လုပ်ခများစွာ လျှော့ယူကာ အငှားဖြင့် ထွက်ကစားရန် သဘောတူညီလာတဲ့ ဘာကာဂိုးသမားမာ့ခ်တာစတီဂန်
====================

ဘာစီလိုနာအသင်းခေါင်းဆောင်မာ့ခ်တာစတီဂန်ဟာ ရက်သတ္တပတ်အတန်ကြာ သတင်းများစွာ ထွက်ပေါ်လာပြီးတဲ့နောက် အသင်းပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။
ဂျာမန်ဂိုးသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပုံမှန်ပွဲကစားခွင့် ရရှိရေးအတွက် ကတ်တလန်ဒေသတွင် ပြိုင်ဘက် ဂီရိုနာသို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းရွှေ့ကစားရန် သဘောတူညီမှု ရရှိလာတာလည်း ဖြစ်ပါတယ်။
Cadena SER ရဲ့ ဖော်ပြလာမှုအရ ဂျာမနီလက်ရွေးစင်ကစားသမားဟာ ဂီရိုနာသို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းရေး ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်ပြီး အသေးအမွှားကိစ္စရပ်တို့ကိုသာ ဆွေးနွေးရန်သာ ကျန်ပါတော့တယ်။
မာ့ခ်တာစတီဂန်ဟာ ဂီရိုနာတွင် ဘာစီလိုနာတွင် ရရှိတဲ့ လုပ်ခမျိုး ရရှိလာမှာ မဟုတ်ဘဲ လုပ်ခများစွာ လျှော့ယူလာရပါမယ်။ ဒါပေမယ့် သူဟာ ဂီရိုနာတွင် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိမယ့် အာမခံချက်ကြောင့် အသင်းပြောင်းရန် သဘောတူညီလာတာလည်း ဖြစ်ပါတယ်။
ဂီရိုနာဟာ မာ့ခ်တာစတီဂန်အား ခြောက်လစာ လုပ်ခ ယူရို ၁ သန်းသာ ပေးလာရပါမယ်။
တဖက်တွင် ဘာစီလိုနာကလည်း သုံးဖက်သုံးတန် အဆင်ပြေစေရေးအတွက် ကြားဝင်ညှိနှိုင်းပေးမုများ ပြုလုပ်ပေးခဲ့ပါသေးတယ်။
အသက် ၃၃ နှစ်ရှိ တာစတီဂန်ဟာ ဘာစီလိုနာတွင် ပုံမှန်ကစားခွင့် ရရှိနေခြင်း မရှိမှုနှင့်အတူ ဂျာမနီနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားတွင် ပါဝင်ရေး မရေမရာ ဖြစ်နေသူလည်း ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင် ဂွါဒါလာဂျာရာနှင့် ရင်ဆိုင်ကစားရတဲ့ ကိုပါဒယ်ရေးပွဲတစ်ပွဲတည်းသာ ကစားခွင့်ရထားပါတယ်။

image

ဒီကလန်ရိုက်နှင့် လက်ထောက်နည်းပြအကြား ပြဿနာတက်ခဲ့မှုအပေါ် အာတီတာ ပြောကြားလာ
====================

မီခေးလ်အာတီတာက ဗုဒ္ဓဟူးနေ့တုန်းက ချဲလ်ဆီးကို အနိုင်ရတဲ့ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အတွင်း ပြဿနာတက်ခဲ့တဲ့ ဒီကလန်ရိုက်နှင့် လက်ထောက်နည်းပြအယ်ဘတ်စတူဗန်ဘတ်တို့အကြား ပြဿနာမှာ ပြေလည်သွားပြီ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
၎င်းတို့နှစ်ဦးဟာ စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်ရဲ့ ပထမပိုင်းအပြီး ဥမင်လှိုဏ်ခေါင်းတွင် အချင်းများခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဘင်ဝှိုက်ရဲ့ ခေါင်းတိုက်ဂိုးဖြင့် ၁-၀ ဂိုးဖြင့် ဦးဆောင်နေတဲ့ ပထမပိုင်းအပြီးတွင် ဒီကလန်ရိုက်ဟာ ပွဲများအတွင်းတွင် နားကြပ်တပ်ဆင်ထားလေ့ရှိလို့ AirPods Albert လို့ ခေါ်ဝေါ်ခြင်းခံရတဲ့ လက်ထောက်နည်းပြနှင့် အချင်းများခဲ့တာပါ။
ဒီကလန်ရိုက်က "သူ ဘာလုပ်နေလဲ သူ မသိဘူး"လို့ ဆိုကာ အယ်ဘတ်အား အော်ဟစ်ပြောဆိုခဲ့တာ တွေ့ရပါတယ်။
ဒါပေမယ့် ယနေ့ည နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် အာတီတာက "အားလုံး ပြေလည်သွားပြီ။ အားလုံးကောင်းပါတယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် အာတီတာက ယခုကဲ့သို့ ပွတ်တိုက်မှု ဖြစ်ခြင်းမှာ အသင်းကောင်းဖို့အတွက် ဖြစ်ရာ အသင်းအတွက် ကောင်းမွန်စေကြောင်း ဆိုသွားပါတယ်။
အာတီတာနှင့် စတူဗန်ဘတ်တို့ဟာ ကာဒစ်ရှိ ဝေးလ်ဘောလုံးအဖွဲ့ချုပ်တွင် ယူအီးအက်ဖ်အေအေလိုင်စင် ရရှိရေး စာသင်ကြားစဉ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
စတူဗန်ဘတ်ဟာ ဖီယင်နုအကယ်ဒမီတွင် ၁၃ နှစ်ကြာ အလုပ်လုပ်လာခဲ့သူ ဖြစ်ပြီး ယူနိုက်တက်တွင် လူးဝစ်ဗန်ဂါးလ်လက်အောက်တွင် အလုပ်လုပ်ခဲ့သလို ဘယ်လ်ဂျီယံကလပ် ဂျန့်ကိုလည်း ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကိုင်တွယ်ခဲ့ပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်တွင် အာတီတာရဲ့ နည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။

image

ဖီရန်ဗာရို့စ်ကွင်းလယ်ခံစစ်သမားအဲလက်စ်တော့သ်ကို ပေါင် ၁၀.၄ သန်းဖြင့် ခေါ်ယူရန် ဘုန်းမောက် သဘောတူညီမှုရရှိ
=====================

ဘုန်းမောက်ဟာ ဖီရန်ဗာရို့စ်အလယ်တန်းကစားသမားအဲလက်စ်တော့သ်ကို ပေါင် ၁၀.၄ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
ဟန်ဂေရီကလပ်ဟာ တော့သ်ရဲ့ ခြေစွမ်းအပေါ် မူတည်ပြီး‌ ဘုန်းမောက်ထံမှ နောက်ထပ် ပေါင် ၂.၆ သန်းလည်း ထပ်မံ ရရှိလာပါဦးမယ်။
ကွင်းလယ်ခံစစ်သမားတော့သ်ဟာ ယခုရက်ပိုင်းအတွင်း ဘုန်းမောက်သို့ လာရောက်ကာ ဆေးစစ်ဆေးမှုခံယူကာ အပြောင်းအရွှေ့အား အပြီးသတ်လာပါမယ်။
တော့သ်ဟာ ကစားသမားဘဝတစ်ခုလုံးအား ဟန်ဂေရီတွင် ကျင်လည်လာသူ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်ရှိ ကစားသမားဟာ ဟန်ဂေရီအသင်းအတွက် ၉ ပွဲကစားခွင့်ရထားကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဖီရန်ဗာရို့စ်အတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့သူ ဖြစ်ပြီး ယခုရာသီတွင် လိဂ်ပွဲ ၂၅ ပွဲကစားခွင့်ရထားပါတယ်။
ဘုန်းမောက်ဟာ ယခုဆောင်းရာသီ အပြောင်းရွှေ့တွင် ဂိုးသမားဖော်စတာနှင့် နောက်ခံလူအဒီဆိုလန်ကီတို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။

image

ပင်နယ်တီအဆုံးအဖြတ်ဖြင့် အီဂျစ်ကို အနိုင်ယူကာ အာဖရိကဖလားပြိုင်ပွဲ တတိယ ရရှိလာတဲ့ နိုင်ဂျီးရီးယား
===================

နိုင်ဂျီးရီးယားဟာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အီဂျစ်အား အနိုင်ယူကာ ၂၀၂၅ အာဖရိကဖလားတတိယ ရရှိလာပါတယ်။
နိုင်ဂျီးရီးယားဂိုးသမားစတန်လေအန်ဝါဘာလီဟာ မိုဟာမက်ဆာလက်၊ အိုမာမာမွတ်ရှ်တို့ရဲ့ ပင်နယ်တီတို့အား ကာကွယ်ကာ ပင်နယ်တီတွင် ၄-၂ ဖြင့် အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
နိုင်ဂျီးရီးယားဟာ ဗုဒ္ဓဟူးနေ့တုန်းက ဆီမီးဖိုင်နယ်တွင် အိမ်ရှင်မော်ရိုကိုအား ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သလို နိုဝင်ဘာလတုန်းကလည်း ကွန်ဂိုးအား ပင်နယ်တီဖြင့်ပင် ရှုံးနိမ့်ကာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားဟာ ပွဲချိန်အတွင်းမှာ ၂ ဂိုးရခဲ့ပေမယ့်လည်း VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဂိုးမရခဲ့တာပါ။
နိုင်ဂျီးရီးယားဟာ ၁၉၇၆ အာဖရိကဖလားပြိုင်ပွဲတုန်းကလည်း တတိယ ဆွတ်ခူးခဲ့ဖူးတဲ့ အသင်း ဖြစ်ပါတယ်။
ယနေ့ညမှာ အာဖရိကဖလားဗိုလ်လုပွဲအဖြစ် ဆီနီဂေါနှင့် အိမ်ရှင်မော်ရိုကိုတို့ ရင်ဆိုင်ကစားကြမှာ ဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းက ဆုကြေးငွေ စံချိန်တင် ဒေါ်လာ ၁၀ သန်းအထိ ရရှိလာပါမယ်။

image

မန်ချက်စတာဒါဘီအရှုံးအား မန်စီးတီးနည်းပြဂွါဒီယိုလာ လက်ခံ
====================

မန်စီးတီးဟာ မနေ့ညတုန်းက မန်ချက်စတာဒါဘီရှုံးပွဲ ကြုံရမှုနှင့်အတူ မြို့ခံပြိုင်ဘက်အား နိုင်ပွဲဖြင့် ကာရစ်ခေတ်တစ်ခုကို စတင်ခွင့်ပေးခဲ့ရသလို ပရီးမီးယားလိဂ်ဖလားတိုက်ပွဲအတွက်လည်း ထိုးနှက်ချက်ကြုံလာရပါတယ်။
မန်စီးတီးဟာ အိုးထရက်ဖို့ဒ်တွင် ယူနိုက်တက်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်မှုနှင့်အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၇ မှတ်အထိ ကွာဟလာပါတယ်။
မန်စီးတီးဟာ ၁၇ ရက်အတွင်းတွင် ၆ ပွဲမြောက်ပွဲအား ကစားလာခဲ့ရခြင်းဖြစ်ပြီး ဂွါဒီယိုလာက ပွဲပန်းမှုကြောင့် ယူနိုက်တက်အား ရှုံးနိမ့်လာခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာဟာ ပထမပိုင်းတွင် ယူနိုက်တက်ရဲ့ ဒီယေဂိုဒါလော့အား မထုတ်ပယ်မှုအတွက် ဒိုင်လူကြီးအန်တိုနီတေလာအား အပြစ်တင်သွားခြင်း မရှိပါဘူး။
စပိန်လူမျိုးနည်းပြက "ပိုကောင်းတဲ့အသင်း နိုင်သွားတာပါ။ သူတို့မှာ ကျွန်တော်တို့မှာ မရှိတာ ရှိတယ်။ ကျွန်တော်တို့ စွမ်းအင်လိုအပ်တယ်ဆိုတာ အမြဲပြောလာခဲ့တာပါ။ ဒါတွေကပဲ ဘယ်လိုခုခံလဲ၊ အခိုက်အတန့်အချို့၊ နှစ်ဦးချင်း ရင်ဆိုင်မှုအချို့၊ အခြေအနေအချို့ကို အဖြေပေးပါတယ်။ ဒါ့အပြင် ဘောလုံးနဲ့ ကစားရမှာလည်း အဆုံးအဖြတ်ပါ။ ဒါက ကျွန်တော့်ရဲ့ ၂၇ ကြိမ်မြောက် ဒါဘီပါ။ ဒီကို အကြိမ်ကြိမ်လာဖူးတယ်။ ဒီကနေ့မှာ ကျွန်တော်တို့မှာ ဒီပွဲကို အနိုင်ရဖို့ လုံလောက်တဲ့အဆင့်မှာ မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်နှင့်ပွဲတွင် မန်စီးတီးဟာ ဂိုးပေါက်တည့် ခြိမ်းခြောက်မှု ၁ ကြိမ်တည်းသာ ရှိခဲပြီး ဂွါဒီယိုလာလက်ထက် ဂိုးပေါက်တည့်ကန်ချက် အနည်းဆုံးပွဲများမှ တစ်ပွဲ ပိုင်ဆိုင်လာခဲ့ပါတယ်။

image

မန်ချက်စတာဒါဘီပွဲအတွက် အိုးထရက်ဖို့ဒ်သို့ ရောက်လာချိန်တွင် ပရိသတ်များရဲ့ လှောင်ပြောင်မှုနှင့် ရင်ဆိုင်ခဲ့ရတဲ့ ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်
===================

ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်ဟာ မန်ချက်စတာဒါဘီပွဲအတွက် အိုးထရက်ဖို့ဒ်ကွင်းသို့ ရောက်လာချိန်တွင် ယူနိုက်တက်ပရိသတ်များရဲ့ လှောင်ပြောင်မှုနှင့် ကြုံခဲ့ရပါတယ်။
အသက် ၇၃ နှစ်ရှိ ဆာဂျမ်ရက်ကလစ်ဖ်ဟာ ၂၀၂၄ ခုနှစ်တွင် ယူနိုက်တက်ရဲ့အားကစားဆိုင်ရာလုပ်ငန်းများကို ဦးစီး လုပ်ဆောင်လာပြီးနောက် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ချမှတ်မှုနှင့်အတူ ဖိအားများ အောက်သို့ ကျရောက်နေပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း အပြောင်းအလဲများစွာ ပြုလုပ်လာခဲ့တဲ့ ယူနိုက်တက်ဟာ အသင်းကို ၁၄ လကြာ ကိုင်တွယ်လာခဲ့တဲ့ အမိုရမ်ကိုလည်း ဘုတ်အဖွဲ့အား တိုက်ခိုက်ပြောဆိုမှုအတွက် ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။
ရက်ကလစ်ဖ်ဟာ အားကစားဒါရိုက်တာဒန်အက်ရှ်ဝတ်အား ငှားရမ်းပြီး လအနည်းငယ်အကြာတင် ထုတ်ပယ်ခဲ့သလို ကစားသမားခေါ်ယူရေးအတွက် ပေါင်သန်း ၄၀၀ ကျော်အသုံးပြုခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ ကွင်းအတွင်း ရလဒ်ကောင်းများ ရရှိရေး ရုန်းကန်နေရပြီး ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် မိုက်ကယ်ကာရစ်အား ခန့်အပ်ထားရပါတယ်။
ဒါကြောင့်လည်း ပရိသတ်များဟာ ဘီလျှံနာသူဌေးကြီး အိုးထရက်ဖို့ဒ်ကွင်းသို့ ရောက်လာချိန်တွင် လှောင်ပြောင်မှုများနှင့် ကြုံခဲ့ရပါတယ်။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ အစိမ်းရောင်ကုတ်အင်္ကျီဖြင့် မထင်မရှား ရောက်လာခဲ့ခြင်းဖြစ်ပေမယ့်လည်း ပရိသတ်အုပ်စုတစ်ခုရဲ့ လှောင်ပြောင်မှုနှင့် ကြုံခဲ့ရပါတယ်။
ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့လများအတွင်းတွင် ယူနိက်တက်ပရိသတ်များရဲ့ ဆန္ဒပြ သပိတ်မှောက်မှုများနှင့် ကြုံလာရသူလည်း ဖြစ်ပါတယ်။
မနေ့ညက ပွဲတွင် ယူနိုက်တက်ဟာ ကာရစ်ရဲ့ ပထမဆုံးပွဲတွင် မန်စီးတီးအား ဘရိုင်ယန်အမ်ဘူမို၊ ဒေါ်ဂူတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂-၀ ဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယားအဆင့် ၅ နေရာသို့ တက်လှမ်းလာပါတယ်။

image

ဖောရက်စ်နှင့် ဂိုးမရှိသရေကျတဲ့ပွဲတွင် ရှင်းလင်းတဲ့ ပင်နယ်တီ မရရှိမှုအတွက် အာတီတာ ပေါက်ကွဲ
=====================

မီခေးလ်အာတီတာက အာဆင်နယ်မှာ နော်တင်ဟမ်ဖောရက်စ်နှင့် ဂိုးမရှိသရေကျတဲ့ပွဲတွင် ရှင်းလင်းထင်ရှားတဲ့ ပင်နယ်တီ ရရှိခဲ့သင့်ကြောင်း ပြောကြားလာပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ဘက် မန်စီးတီးတို့ ယူနိုက်တက်အား ရှုံးနိမ့်သွားချိန်တွင် ဖောရက်စ်အား အနိုင်မရရှိမှုနှင့်အတူ ရမှတ် ၉ မှတ်အထိ ဖြတ်ထားနိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။
ယင်းပွဲစဉ်တွင် အိုလာအေနာရဲ့ ပင်နယ်တီဧရိယာအတွင်း လက်ထိဘော ဖြစ်ခဲ့ပေမယ့်လည်း VAR က မတော်တဆထိတယ်ဆိုပြီး ပင်နယ်တီ မပေးခဲ့ပါဘူး။
အာတီတာက "ကျွန်တော်တို့ တကယ့်ကို ကြီးမားတဲ့ အခွင့်အရေးကြီး လေးကြိမ် ဖန်တီးနိုင်ခဲ့တယ်။ ပြီးတော့ ရှင်းလင်းတဲ့ ပင်နယ်တီကြုံခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်မရခဲ့ဘူး။ Replays ကနေ ကြည့်ခဲ့ရတယ်။ ဧရိယာထဲမှာ ရည်ရွယ်ချက် ရှိရှိ ဘောလုံး ထိခဲ့တာပါ။ ပင်နယ်တီဆိုတာ ရှင်းရှင်းလေးပါ။ ဘာလို့ မပေးလဲ နားမလည်နိုင်ပါဘူး"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ မနေ့ညက ပွဲတွင် ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ ရရှိပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၁၅ ကြိမ်အထိ ရခဲ့ပေမယ့်လည်း ဂိုးပေါက်မတွေ့ခဲ့တာပါ။

image

ဝက်စ်ဟမ်းအား ရှုံးနိမ့်ပြီးနောက် ပရိသတ်များရဲ့ လှောင်ပြောင်မှုနှင့် ကြုံလာရတဲ့ စပါးစ်နည်းပြသောမတ်စ်ဖရန့်
======================

အကြီးအကျယ် ဒေါသထွက်နေတဲ့ ပရိသတ်များဟာ ဝက်စ်ဟမ်းအား ရှုံးနိမ့်ပြီးနောက် နည်းပြသောမတ်စ်ဖရန့်အား အပြစ်တင်လာကြပါတယ်။
မြောက်လန်ဒန်ကလပ်ဟာ လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းကို ၂-၁ ဖြင့် ရှုံးနိမ့်လာတာ ဖြစ်ပြီး နည်းပြသောမတ်စ်ဖရန့်တွင် ဖိအားပိုမို ကျရောက်လာပါတယ်။
လူစားဝင်ရောက်လာတဲ့ ကယ်လမ်ဝီလ်ဆင်က အချိန်ပိုတွင် ဝက်စ်ဟမ်းအတွက် အနိုင်ဂိုး သွင်းခဲ့တာပါ။
ဒိုင်လူကြီးဂျာရတ်ဂေးလ်လက်က ပွဲသိမ်းခရာမှုတ်ပြီးချိန်တွင် စပါးစ်ပရိသတ်များဟာ ဥမင်လှိုဏ်ခေါင်းသို့ ဝင်ရောက်လာတဲ့ ဖရန့်အား လှောင်ပြောင်ခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံသားနည်းပြဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲ ၉ ပွဲမြောက် ရှုံးနိမ့်လာမှုနှင့်အတူ ရာထူးအား ကယ်တင်ရေး အကြီးအကျယ် တိုက်ပွဲဝင်လာရတော့မှာလည်း ဖြစ်ပါတယ်။
တဖက်တွင် သောမတ်စ်ဖရန့်က ပရိသတ်များအား ရလဒ်ကောင်း ရရှိရေးအတွက် အသင်းကို ဆက်လက်အားပေးကြရန် တိုက်တွန်းသွားပါတယ်။
စပါးစ်ဟာ လာမယ့် အင်္ဂါနေ့တွင် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်အဖြစ် ဒေါ့မွန်အား ဧည့်ခံကစားရပါမယ်။

image

ပဲလေ့စ်ဥက္ကဌစတိဗ်ပါရစ်ရှ်နှင့် ဘုတ်အဖွဲ့အား နည်းပြဂလက်စ်နာ အပြင်းအထန် တိုက်ခိုက်ဝေဖန်လာ
====================

အိုလီဗာဂလက်စ်နာက ၎င်းနှင့် အသင်းအား ပစ်ပယ်ထားတယ်ဆိုပြီး ပဲလေ့စ်ဥက္ကဌစတိဗ်ပါရစ်ရှ်နှင့် ဘုတ်အဖွဲ့အား တိုက်ခိုက်ပြောဆိုလာပါတယ်။
ဩစတြီးယားနိုင်ငံသားနည်းပြဟာ သောကြာနေ့တုန်းက စာချုပ်သက်တမ်းကုန်ဆုံးမယ့် နွေရာသီတွင် စိန်ခေါ်မှုအသစ် ရင်ဆိုင်ရန် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ အသင်းခေါင်းဆောင်မာ့ခ်ဂူဟီအား မန်စီးတီးသို့ ပေါင်သန်း ၂၀ ဖြင့် ရောင်းရန် ကလပ်ဘက်က ဆုံးဖြတ်လာပြီးနောက် ထွက်ခွာရန် ဆုံးဖြတ်ခဲ့တာပါ။
စနေနေ့တုန်းက ဆန်းဒါးလန်းကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးချိန်မှာတော့ ဂလက်စ်နာအား အသင်းတာဝန်ရှိသူများအား အပြင်းအထန် တိုက်ခိုက်ပြောဆိုလာပါတော့တယ်။
အသက် ၅၁ နှစ်ရှိ ဖရန့်ဖတ်နည်းပြဟောင်းက "အင်တာဗျူးအချို့ လုပ်ခဲ့ပြီးပါပြီ။ ကစားသမားတွေ မိနစ် ၅၀ ကနေ ၆၀ အထိ အကောင်းဆုံးကစားနိုင်ခဲ့ကြတယ်။ သူတို့ ကစားတာကောင်းခဲ့တယ်။ နောက်တော့ ၁၅ မိနစ် မိနစ် ၂၀ ဖိအားအောက် ရောက်ခဲ့တယ်။ သူတို့ ဦးဆောင်ခင့်ရသွားတယ်။ နောက်တော့ ကျုပ်တို့လည်း ချေပနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် အရန်ခုံကနေ သူတို့ကို မထောက်ပံ့နိုင်ခဲ့ဘူး။ ဒီလိုပဲ ခံစားနေရတယ်။ ကစားသမားတွေ ကွင်းထဲမှာ နလုံးသားတွေ ချန်ထားခဲ့ကြတယ်။ တဖက်မှာ ဒီရာသီမှာ သူတို့ နှစ်ကြိမ်တိုင်တိုင် ကွဲခဲ့တယ်။ ပထမတစ်ကြိမ်က ပွဲတစ်ပွဲမတိုင်မီ တစ်နေ့ နွေရာသီမှာ အီဇီး ထွက်ခွာသွားတယ်။ အခု ဂူဟီ ထွက်သွားပြန်ပြီ။ ရှင်သန်ဖို့ ခက်ခဲတယ်။ အခု ဒီလိုပဲ ခံစားနေရတယ်။ စွန့်ပစ်ခံထားရသလို ခံစားရတယ်။ ဘာထောက်ပံ့မှုမှ မရှိဘူး။ ကစားသမား ၁၂ ဦး ၁၃ ဦးတည်းနဲ့ ရက်သတ္တပတ်များစွာ ကစားလာရပြီးပြီ။ အရန်ခုံမှာ ကလေးတွေပဲ ရှိတာ ခင်ဗျားတို့လည်း သိတယ်။ သူတို့ ဒီလို ပရိသတ်အပြည့်နဲ့ ကွင်းတစ်ကွင်းမှာ တခါမှ မကစားဖူးတဲ့သူတွေ။ ကစားသမားတွေကို ကြည့်လိုက်ရင် အားလုံး စိတ်ပျက်နေတာ တွေ့ရတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ချင်လို့ ဒီလို ပြောနေတာ မဟုတ်ဘူး။ ကိုယ့်အတွက် ဂရုလည်း မစိုက်ပါဘူး။ ဒါပေမယ့် သူတို့က နှလုံးသားကို ထားရစ်ခဲ့ရတော့ သူတို့ကို အကာအကွယ်ပေးဖို့ လိုတယ်။ လူစားလဲဖို့ လူမရှိဘူး။ ဒါက သူတို့အတွက် မမျှတဘူး။ ဒါကြောင့်လည်း အခု ကျွန်တော်တို့ ရှိနေတဲ့ နေရာမှာ ရှိနေတာပါ"လို့ ပြောကြားသွားပါတယ်။

image

မီလန်သို့ ရောက်လာပြီး ရက်အတန်အကြာတွင်ပင် ပေါင် ၄ သိန်းတန်ဖိုးရှိ အဖိုးတန်နာရီများ အခိုးခံလာရတဲ့ ဖူးလ်ခရပ်ဂ်
==============

နစ်ကလပ်ဖူးလ်ခရက်ဂ်ဟာ ဝက်စ်ဟမ်းမှ အေစီမီလန်သို့ ပြောင်းရွှေ့ပြီး ရက်အတန်အကြာတွင်ပင် ပေါင် ၄ သိန်းတန်ဖိုးရှိ ပစ္စည်းများ ခိုးယူခြင်းခံလာရပါတယ်။
ဝက်စ်ဟမ်းတိုက်စစ်မှူးဟာ ဇန်နဝါရီလ ၂ ရက်နေ့တွင် အေစီမီလန်သို့ ရာသီအကုန်တွင် အပြီးသတ် ပြောင်းရွှေ့နိုင်မယ့် အချက်ဖြင့် အငှားဖြင့် ပြောင်းလာခဲ့တာပါ။
အသက် ၃၂ နှစ်ရှိ ဂျာမနီတိုက်စစ်မှူးဟာ မီလန်တွင် နေထိုင်စဉ်အတွင်း ယာယီအဖြစ် ဟိုတယ်တစ်လုံးတွင် နေထိုင်နေပါတယ်။
ဒါပေမယ့် သူဟာ ဗုဒ္ဓဟူးနေ့တွင် လေ့ကျင့်ခန်းအစီအစဉ်မှ ပြန်ရောက်လာချိန်မှာတော့ ဟိုတယ်အခန်း မီးခံသေတ္တာအား ဖွင့်ကြည့်ရာ တန်ဖိုးရှိ ပစ္စည်းများ ပျောက်ရှနေတာ တွေ့ရပါတော့တယ်။
လက်ရှိအချိန်တွင် ဖူးလ်ခရက်ဂ်ဟာ အီတလီရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ သူခိုးအား ရှာဖွေရေး ကြိုးပမ်းနေပါတယ်။
ဥရောပတလွှားတွင် ဘောလုံးသမားတို့အား ပစ်မှတ်ထားကာ ပစ္စည်းခိုးယူမှုများ ဖြစ်ပျက်ခဲ့ပြီး ပြီးခဲ့တဲ့လများအတွက် အိတ်ဗ်ဘစ်ဆူမာ၊ ရာဟမ်းစတာလင်းတို့ ဖောက်ထွင်းခိုးယူမှုများနှင့် ကြုံခဲ့ရပါတယ်။
ပုံမှန်အားဖြင့် သူခိုးများဟာ ကစားသမားများရဲ့ နေအိမ်ကို ဖောက်ထွင်းလေ့ရှိကြပြီး ယခု ဖူးလ်ခရက်ဂ်ကတော့ ထူးထူးခြားခြား ဟိုတယ်တွင် တန်ဖိုးရှိ ပစ္စည်းများ အခိုးခံလာရတာ ဖြစ်ပါတယ်။

image