Anomalocaris (အန်နိုမာလိုကားရစ်စ်)
Anomalocaris ဆိုတာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀၅ သန်းကျော်က Cambrian ခေတ်မှာ ရှင်သန်ခဲ့တဲ့ ပင်လယ်သတ္တဝါတစ်မျိုးပါ။ “ထူးဆန်းတဲ့ ပုစွန်” လို့ အဓိပ္ပာယ်ရပြီး၊ သူ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ပုံစံကြောင့် ဒီနာမည်ကို ရခဲ့တာပါ။ သူဟာ အဲ့ဒီခေတ်က ပင်လယ်ထဲမှာ အကြီးဆုံးနဲ့ အကြောက်စရာအကောင်းဆုံး သားရဲတိရစ္ဆာန်တွေထဲက တစ်ကောင်ဖြစ်ခဲ့ပါတယ်။
(ခန္ဓာကိုယ်အသွင်အပြင်)
Anomalocaris ရဲ့ ပုံသဏ္ဍာန်က တခြားသတ္တဝါတွေနဲ့ မတူဘဲ ထူးခြားပါတယ်။
အရွယ်အစား : Anomalocaris တွေဟာ အကြီးဆုံးက တစ်မီတာ (၃.၃ ပေ) လောက်အထိ ရှည်လျားပါတယ်။ အဲဒီအချိန်က တခြားသက်ရှိတွေနဲ့ ယှဉ်လိုက်ရင် သူတို့ဟာ အကြီးဆုံးနဲ့ အင်အားအကောင်းဆုံး သားကောင်တွေ ဖြစ်ပါတယ်။
ဦးခေါင်း : ဦးခေါင်းရဲ့ ရှေ့မှာ ဆူးချွန်တွေပါတဲ့ လက်မောင်းနှစ်ခုလို အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ ဒီလက်မောင်းတွေကို သားကောင်ဖမ်းဆီးဖို့နဲ့ ပါးစပ်ဆီကို ပို့ဆောင်ဖို့ အသုံးပြုခဲ့တာပါ။
မျက်လုံး : သူ့မှာ ကြီးမားပြီး အမြင်အာရုံစွမ်းအားကောင်းတဲ့ မျက်လုံးတွေ ရှိပါတယ်။ ဒီမျက်လုံးတွေက မျက်လုံးပေါင်း ၁၆,၀၀၀ ကျော်ပါဝင်တဲ့ ပေါင်းစပ်မျက်လုံး (compound eyes) အမျိုးအစားဖြစ်ပါတယ်။ ဒီလို မျက်လုံးမျိုးကြောင့် ပင်လယ်ရေထဲမှာ သားကောင်တွေကို အလွယ်တကူ ရှာဖွေနိုင်ခဲ့ပါတယ်။
ပါးစပ် : ပါးစပ်က စက်ဝိုင်းပုံစံဖြစ်ပြီး၊ အတွင်းဘက်ကို လှည့်နေတဲ့ သွားတွေ ပါပါတယ်။ ဒီသွားတွေနဲ့ သားကောင်တွေကို ကြိတ်ခြေစားသောက်ခဲ့ပါတယ်။
ကိုယ်ထည် : ကိုယ်ထည်ရဲ့ ဘေးဘက်မှာ လှိုင်းတွန့်တွေလို လှုပ်ရှားနိုင်တဲ့ အတောင်ပံလို အစိတ်အပိုင်းတွေ ရှိပါတယ်။ ဒီအတောင်ပံတွေကို အသုံးပြုပြီး ရေထဲမှာ လျင်မြန်စွာ ကူးခတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမြီးပုံစံနဲ့ အဆုံးသတ်ပါတယ်။
(ဘယ်လိုနေထိုင်စားသောက်ခဲ့လဲ)
Anomalocaris ဟာ သားစားသတ္တဝါ (predator) တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ လက်မောင်းတွေကြောင့် Cambrian ခေတ်ရဲ့ ထိပ်ဆုံး အစားအစာကွင်းဆက် (top of the food chain) မှာ ရှိခဲ့ကြပါတယ်။ သူဟာ Trilobites*(သူ့အကြောင်းတင်ပေးထားပါတယ်)တွေ နဲ့ တခြား ပင်လယ်သတ္တဝါအသေးစားတွေကို ဖမ်းစားခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆပါတယ်။ သူ့ရဲ့ ပါးစပ်နဲ့ လက်မောင်းတွေဟာ အရိုးမာတဲ့ သတ္တဝါတွေကိုတောင် ဖျက်ဆီးနိုင်စွမ်း ရှိခဲ့ပါတယ်။
(ရှာဖွေတွေ့ရှိမှုသမိုင်း)
Anomalocaris ကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့တုန်းက သိပ္ပံပညာရှင်တွေဟာ ၎င်းအစိတ်အပိုင်းတွေကို အကောင်တစ်ကောင်တည်းရဲ့ ခန္ဓာကိုယ်လို့ သတ်မှတ်နိုင်ခြင်း မရှိခဲ့ပါဘူး။
အစပိုင်းမှာ Anomalocaris ရဲ့ လက်မောင်းတွေကို ပုစွန်အမျိုးအစားသစ်တစ်မျိုးလို့ ထင်ခဲ့ကြပြီး၊ Anomalocaris လို့ အမည်ပေးခဲ့ပါတယ်။ ပါးစပ်ကိုတော့ jellyfish မျိုးစိတ်တစ်ခုရဲ့ ပါးစပ်လို့ ထင်မှတ်မှားခဲ့ကြတယ်။ နောက်ပိုင်းမှာမှ အပြည့်အစုံပါဝင်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ရှာဖွေတွေ့ရှိပြီး၊ ဒီအစိတ်အပိုင်းအားလုံးဟာ သတ္တဝါတစ်ကောင်တည်းရဲ့ ခန္ဓာကိုယ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီလို ရှာဖွေတွေ့ရှိမှုတွေဟာ သိပ္ပံလောကအတွက် အလွန်အရေးကြီးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီခေတ်က အကြီးဆုံး သားစားသတ္တဝါရဲ့ ပုံပန်းသဏ္ဌာန်နဲ့ နေထိုင်မှုပုံစံကို သိရှိနိုင်ခဲ့လို့ပါ။ Anomalocaris ရဲ့ ရုပ်ကြွင်းတွေကိုတော့ ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလမ်ဘီယာပြည်နယ်က Burgess Shale လို့ခေါ်တဲ့ နေရာမှာ အများဆုံး တွေ့ရှိရပါတယ်။
Anomalocaris ဟာ Cambrian ခေတ်က သက်ရှိတွေရဲ့ ဆင့်ကဲပြောင်းလဲမှုနဲ့ နေထိုင်မှုပုံစံကို လေ့လာရာမှာ အရေးပါတဲ့ သက်သေအထောက်အထားတစ်ခုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ပုံစံကြောင့် သိပ္ပံပညာရှင်တွေရော၊ သဘာဝလောကကို စူးစမ်းလေ့လာချင်သူတွေအတွက်ပါ Anomalocaris ဟာ စိတ်ဝင်စားစရာ ကမ္ဘာဦးက သက်ရှိတစ်မျိုးအဖြစ် ရှိနေမှာပါ။