွယ်ကူစွာမဲပေးနိုင်ရးအတွက် စီမံဆောင်ရွက်ထားမှုများနှင့် မဲဆန္ဒရှင်ပြည်သူများ သွားလာရေးလွယ်ကူစေရန် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်နိုင်ရေးအတွက်လည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးမှုကို စစ်ကိုင်းတိုင်းအစိုးရရုံး၌ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး လုပ်ငန်းများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲအပိုင်း(၃)တွင် ရန်ကုန်တိုင်း၌ မြို့နယ်(၁၇)မြို့နယ်တွင် ကျင်းပမည်ဖြစ်ပြီး စစ်ကိုင်းတိုင်း၌ (၂)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

image

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ရုံးစာရွက်စာတမ်းအတုလုပ်သူများအား ဖမ်းမိ
----------------------------

ရန်ကုန်တိုင်းဒေသကြီးမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ၊ ဌာနဆိုင်ရာ ရုံးစာရွက်စာတမ်းတွေ လိမ်လည် အတုပြုလုပ်သူတွေကို ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်က ဇန်နဝါရီ ၁၄ ရက် ညနာ ၆နာရီခွဲအချိန်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗထူး (၁၁)လမ်းရှိ နေအိမ်တစ်အိမ်ကနေ အမျိုးသားနှစ်ယောက်နဲ့အတူ ပြုလုပ်ပြီးနိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၄၅ ခု၊ ပြုလုပ်ဆဲနိုင်ငံသားစိစစ်ရေးကတ်ပြားအတု အခု ၁၁၀၊ သာသနာစိစစ်ရေးကတ်ပြားအတု ၃ ခု၊ ပြစ်မှု ကင်းရှင်းကြောင်းရဲစခန်းထောက်ခံစာအတု အခု ၁၂၀၊ ရပ်ကွက်ထောက်ခံစာအတု ၄ရွက်၊ ကျောင်းထောက်ခံစာ အတု ၃ ခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ၅၃ ခု၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားအတု အခု ၁၁၀၊ ဌာန ဆိုင်ရာ/ရုံးတံဆိပ်အတု ၁၈ ခု၊ လက်ကိုင်ဖုန်း ၁လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းမိတဲ့အမျိုးသား၂ယောက်ကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အလားတူ ည၈နာရီအချိန်မှာ ရွှေပြည်သာမြို့နယ်၊ (တ/၁၅)ရပ်ကွက်၊ ရေအိုးစင်လမ်းက နေအိမ်တစ်အိမ်မှာ လည်း အမျိုးသားနှစ်ဦးနဲ့အတူ ပြုလုပ်ပြီးနိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၉ ခု၊ ပြုလုပ်ဆဲနိုင်ငံသားစိစစ်ရေး ကတ်ပြားအတု ၈ ခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ၄ ခု၊ ဌာနဆိုင်ရာ/ရုံးတံဆိပ်အတု ၁၂ ခု၊ လက်ကိုင်ဖုန်း ၂လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဉ်မှာ ဖမ်းမိတဲ့အမျိုးသား၂ယောက်ကိုလည်း လှော်ကားနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

image

မြန်မာ-ရုရှား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် ယခုလ ၂၇ရက်နေ့တွင် စတင်မည်
-------------------------

မြန်မာ-ရုရှား နှစ်နိုင်ငံအပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ဟာ ဇန်နဝါရီ ၂၇ ရက်ကစပြီး အသက်ဝင်မှာဖြစ်တယ်လို့ စိန့်ပီတာစဘတ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေအတွက် အပြန်အလှန် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုရေးဆိုင်ရာ သဘောတူစာချုပ်ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ၂၀၂၅ ခုနှစ် အောက် တိုဘာ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လာမဲ့ ဇန်နဝါရီ ၂၇ ရက်ကစပြီး မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင် ဆောင်သူတွေအတွက် ရက်ပေါင်း ၃၀အထိ နေထိုင်ခွင့်ရှိတဲ့ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် ရရှိတော့မှာဖြစ် တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

image

ရန်ကုန်တွင် အင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်
-----------------------------------

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့အနီးကို ဗဟိုပြုပြီး ဇန်နဝါရီ ၁၉ ရက် ည ၁၀နာရီ ၁၃မိနစ် ၅၇ စက္ကန့်အချိန် က အင်အား ရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီငလျင်ဟာ တိုက်ကြီးမြို့ရဲ့ အနောက်တောင်ဘက် ၁၈ မိုင်ခန့်အကွာ၊ အနက် ၁၀ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်က မြို့နယ်အများစုမှာ အခုလှုပ်ခတ်သွားတဲ့ ငလျင်ကို သိသာစွာ ခံစားလိုက်ရတယ်လို့ ရန်ကုန်မြို့နေပြည် သူတချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ငလျင်လှုပ်တာကို သိသာစွာခံစားလိုက်ရတဲ့အတွက် အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်သူတချို့ တိုက်အောက်ကို ပြေးဆင်းခဲ့ရတယ်လို့လည်း သိရပါတယ်။

image

မြန်မာ-တရုတ် အဂတိတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
--------------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး HE.Ms. Ma Jia ကို ဇန်နဝါရီ(၁၉)ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမမှာ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက် ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံရာမှာ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက် ရေးနဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်တွေ ဖလှယ်နိုင်ရေးဆိုင်ရာကိစ္စရပ်တွေကို အပြန် အလှန် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲကို အဂတိလိုက်စားမှုတိုက်ဖက်ရေးကော်မရှင်ဥက္ကဋ္ဌနဲ့အတူ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။

image