မြန်မာ-ရုရှား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် ယခုလ ၂၇ရက်နေ့တွင် စတင်မည်
-------------------------

မြန်မာ-ရုရှား နှစ်နိုင်ငံအပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ဟာ ဇန်နဝါရီ ၂၇ ရက်ကစပြီး အသက်ဝင်မှာဖြစ်တယ်လို့ စိန့်ပီတာစဘတ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေအတွက် အပြန်အလှန် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုရေးဆိုင်ရာ သဘောတူစာချုပ်ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ၂၀၂၅ ခုနှစ် အောက် တိုဘာ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လာမဲ့ ဇန်နဝါရီ ၂၇ ရက်ကစပြီး မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင် ဆောင်သူတွေအတွက် ရက်ပေါင်း ၃၀အထိ နေထိုင်ခွင့်ရှိတဲ့ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် ရရှိတော့မှာဖြစ် တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

image

ရန်ကုန်တွင် အင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်
-----------------------------------

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့အနီးကို ဗဟိုပြုပြီး ဇန်နဝါရီ ၁၉ ရက် ည ၁၀နာရီ ၁၃မိနစ် ၅၇ စက္ကန့်အချိန် က အင်အား ရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီငလျင်ဟာ တိုက်ကြီးမြို့ရဲ့ အနောက်တောင်ဘက် ၁၈ မိုင်ခန့်အကွာ၊ အနက် ၁၀ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်က မြို့နယ်အများစုမှာ အခုလှုပ်ခတ်သွားတဲ့ ငလျင်ကို သိသာစွာ ခံစားလိုက်ရတယ်လို့ ရန်ကုန်မြို့နေပြည် သူတချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ငလျင်လှုပ်တာကို သိသာစွာခံစားလိုက်ရတဲ့အတွက် အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်သူတချို့ တိုက်အောက်ကို ပြေးဆင်းခဲ့ရတယ်လို့လည်း သိရပါတယ်။

image

မြန်မာ-တရုတ် အဂတိတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
--------------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး HE.Ms. Ma Jia ကို ဇန်နဝါရီ(၁၉)ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမမှာ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက် ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံရာမှာ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက် ရေးနဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်တွေ ဖလှယ်နိုင်ရေးဆိုင်ရာကိစ္စရပ်တွေကို အပြန် အလှန် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲကို အဂတိလိုက်စားမှုတိုက်ဖက်ရေးကော်မရှင်ဥက္ကဋ္ဌနဲ့အတူ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။

image

သိန္နီ နဲ့ နမ့်စလပ်ကြား တစ်သျှူးငှက်ပျော စိုက်ခင်းတွေပိုများလာပြီး စပါစိုက်ဖို့ အခက်ကြုံ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်နဲ့ နမ့်စလပ်ကြားဒေသမှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက တစ်သျှူးငှက်ပျော စိုက်ခင်းတွေကို အများအပြား ရင်းနှီးမြှုပ်နှံလာပြီး ဒေသခံ ခြံမြေပိုင်ရှင်တွေအနေနဲ့ ကိုယ့်မြေကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့် မရှိတော့ဘဲ အလုပ်သမားအဖြစ် ပြန်လည်လုပ်ကိုင်ရတဲ့ အနေအထား ဖြစ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အခုက ခြံရှင်က အလုပ်သမား ဖြစ်သွားတာ။ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ဝင်လာပြီးတော့ ဒေသခံမြေပိုင်ရှင် တယောက်က မြေဧက ၂ ဧက ရှိတယ်ဆိုရင် အဲဒီမြေ ၂ ဧကကို ဒေသခံက စိုက်မယ်။ သဘောက အမြတ်ဘယ်လောက် ဆိုပြီးပေါ့နော်။ မြေပိုင်ရှင်က အမြတ်တော့ရမယ်။ အလုပ်သမားအဖြစ်လည်း လုပ်ရမယ် ဆိုတဲ့ပုံစံမျိုးပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။
တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက မြေကို ငှားယူပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိန်းချုပ်လာတဲ့ အတွက် ဒေသခံခြံမြေပိုင်ရှင်တွေအနေနဲ့ ကိုယ့်မြေအပေါ် စီမံခန့်ခွဲ ဆုံးဖြတ်ချက်ချနိုင်တာတွေ မရှိတော့ဘူးလို့ သူက ပြောပါတယ်။
“မြေကို တရုတ်တွေ ငှားယူလိုက်ပြီး ဒေသခံ ခြံမြေပိုင်ရှင်တွေက အလုပ်သမားအနေနဲ့ ပဲလုပ်ရတဲ့ အနေအထားဖြစ်သွားတာပေါ့။ ခြံမြေပိုင်ရှင်တွေ ဘာမှ ဆုံးဖြတ်ချက် ချလို့ မရတော့ဘူး”လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ဒေသခံ တချို့က ငှက်ပျောစိုက်ပျိုးရေးကို လက်မခံချင်ပေမယ့် ဘေးပတ်ဝန်းကျင် လယ်ယာမြေတွေ ငှက်ပျော စိုက်ခင်းတွေ ဖြစ်လာပါက စပါးစိုက်ပျိုးဖို့ ရေ အခက်အခဲတွေကြုံလာနိုင်တာကြောင့် လက်ခံလိုက်ရတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
“တချို့က မြေရှင်တွေ မစိုက်ချင်ဘူး ဆိုရင်လည်း ဘေးပတ်ဝန်းကျင်က ငှက်ပျော ဖြစ်ဖြစ်၊ ကြံဖြစ်ဖြစ် အကုန်စိုက်လိုက်ပြီဆိုရင် လယ်ကွက်မှာ ရေမရတော့လို့ စပါးစိုက်လို့ မရတော့ဘူးလေ”လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ သိန္နီနှင့် နမ့်စလပ်ကြားမှာ ငှက်ပျောစိုက်ခင်းများလာသလို့ နမ့်ပေါင်ဒေသ တချို့နေရာတွေမှာလည်း တစ်သျှူးငှက်ပျော စိုက်ပျိုးလာတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နယ်စပ်တလျှောက်က ဒေသတွေမှာတော့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များက စိုက်ပျိုးရေးလုပ်ငန်းတွေကိုပါ ချုပ်ကိုင်လာနေပြီး မိရိုး ဖ လာ ဒေသ သဘာဝ စိုက်ပျိုးရေး စနစ်တွေ အများစု ပြောင်းလဲသွားတာကို တွေ့လာရပါတယ်။

image

မီချီဂန်ပြည်နယ်မှာ ယာဉ်အစီးရေ ၁၀၀ ကျော် ဆင့်တိုက်မှုဖြစ်ပွား

အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ပြည်နယ်မြောက်ပိုင်းရှိ ဆီးနှင်းဖုံးလွှမ်းနေတဲ့ လမ်းပေါ်မှာ ယာဉ်အစီးရေ ၁၀၀ ကျော် ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး လမ်းရှင်းလင်းရေး လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
I-196 လမ်းပေါ်မှာ ထရပ်ကားကြီးတွေနဲ့ ယာဉ်တွေဆင့်တိုက်မိပြီး ယာဉ်များစွာ လမ်းပေါ်ကနေ လမ်းကြောင်းလွဲ လျှောကျမှုတွေ ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရခဲ့သူတွေရှိပေမယ့် သေဆုံးသူမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ယာဉ်တိုက်မှုမဖြစ်ပွားမီ တနာရီလျှင် ၃၂ မှ ၄၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နေချိန် ဆီးနှင်းတွေ ကျဆင်းမှုကြောင့် ရှေ့ရှိကားတွေကို မမြင်ရတော့ဘူးလို့ ပက်ဒရိုမက်တာဂျူနီယာ ဆိုသူက ပြောပါတယ်။ သူရဲ့ ပစ်ကပ်ကားကို ဘေးကင်းစွာရပ်တန့်နိုင်ခဲ့ပေမယ့် နောက်မှတိုက်မိတာတွေကို ရှောင်ရှားဖို့ လမ်းဘေးကို ထိုးချခဲ့ရတယ်လို့ ပြောပါတယ်.
တနင်္လာနေ့မနက်ပိုင်း ဒီဖြစ်ရပ်မှာ ကုန်တင်ကား ၃၀ မှ ၄၀ အထိ စုပုံပြီး ပုံမှန်အားဖြင့် ယာဉ်ကြောရှုပ်ထွေးနေတဲ့ ပြည်နယ်အဝေးပြေးလမ်းမကြီးကို နာရီပေါင်းများစွာကြာမြင့်အောင် ပိတ်ခဲ့ရပါတယ်။
အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ယာဉ်မောင်းတွေအနေနဲ့ အရှိန်လျှော့မောင်းဖို့ အာဏာပိုင်တွေက တိုက်တွန်းခဲ့ပြီး ဆောင်းရာသီမုန်တိုင်းဟာ ဒေသတွင်းမှာ ဆီးနှင်းတွေဆက်လက်ကျဆင်းနေပြီး လေအေးတွေကြောင့် အပူချိန် အနုတ် ၂၂ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ဆီးနှင်းကျဆင်းမှု လေးလက်မအထိ ရှိနိုင်မယ်လို့ အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းထားပြီး မီချီဂန်အနောက်တောင်ပိုင်းနဲ့ အနောက်ပိုင်းအလယ်ပိုင်းဒေသတွေမှာ အခြေအနေပြင်းထန်ပါတယ်။ အဲဒီဒေသတွေကို လတ်တလောမှ ခရီးသွားလာခြင်းမပြုဖို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

image

ဂျပန်အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာ

ဂျပန်ဝန်ကြီးချုပ် တာကာအိချိဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကို ဖျက်သိမ်းဖို့ အစီအစဉ်တွေကို ပြီးခဲ့တဲ့နေ့က ထုတ်ဖော်‌ ကြေညာလိုက်ပါတယ်။
"ဇန်နဝါရီ ၂၃ ရက်မှာ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် မဲဆွယ်စည်းရုံးရေးတွေ စတင်မှုကို ဇန်နဝါရီ ၂၇ ရက်၊ မဲပေးတာနဲ့ မဲ ရေတွက်တာတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ် "လို့ ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ခေါင်းဆောင်ပြောင်းလဲမှုတွေ မကြာခဏရှိနေပေမယ့် ဆယ်စုနှစ်များစွာ အဓိကပြိုင်ဘက်မရှိဘဲ နိုင်ငံကို အုပ်ချုပ်နိုင်ခဲ့ပါတယ်။ တာကာချိကို အောက်တိုဘာလမှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး သူမရဲ့ပါတီကို လူကြိုက်မှုတွေ ကျဆင်းနေပေမယ့် မဲရလဒ်တွေကတော့ မြင့်မားစွာရှိနေပါတယ်။
ဒါပေမယ့် ညွန့်ပေါင်းမိတ်ဖက် Japan Innovation Party (JIP) ပါဝင်တဲ့ သူမရဲ့ အာဏာရညွှန့်ပေါင်းအဖွဲ့ဟာ ဩဇာကြီးမားတဲ့ အောက်လွှတ်တော်မှာ အများစုနေရာကို များစွာကွာဟခြင်းမရှိပါဘူး။ ဒါဟာ ဘဏ္ဍာရေးအသုံးစရိတ်နဲ့ ကာကွယ်ရေးဘတ်ဂျက်ကို မြှင့်တင်တာအပါအဝင် သူမရဲ့ မူဝါဒအစီအစဉ်တွေ အတည်ပြုခြင်းအတွက် အဟန့်အတား ဖြစ်စေပါတယ်။
"လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ အောက်လွှတ်တော်မှာ အများစုနေရာရရှိပါက အခြားပါတီတွေနဲ့ ညှိနှိုင်းမှုမရှိဘဲ မူဝါဒများချမှတ်ရာမှာ အထောက်အကူဖြစ်စေလိမ့်မယ် " လို့ တိုကျိုတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ Sadafumi Kawato က ပြောပါတယ်။
တကာချီရဲ့ အစိုးရအဖွဲ့ဟာ ၂၀၂၆ ခုနှစ် ဧပြီလမှစတင်တဲ့ ဘဏ္ဍာရေးနှစ်အတွက် စံချိန်တင် ယန်း ၁၂၂.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၆၈ ဘီလီယံ) ဘတ်ဂျက်ကို အတည်ပြုခဲ့ပြီး ငွေကြေးဖောင်းပွမှုကို ဖြေရှင်းဖို့နဲ့ ကမ္ဘာ့စတုတ္ထအကြီးဆုံးစီးပွားရေးကို မြှင့်တင်ဖို့ လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို အမြန်ဆုံးရယူဖို့ ကတိပြုထားပါတယ်။

image

ရန်းနက်စ်နောက်ခံလူဂျက်ကက်အား ခေါ်ယူရန် ချဲလ်ဆီး ဆွေးနွေးနေ
==================

ချဲလ်ဆီးဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ရန်းနက်စ်ဗဟိုနောက်ခံလူဂျီရီမီဂျက်ကက်ကို ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ချဲလ်ဆီးဟာ ယခုလတွင်ပင် ခေါ်ယူရေးအတွက် ရန်းနက်စ်အပြင် နောက်ခံလူရဲ့ အေးဂျင့်နှင့် ဆွေးနွေးထားပါတယ်။ ဒါပေမယ့် ရန်းနက်စ်ဘက်က ပေါင်သန်း ၆၀ ကျော်အထိ တောင်းဆိုထားပါတယ်။
ပြင်သစ်ယူ-၂၁ လက်ရွေးစင်နောက်ခံလူကိုယ်တိုင်ကလည်း ချဲလ်ဆီးသို့ ပြောင်းရွှေ့ကစား‌ရေး စိတ်ဝင်စားနေပါတယ်။
ဒါ့အပြင် ချဲလ်ဆီးဟာ ဂျက်ကက်အပြင် ကိုမိုနောက်ခံလူဂျာကာဘိုရေမွန်နှင့် ဘုန်းမောက်နောက်ခံလူမာကို့စ်ဆီနီဆီတို့ကိုလည်း ခေါ်ယူရေး စိတ်ဝင်စားနေပါသေးတယ်။ ကိုမိုနောက်ခံလူကို ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားနေတာပါ။
ဆီနီဆီမှာ ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူ ဖြစ်ပြီး ဂျူဗင်တပ်ကလည်း စိတ်ဝင်စားနေပါတယ်။
ချဲလ်ဆီးဟာ နွေရာသီတုန်းက ဗဟိုနောက်ခံလူ အားဖြည့်ရေး ကြိုးပမ်းခဲ့ပေမယ့် အဓိကပစ်မှတ်ဒိန်းဟွိုက်ဆန်မှာ ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်သွားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ရာသီကြိုကာလတွင် လီဗီကိုလ်ဝဲလ် ဒူးဒဏ်ရာရရှိသွားမှုကြောင့် ခံစစ်ပြဿနာကြုံလာရတဲ့အပြင် ထရီဗိုချာလိုဘာနှင့် တိုဆန်အဒါရာဘီအိုယိုတို့ အနာဂတ်ကလည်း မရေမရာ ဖြစ်နေမှုကြောင့် ခံစစ်ကို အားဖြည့်ရန် လိုအပ်နေပါတယ်။

image

ဇင်ချန်ကိုအား အငှားဖြင့် ခေါ်ယူရေး အေဂျက်စ် ဆွေးနွေးနေ
===================

အေဂျက်စ်ဟာ အာဆင်နယ်နောက်ခံလူအိုလက်ဇန္ဒားဇင်ချန်ကိုအား အငှားဖြင့် ခေါ်ယူရေး ဆွေးနွေးနေပါတယ်။
ယူကရိန်းလက်ရွေးစင်ကစားသမားဟာ နော်တင်ဟမ်ဖောရက်စ်သို့ ရာသီအကုန်အထိ အငှားစာချုပ်ဖြင့် ကစားနေသူ ဖြစ်ပြီး ကလပ်ဘက်က စောစောစီးစီး လမ်းခွဲလိုနေပါတယ်။
ဒါပေမယ့် အာဆင်နယ်ဘက်က အငှားစာချုပ်အတွင်းတွင် ဇင်ချန်ကိုအား စောစောစီးစီး စာချုပ်ဖျက်သိမ်းနိုင်မယ့်အချက်မပါဝင်တဲ့အပြင် လူအင်အားမှာလည်း အလွန်တောင့်တင်းနေမှုနှင့်အတူ ပြန်လည်ခေါ်ယူလိုခြင်း မရှိပါဘူး။
ယင်းသို့ အခြေအနေကြောင့် အသက် ၂၉ နှစ်ရှိ ဇင်ချန်ကိုအနေဖြင့် အခြားကလပ်တစ်ခုသို့ အငှားဖြင့် သွားကစားရန်သာ ရွေးချယ်စရာ ရှိလာပါတယ်။
အေဂျက်စ်သို့ ပြောင်းရေး အဘက်ဘက်က သဘောတူညီမှု ရရှိလာပါက ဇင်ချန်ကိုဟာ အမ်းမရိတ်သို့ ပြန်ပြီးမှ အမ်စတာဒမ်သို့ ပြောင်းလာပါမယ်။
ဇင်ချန်ကိုဟာ နွေရာသီ အပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ဖောရက်စ်သို့ တစ်ရာသီ အငှားဖြင့် ပြောင်းပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၄ ပွဲတည်းသာ ပွဲထွက်ကစားခင့် ရထားပါတယ်။
သူဟာ ယခုရာသီအကုန်တွင် အာဆင်နယ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမယ့် သူလည်း ဖြစ်ပါတယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေဖြင့် ဂျပန်၊ ကူရာကာအိုတို့နှင့် ခြေစမ်းပွဲ ကစားမည်ဟု စကော့တလန် ကြေညာလာ
==================

စကော့တလန်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေဖြင့် နောက်ဆုံးအိမ်ကွင်းပွဲစဉ်များအဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားကြတဲ့ ဂျပန်၊ ကူရာကာအိုတို့နှင့် ခြေစမ်းပွဲကစားသွားမယ်လို့ ကြေညာလာပါတယ်။
စတိဗ်ကလပ်ခ်ဦးဆောင်တဲ့ စကော့တလန်ဟာ Hampden တွင် မတ်လ ၂၈ ရက်နေ့ စနေနေ့မှာ ဂျပန်နှင့်လည်းကောင်း၊ မေလ ၃၀ ရက်နေ့ စနေနေ့တွင် ကူရာကာအိုနှင့်လည်းကောင်း ခြေစမ်းသွားပါမယ်။
ကမ္ဘာ့အဆင့်ထိပ်ဆုံး ၂၀ ဝင် ဂျပန်အသင်းမှာ Hampden သို့ ပထမဆုံးအကြိမ် လာရောက်ကစားလာမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ ကမ္ဘာ့အဆင့် ၈၂ တွင် ရပ်တည်နေတဲ့ ကာရစ်ဘီယံကျွန်းနိုင်ငံ ကူရာကာအိုမှာလည်း ပထမဆုံးအကြိမ်အဖြစ် စကော့တလန်နှင့် ရင်ဆိုင်လာမှာ ဖြစ်ပါတယ်။
ဒတ်ချ်ပိုင်ဆိုင်တဲ့ ကူရာကာအိုအသင်းကို ရိန်းဂျားနှင့် နယ်သာလန်နည်းပြဟောင်းအက်ဗိုကက်က ကိုင်တွယ်နေတာပါ။
ဟာဂျီမီမိုရီယာဆုကိုင်တွယ်နေတဲ့ ဂျပန်အသင်းက လက်ရှိအချိန်တွင် စကော့တလန်ထက် ကမ္ဘာ့အဆင့် ၁၈ ဆင့် ရပ်တည်နေတာ ဖြစ်ပါတယ်။
သမိုင်းတွင် စကော့တလန်နှင့် ဂျပန်တို့ ၃ ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး ၂၀၀၉ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် တွေ့ဆုံတုန်းက ဂျပန်တို့ ၂-၀ ဖြင့် အနိုင်ရခဲ့ကာ ယခင်တွေ့ဆုံမှု ၂ ကြိမ်မှာ ဂိုးမရှိသရေကျခဲ့ပါတယ်။

image

အာဖရိကဖလားဗိုလ်လုပွဲအပြီးတွင် ဂျာနယ်လစ်များရဲ့လှောင်ပြောင်ခြင်းခံရပြီးနောက် သတင်းစာရှင်းလင်းပွဲမှ ဆီနီဂေါနည်းပြ ထွက်ခွာသွားခဲ့
===================

အာဖရိကဖလားဗိုလ်လုပွဲအပြီးတွင် ချန်ပီယံ ဆီနီဂေါအသင်းနည်းပြပါပီသီယော်ဟာ ဒေသခံမီဒီယာများရဲ့ လှောင်ပြောင်ခြင်းခံခဲ့ရပြီးနောက် သတင်းစာရှင်းလင်းပွဲအခန်းမှ ထွက်ခွာသွားခဲ့ပါတယ်။
မနေ့ညက အာဖရိကဖလားဗိုလ်လုပွဲတွင် အချိန်ပိုမှာ မော်ရိုကိုအား ပင်နယ်တီပေးမှုအပေါ် ကန့်ကွက်တဲ့အနေဖြင့် သီယော်ဟာ ဆီနီဂေါကစားသမားများကို အဝတ်အစားလဲခန်းအတွင်းသို့ ဝင်ရောက်ရန် ညွှန်ကြားခဲ့ပါတယ်။
သို့ရာတွင် ဆာဒေယိုမာနေးက ကစားဖော်များအား ကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖျောင်းဖျနိုင်ခဲ့ပြီးနောက် ဆီနီဂေါတို့ အနိုင်ဂိုး ရရှိကာ ဒုတိယအကြိမ်မြောက် အာဖရိကဖလားရရှိလာပါတယ်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် မော်ရိုကိုနည်းပြဝါလစ်ရီဂရာဂူမှာလည်း ရာထူးမှ နုတ်ထွက်ရန် တိုက်တွန်းခြင်းခံခဲ့ရပါတယ်။
Prince Moulay Abdellah Stadium တွင် အာဖရိကဖလားချန်ပီယံ ဖြစ်ပြီးနောက် ပါပီသီယော်ဟာ မီဒီယာစင်တာသို့ ရောက်လာချိန်တွင် နည်းဗျူဟာပိုင်းနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခြင်းခံရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။
ဒါပေမယ့် သီယော်ဟာ မီဒီယာစင်တာတွင် ရှိနေတဲ့ မော်ရိုကိုဂျာနယ်လစ်များရဲ့ လှောင်ပြောင်မှုများနှင့် ကြုံခဲ့ရပါတယ်။
သီယော်ဟာ ယင်းသို့ လှောင်ပြောင်မှုနှင့် ကြုံခဲ့ရပြီးနောက် မတ်တပ်ရပ်ကာ စကားမပြောတော့ဘဲ ထွက်ခွာသွားခဲ့ပါတယ်။
သီယော်ဟာ အာဖရိကဖလားဗိုလ်လုပွဲတွင် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အား ကန့်ကွက်တဲ့အနေဖြင့် ကစားသမားများအား အဝတ်အစားလဲခန်းအတွင်းသို့ ဝင်ရောက်ရန် ညွှန်ကြားမှုအတွက် အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူခြင်းခံလာရဖို့ ရှိနေပါတယ်။

image