ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် လွတ်ငြိမ်းခွင့်ပြုခြင်းကို ကြိုဆိုကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုးစေရေးနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နှင့် စပ်လျဉ်းသည့် အမှုများအပေါ် လွတ်ငြိမ်းသက်သာခွင့် အမိန့်များထုတ်ပြန်ခဲ့မှုကို ဝမ်းမြောက်စွာကြိုဆိုကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယမန်နေ့ ထုတ်ပြန်ကြေညာထားသည်။
မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုးစေရေးနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်းသီးသီးတွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသ ည့် အကျဉ်းသား / အကျဉ်းသူ (၇၂၄) ဦးတို့ကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒ-ဏ်များအား လျှော့ပေါ့၍ ပြစ်ဒ-ဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။
ထိုအတူ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်းသီးသီးတွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ (၂၃၆၁) ဦးကို ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒ-ဏ်များအပေါ်လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း သိရသည်။
ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ (၅၅၈၀) ဦးတို့၏ ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်း၍ တရားခံများအားအမှုမှလွှတ်ရန် အမိန့်များထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ လွတ်ငြိမ်းသက်သာ ခွင့်ပြုခြင်းနှင့် ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်း၍ အမှုမှလွှတ်ရန် အမိန့်များထုတ်ပြန်ခဲ့ခြင်းတို့ကြောင့် လွတ်မြောက်လာသူများသည် ယင်းတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများဖြစ်လာကြကာ မိမိတို့၏ ဆန္ဒသဘောထားများကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရရှိကြမည်ဖြစ်ပြီး ပုဒ်မ ၅၀၅ (က) ပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများသည် မိသားစုနှင့် ပြန်လည် ပေါင်းစည်းခွင့်ရရှိပြီး စိတ်အေးချမ်းစွာ ဆန္ဒမဲပေးပိုင်ခွင့်ရရှိကြမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

image

ဆိုင်ကလုန်းမုန်တိုင်းကြောင့် သီရိလင်္ကာတွင် ၅၆ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေ

ယနေ့နံနက်တွင် သီရိလင်္ကာနိုင်ငံအား ဖြတ်ကျော်သွားသော ဆိုင်ကလုန်းမုန်တိုင်း ဒီဝါးကြောင့် လူပေါင်း ၅၆ ဦး သေဆုံးခဲ့ကာ ၂၁ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောကြားပြီး ၎င်းမုန်တိုင်းသည် ကျွန်းနိုင်ငံအား ဖြတ်ကျော်သွားမည့် ရှေ့လာမည့် ၁၂ နာရီ အတွင်း အင်အားပိုပြင်းလာနိုင်ကြောင်း ရာသီဥတုဌာနက သတိပေးထားသည်။
မုန်တိုင်းချဉ်းကပ်လာခဲ့ချိန် ပြီးခဲ့သည့် ၂၄ နာရီတွင် ၁၁ ဒသမ ၈ လက်မ အထိရှိသော မိုးများ သည်း ထန် စွာရွာသွန်းပြီး မြေပြိုမှုများကြောင့် သေဆုံးမှုအများအပြား ဖြစ်ပေါ်ခဲ့ကာ အဓိကအားဖြင့် နိုင်ငံ၏ အရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် သေဆုံးမှု နှင့် ထိခိုက်ပျက်စီးမှုများ ကြီးမားခဲ့သည်။
လူမှုမီဒီယာများတွင်တင်ထားသောဗီဒီယိုများ၌မြို့နယ်များတွင်ရေကြီးမှုကြောင့်အိမ်များအလုံးလိုက်ရေထဲမျောပါသွားသည်ကို မြင်တွေ့ရကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း ၄၄၀၀၀ ခန့်အား စာသင်ကျောင်းများနှင့် အခြား အစိုးရ ကယ်ဆယ်ရေးစင်တာများသို့ ပြောင်းရွှေ့ပေးထားကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ(DMC) က ထုတ်ပြန်ပြောကြားသည်။
နိုင်ငံတစ်ဝန်းရထားပြေးဆွဲမှုများကို ဆိုင်းငံ့ထားပြီး စာသင်ကျောင်းများကိုလည်း ပိတ်ထားသည်။ မိုးသည်းထန်မှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ကိုလံဘိုစတော့ရှယ်ယာဈေးကွက်ကိုလည်း နံနက်အစောမှာပင် ပြန်ပိတ်ခဲ့သည်။
နိုင်ငံအလယ်ပိုင်း လက်ဖက်စိုက်ပျိုးသော ဘာဒူလာခရိုင်တွင် ပြီးခဲ့သည့်ညက နေအိမ်များပေါ် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် ၂၁ ဦး သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ(DMC) က ပြောကြားသည်။
နိုင်ငံတစ်ဝန်း၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန် တပ်ဖွဲ့ဝင် ၂၀၅၀၀ ခန့်ကို ဖြန့်ကြက်ထား ကြောင်း သိရသည်။
မြစ်ရေများဆက်လက်မြင့်တက်နေသောကြောင့် မြေနိမ့်ဒေသများနှင့် မြစ်ချောင်းများအနီး နေထိုင်သူများ ကုန်းမြင့်ဒေသများသို့ ရွှေ့ပြောင်းနေကြရန် အာဏာပိုင်များက သတိပေးထားသည်။
ကီလာနီမြစ်ဝှမ်းဒေသ မြေနိမ့်ပိုင်းဧရိယာများအတွက် လာမည့် ၄၈ နာရီအတွင်း မြစ်ရေကြီးနိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားသည်ဟု ရေအရင်းအမြစ်စီမံခန့်ခွဲရေးဌာနက ပြောကြားသည်။
အန္တရာယ်ရှိသော ဒေသများတွင် မြို့တော်ကိုလံဘိုလည်း ပါဝင်ကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
“အဆိုးဆုံးထိခိုက်ခဲ့တဲ့ ဒေသတွေမှာ ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း မြေပြိုပြီး လမ်း‌တွေ ပိတ်နေတာကြောင့် အချို့ရွာတွေကို သွားရောက်ဖို့အလွန်ခက်ခဲပါတယ်။ လူတိုင်းဘေးကင်းအောင်တော့ အကောင်းဆုံးလုပ်ဆောင်နေပါတယ်” ဟု DMC မှ အရေးပေါ်လုပ် ငန်းများ ဒါရိုက်တာ ဗိုလ်မှူးကြီးဒါမာဝစ်ကရီမာက ရိုက်တာသတင်းဌာနကို ပြောကြားသည်။
အခြေအနေဆိုးလာပါက သီရိလင်္ကာအနေဖြင့် လေကြောင်းခရီးစဉ်များအား အိန္ဒိယနိုင်ငံတောင်ပိုင်းမှ ထရီဗန်ဒရမ် သို့မဟုတ် ကိုချင်လေဆိပ်များသို့ လမ်းကြောင်းပြောင်းပေးရဖွယ်ရှိကြောင်း ဆိပ်ကမ်းနှင့် အရပ်ဘက်လေကြောင်း ပျံသန်းရေးဝန်ကြီး အနူရာကာရူနာသီလာကီက ပြောကြားသည်။
နယူးဒေလီ၊ ဘန်ကောက်၊ ဒူဘိုင်း၊ မူစကတ် တို့မှ ပျံသန်းလာသော ခရီးစဉ်ခြောက်ခုကိုပင် ကိုလံဘို နိုင်ငံတကာ လေဆိပ်မှ လမ်းကြောင်းပြောင်းပေးခဲ့ရပြီဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြကြသည်။

image

အချက်အလက်မပြည့်စုံသည့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်လွှာ ၉၀၀ကျော်ရှိနေဟု တိုကျိုရှိ မြန်မာသံရုံး ထုတ်ပြန်

အချက်အလက်မပြည့်စုံသည့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်လွှာ ၉၀၀ ခန့် ရှိနေကြောင်း နိုဝင်ဘာ ၂၆ရက်တွင်ဂျပန်နိုင်ငံတိုကျိုမြို့ရှိမြန်မာသံရုံးကထုတ်ပြန်ထားသည်။
အချက်အလက်မပြည့်စုံသည့် လျှောက်လွှာ ၉၀၀ခန့်အား ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကြန့်ကြာမှုဖြစ်ပေါ်နေရာ ကြန့်ကြာနေသည့် လျှောက်လွှာများအတွက်စီမံချက်ချဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ စီမံချက်ကာလအဖြစ် သတ်မှတ်ပြီး တာဝန်ရှိသူအသီးသီးကလျှောက်ထားသူများအား တိုက်ရိုက်ဆက်သွယ်ကာ လိုအပ်သည့် အချက်အလက်များအား ထပ်မံ တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သံရုံးသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားပြီး လူကိုယ်တိုင် ပြန်လည်လာရောက်ထုတ်ယူမည့်သူ များအနက် စာရွက်စာတမ်း ပြီးပြည့်စုံသူများအား ၂၀၂၆ခုနှစ် ဇန်နဝါရီ ၂ ရက်မှစတင်ကာ အချိန်တို အတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ဆောင်ရွက်ပေးရန် စီမံချက်ချကာ စီစဉ်ဆောင်ရွက်ထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

image

ဆန်စပါးအသင်းချုပ်မှ ရွှေဘိုပေါ်ဆန်း(ဆန်ဟောင်း)တစ်အိတ်လျှင်ကျပ်တစ်သိန်းရှစ်သောင်းဖြင့် အိမ်အရောက်ပို့ ရောင်းချပေးမည်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ပူးပေါင်း၍ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် ပေါ်ဆန်း၊ ရက် ၉၀၊ဧည့်မထ ၁၅ မှတ် ဆန်များကို စားသုံးသူများထံ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၈၀၀၀၀ (ဆန် ဟောင်း)၊ဧရာ၀တီပေါ်ဆန်း(ကျားပျံ) ကျပ်
၁၅၀၀၀၀ (ဆန်ဟောင်း)၊ ဧရာ၀တီပေါ်ဆန်း(ကျားပျံ) ကျပ် ၁၃၀၀၀၀(ဆန်သစ်) ၊ ဧရာ၀တီ ပေါ်ဆန်း(နယ်စုံ) ကျပ် ၁၂၅၀၀၀ (ဆန်ဟောင်း)၊ဧရာ၀တီပေါ်ဆန်း (နယ်စုံ) ကျပ်၁၁၅၀၀၀ (ဆန်သစ်)၊ ရက် (၉၀) ကျပ်၇၅၀၀၀ ၊ ဧည့်မထ ၁၅မှတ်ဆန် ကျပ်၅၀၀၀၀ ဖြင့် အိမ်အရောက်ပို့ ရောင်းချသွားမည်ဖြစ်သည်။
မှာယူလိုသူများ အနေဖြင့်မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၀၀-
၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆၀ သို့ ရုံးချိန်အတွင်းဆက်သွယ်၍ မှာယူလိုသည့် ဆန်
အမျိုးအစား၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို တိကျစွာဖြင့် SMS or Viber Message ပေးပို့မှာယူနိုင်မည်ဖြစ်သည်။
အဆိုပါ ဖုန်းနံပါတ်များမှအသင်းချုပ်သို့ငွေကြိုတင်ပေးသွင်းရမည့်KBZ payနံပါတ်ကိုစားသုံးသူ၊ ဝယ်ယူသူထံသို့ ချက်ချင်းပြန်ကြားပေးမည်ဖြစ်ပြီး အဆိုပါ ဖုန်းများမှပြန်ကြားပြောဆိုသည့် KBZ pay account နံပါတ်များသို့သာ ငွေပေးသွင်းရန်ဖြစ်ကာ ငွေပေးသွင်းပြီးစီးမှုကို Viberဖြင့် အတည်ပြုပေးပို့ရန် ဖြစ်သည်။
ငွေပေးသွင်းသည့် နေ့မှစ၍ရုံးဖွင့်ရက် သုံးရက်အတွင်း လိပ်စာဖော်ပြပါအတိုင်း ဆန်များကို Delivery အခမဲ့ဖြင့် အရောက်ပို့ ဆောင်ပေးမည်ဖြစ်ပြီး ပို့ဆောင်မည့် နေ့ရက်နှင့်အချိန်အား ကြိုတင်ဆက်သွယ်ပြန်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

image

တရုတ်ချေးငွေ အများဆုံးရယူထားသည့်နိုင်ငံ အမေရိကန်ပြည်ထောင်စုဖြစ်လာ

တရုတ်နိုင်ငံမှ ချေးငွေအကြီးအကျယ်ရယူမှု၏ ဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး အခြားနိုင်ငံများကိုသတိပေးနေသော်လည်း အမေရိကန်ပြည်ထောင်စုကိုယ်တိုင်က ကမ္ဘာပေါ်၌ တရုတ်ချေးငွေများ အများဆုံးရယူထားသည့် နိုင်ငံဖြစ်နေကြောင်းနိုဝင်ဘာ ၂၈ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
ဗာဂျီးနီးယားပြည်နယ် အခြေစိုက် အေ့ဒ်ဒေတာအမည်ရှိ သုတေသနအဖွဲ့အစည်းကထုတ်ပြန်သော အစီရင်ခံစာအရ ၂၅ နှစ်တာကာလအတွင်း အမေရိကန်ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံထံမှ ချေးငွေအမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀အထိ ရယူခဲ့ရကြောင်း သိရသည်။
တရုတ်ချေးငွေများ လက်ခံရယူခဲ့ကြသော အမေရိကန်စီးပွားရေးလုပ်ငန်းများထဲတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုနယ်ပယ်နှင့် အခြေခံအဆောက်အအုံနယ်ပယ် စီးပွားရေးလုပ်ငန်းများလည်း ပါဝင်ကြောင်းအေ့ဒ်ဒေတာအစီရင်ခံစာ၌ ဖော်ပြထားသည်။
ယခုလ အစောပိုင်းကပင်ထုတ်ပြန်ထားသည့် အေ့ဒ်ဒေတာအစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ ချေး
ငွေထုတ်ပေးမှုနည်းဗျူဟာပြောင်းလဲလာမှုကို ဖော်ထုတ်တင်ပြထားပြီးတရုတ်အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအစား ပြည်သူတစ်ဦးချင်း ဝင်ငွေမြင့်မားသော ချမ်းသာသည့် နိုင်ငံများ ဘက်သို့ ပိုအာရုံကျလာကြောင်းသုံးသပ်ထားသည်။
အေ့ဒ်ဒေတာ၏ အဆိုအရတရုတ်အစိုးရသည် အမေရိကန်အဆင့်မြင့် နည်းပညာနယ်ပယ်ကုမ္ပဏီများ၌ တရုတ်ကုမ္ပဏီများအစုရှယ်ယာများ ဝယ်ယူနိုင်ရန်လည်းအားပေးကူညီနေကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၂၃ ခုနှစ်အကြားတွင် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ တို့အတွက် ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၂ဒသမ ၂ ထရီလီယံအထိ ထုတ်ပေးထားသည်။

image

လွိုင်လင်၌ ကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များ ဖမ်းမိ
----------------------

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့မှာ ကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိတဲ့ အိုက်စ် (မက်သ်အဖက်တမင်း) တစ်တန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
လွိုင်လင်မြို့၊ ရပ်ကွက်(၂)၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းပေါ်မှာ နိုဝင်ဘာ ၁၆ ရက်၊ ညနေ ၆ နာရီကျော် လောက်က ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ကျီတော်ရွာနေ တင်မျိုးထွန်း (၄၂) နှစ် မောင်းနှင်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နားဖရွာနေ ဇော်ဂွန်း(၂၈)နှစ် လိုက်ပါလာတဲ့ NISSAN ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်ကနေ ကျပ် ၁၅ ဒသမ ၆၃၈ ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၁၁၇ တန် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ဖမ်းဆီးဖို့ကျန်တဲ့ မာဒီး (ခေါ်) ဂွန်ဂျာအောင် နဲ့ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါး ကျေးရွာနေ ဖမ်းဆီးဖို့ ကျန်တဲ့ တန်ဂွန်း တို့ ဖြစ်တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို မိုင်းရယ်ကနေ ရန်ကုန်ကို သယ်ဆောင်ရောင်းဝယ်တာ ဖြစ်ပြီး ဖမ်းမိသူ နှစ် ယောက်ကို မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်း ဆက်ပြစ်မှု ကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။

image

အမေရိကန်သို့ တရားဝင် ရွှေ့ပြောင်းနေထိုင်မှု ထရမ့် အရှိန်မြှင့်နှိမ်နင်းမည်
------------------------------

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အာဖဂန် ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးက အမျိုးသား အစောင့် တပ်ဖွဲ့ဝင် တွေကို ချုံခို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် အမေရိကန်ထဲ တရားဝင် ရွှေ့ပြောင်း နေထိုင်မှုကို နှိမ်နင်းဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဒီနှိမ်နင်းမှုဟာ ထရမ့် ပထမသက်တမ်းလက်ထက်က ကန့်သတ်ချက်တွေနဲ့ ကိုက်ညီပြီး အလားတူ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ချေလည်း ရှိနေတာပါ။
အာဏာပိုင်တွေ ပြောကြားချက်အရ ရာမန်နူလာ လာကန်ဝါလ်ဟာ အစောင့်တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားပြီး နှစ်ရက်မပြည့်မီမှာ ထရမ့်က အာဖဂန် ရွှေ့ပြောင်း နေထိုင်မှု လျှောက်လွှာတွေ စီမံဆောင်ရွက်ခြင်းကို ရပ်ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ဆက်တွဲ အကျိုးအဆက်အနေနဲ့ အရင်အစိုးရလက်ထပ်က ခိုလှုံခွင့် ခွင့်ပြုခံရသူ အားလုံးကို ပြန်လည် သုံးသပ်ဖို့ အမိန့်ပေးခဲ့ပြီး နိုင်ငံ ၁၉ နိုင်ငံကနေ လာရောက်ကြမယ့် လူတွေ အပေါ် ခရီးသွားလာမှု ပိတ်ပင်ချက် အောက်မှာ စိစစ်ခြင်းကို တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

image

မူးယစ်ဆေးကြောင့် ထိန်းချုပ်နယ်မြေအတွင်းက KTV တွေ လကုန်အပြီးပိတ်ဖို့ SSPP ညွှန်ကြား

ရှမ်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က သူတို့ ထိန်းချုပ်နယ်မြေအတွင်း ဖွင့်လှစ်ထားတဲ့ KTV တွေကို အခုလ(နိုဝင်ဘာ) လကုန် နောက်ဆုံးထား ပိတ်သိမ်းကြဖို့ ညွှန်ကြားထားတယ်လို့ SSPP နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
“မူးယစ်ဆေးကြောင့် မိန်းကလေးတွေပါ ပိုပြီး ပျက်စီးလာတဲ့အပေါ် သူတို့ စာထုတ်လိုက်ပုံရတယ်” လို့ SSPP တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
လူငယ်တွေ မူးယစ်ဆေးသားကောင် ဖြစ်လာတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးလာတာတွေ ကြောင့် အခုလို ပိတ်ဖို့ ညွှန်ကြားတာဖြစ်ပြီး မလိုက်နာရင် အရေးယူမယ်လို့ SSPP တပ်ဖွဲ့ ရဲ့ အခုလ ၂၆ ရက်နေ့ ရှမ်းဘာသာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KTV တွေမှာ မူးယစ်ဆေး သုံးစွဲပြီး သေဆုံးသူတွေရှိနေတာကြောင့် သေချာကြပ်မတ်ကိုင်တွယ်ပေးဖို့ လိုတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“ဝမ်ဟိုင်းတို့ မိုင်းရယ်တို့မှာ KTV အခန်းတွေ နည်းတာမဟုတ်ဘူး။ KTV ဆိုမှတော့ မူးယစ်ဆေးလည်း ပါတာပဲလေ။ လူငယ်တွေက အဲဒီနေရာတွေမှာ ပျက်စီးနေတာ မနည်းဘူး။ တချို့ရှမ်းလူငယ်တွေဆို လားရှိုးမှာ လာပျော်ပါးကြတာ။ ဟန်ပြမဟုတ်ဘဲ သေချာ ကိုင် တွယ်ရင်တော့ ကောင်းတာပေါ့” လို့ လားရှိုးမြို့ ခံ ရှမ်းလူငယ်တယောက်က ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းရွာအခြေစိုက်တဲ့ SSPP တပ်ဖွဲ့ဟာ အစိုးရနဲ့ ပစ်ခတ် တိုက် ခိုက်မှု စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တခုဖြစ်ပါတယ်။
SSPP တပ်ဖွဲ့ဟာ ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းက မြို့ပေါင်း ၂၀ နီးပါးမှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

image

အောင်ပန်းမှာ ရပ်ထားတဲ့ ဖောကားကို အိမ်စီးကားက နောက်ကနေဝင်တိုက်မိပြီး သုံးယောက်သေ၊ တယောက် ဒဏ်ရာရရှိ

ရှမ်းပြည်နယ် ၊ကလောမြို့နယ် ၊ အောင်ပန်းမြို့ ၊ မင်္ဂလာရပ်ကွက်၊ ပျားမွေးမြူရေးခြံရှေ့အနီး၊ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့၊ ည ၇ နာရီလောက်က ရပ်ထားတဲ့ကားကို အိမ်စီးကားက နောက်ကနေ ဝင်တိုက်မိပြီး သုံးယောက်သေဆုံးကာ တယောက်ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ကူညီရေး လုပ်ဆောင်ခဲ့သူတွေ ဆီကသိရပါတယ်။
ဖြစ်စဥ်မှာ ကားပျက်လို့ လမ်းဘေးချရပ်ထားပြီး ပြင်နေတဲ့ ဖောကားကို Mark -X ကားက အရှိန်များပြီး နောက်ကနေ ဝင်တိုက်ခဲ့တာဖြစ်ကြောင်း ၊ ယာဥ်တိုက်မှုကြောင့် အိမ်စီးကားပေါ်လိုက်ပါလာသူထဲက အမျိုးသားသုံးယောက်က နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
"သူတို့က အရှိန်ကလည်းပါတော့ ရပ်ထားတဲ့ ကားကို နောက်ကနေ ဝင်တိုက်လိုက်တာ ။ ရပ်ထားတဲ့ ကားကတော့ လမ်းဘေးကိုတော့ လုံးဝအလွတ်ကြီးရပ်ထားတာတွေ့ရတယ်။ ကားက ဂီယာတန်းတွေ ဘာတွေအကုန်ဖြုတ်ထားပြီး ပြင်နေတာမျိုးတွေ့ရတယ်။ ဖောကားအမြင့်ကြီးပါ။လမ်းနဲ့တော့အလွတ်ကြီးဗျ။ အဲဒါကို သူတို့က အဲဒီလမ်းကြောင်းထဲကို ဝင်သွားတာ။ ထိခိုက်တဲ့သူက နည်းနည်းစိုးရိမ်ရတယ်။ ခေါင်းလည်းထိတယ်။ခါးရိုးထိတယ်။ အောက်ပိုင်းလှုပ်လို့ မရဘူးလည်းပြောတယ်။ သူတို့အကုန်လုံးက ရွာဘက်က အလုပ်သမားတွေ သိရတယ် ။ " လို့ အောင်ပန်းနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောပြပါတယ်။
သေဆုံးသူတွေက အသက် ၃၀ ကျော်အရွယ် အမျိုးသားတွေ ဖြစ်ပြီး အောင်ပန်းမြို့ ၊ ပင်မှီရွာက ကိုအောင်နိုင် ၊ ကိုလှဆောင် နဲ့ ကိုရွှေအိုး ဆိုသူတို့ဖြစ်ကြောင်း ထိခိုက်ဒဏ်ရာရသူကတော့ ကိုရွှေစိုး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
ယာဥ်တိုက်မှုအတွင်း သေဆုံးသူ ရုပ်အလောင်းတွေကို အောင်ပန်းဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူကိုတော့ အောင်ပန်းဆေးရုံမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုပေးပြီး အဲဒီကမှ တဆင့် ကလောမြို့နယ် ပြည်သူ့ဆေးရုံကို ထပ်မံပို့ဆောင်ထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနဲ့ မကွေ ကျေးရွာကြား ၊ မိုင်တိုင်အမှတ် (၅၆/၆)မှာ ဖြိုးရတနာအောင် ခရီးသည်တင် ကား တိမ်းမှောက်ပြီး လူသုံးယောက်သေဆုံးကာ ၁၄ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပါ​သေးတယ်။
နိုဝင်ဘာ ၂ ရက်နေ့ ၊ ညနေပိုင်းကလည်းရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့နယ် ၊ ကျိုင်းတုံ - တောင်ကြီးလမ်းရှိ စပါယ်ရှယ်တောင် အဆင်းမှာ ကားတစီး တိမ်းမှောက်ပြီး လူနှစ်ယောက်သေဆုံးကာ ခုနှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

image

ဟောင်ကောင် အထပ်မြင့်အဆောက်အအုံမီးလောင်မှု သေဆုံးသူ ၁၂၈ ယောက်ရှိလာ

ဟောင်ကောင် အထပ်မြင့်အဆောက်အအုံများစွာကို လောင်ကျွမ်းစေခဲ့တဲ့ မီးလောင်မှုကြောင့် သေဆုံးသူ ၁၂၈ ယောက်ထိ မြင့်တက်လာပါတယ်။
မီးလောင်မှုမတိုင်မီက အဆောက်အအုံတွေ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု သံသယရှိသူ ရှစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်.။ အခြားသုံးယောက်ကိုတော့ လူသတ်မှုနဲ့ အစောပိုင်းကတည်းက ဖမ်းဆီးထားပါတယ်။
မီးလောင်မှုအကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် ပြတင်းပေါက်တွေရဲ့ အပြင်ဘက်မှာ မီးလောင်လွယ်ပစ္စည်းကြောင့် ပိုမိုကူးစက်ပျံ့နှံ့ခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ မီးလောင်မှုအတွင်း လူ ၇၉ ယောက်ဒဏ်ရာရခဲ့ပြီး ဒါဟာ နှစ် ၇၀ ကျော်အတွင်း ဟောင်ကောင်မှာ အသေအပျောက်အများဆုံး မတော်တဆမှုလည်း ဖြစ်ပါတယ်။
လာမယ့် သုံးပတ်မှ လေးပတ်အတွင်း စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်မယ်လို့ အာဏာပိုင်တွေက ပြောကြားထားပြီး ရဲတွေကတော့ အဆောက်အအုံထဲမှာ သက်သေအထောက်အထားတွေ စုဆောင်းနေကြပါတယ်။
အဂတိလိုက်စားမှုစုံစမ်းစစ်ဆေးမှုမှာ ဖမ်းဆီးခံရသူတွေထဲမှာ အင်ဂျင်နီယာကုမ္ပဏီတခုမှ ဒါရိုက်တာတွေနဲ့ ကန်ထရိုက်တာတွေပါဝင်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လွတ်လပ်တဲ့ ကော်မရှင် (ICAC) က ပြောပါတယ်။
ဝမ်ဖူရှိ တိုက်ခန်းတွဲရှစ်ခုအနက် ခုနစ်ခုမှာ မီးလောင်ကျွမ်းမှု ပျံ့နှံ့သွားပြီးနောက် မီးသတ်သမား ၂၂၀၀ ကျော်က မီးကိုထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ သောကြာနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီကျော်မှာ မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အလောင်း ၈၉ လောင်းကို မဖော်ထုတ်နိုင်သေးဘဲ အလောင်း ၁၆ လောင်းမှာ အဆောက်အအုံတွေအတွင်း ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ စေတနာ့ဝန်ထမ်းတွေဟာ အဝတ်အစားနဲ့ တကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ အပါအဝင် ထိခိုက်နစ်နာသူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်နေကြပါတယ်။
မီးလောင်မှုသည် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၅၁ မိနစ်မှာ စတင်ခဲ့ပြီး (GMT ၀၆:၅၁) နာရီတွင် ညနေ ၆ နာရီ ၂၂ မိနစ်မှာတော့ မီးလောင်မှုကို အဆင့် - ၅ အထိ မီးသတ်ဌာနက အမြင့်ဆုံး သတ်မှတ်ခဲ့ပါတယ်။ မီးလောင်မှုအတွင်း မီးသတ်သမား ၁၂ ယောက်လည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။

image