မိုးတိမ်တောင်ကြောင့် လေပြင်းတိုက်ခတ်မှုကို ဇွန်လဆန်းပိုင်းလောက်အထိ သတိပြုဖို့လို

မိုးတိမ်တောင် ဖြစ်စဉ်တွေကြောင့် လေပြင်းတိုက်ခတ်မှု အန္တရာယ်ကို လာမယ့် မုတ်သုန်ဝင်ချိန်ဖြစ်တဲ့ မေလကုန်၊ ဇွန်လဆန်းပိုင်းလောက်အထိ သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုးတိမ်တောင်ဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်တဲ့ ပထမတချက်‌ကတော့ အပူချိန် မြင့်တက်ခြင်းဖြစ်ပြီး နောက်တချက်ကတော့ ရာသီ အပြောင်းအလဲကြောင့်ဖြစ်ကာ လက်ရှိ နွေရာသီကာလကနေ မုတ်သုန်လေ ကူးပြောင်းတဲ့ကာလမှာ များသောအားဖြင့် လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်တတ်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“အပူချိန် မြင့်လာတဲ့အတွက်ကြောင့်မို့လို့ ဒေသတွင်းမှာရှိတဲ့ ရေခိုးရေငွေ့တွေက အငွေ့ပျံပြီး အပေါ်ကိုတက်တယ်၊ မိုး‌တိမ်တောင်တွေ ဖြစ်တယ်။ ဒီဖြစ်စဉ်ကြောင့် မိုးတိမ်တောင်တွေဖြစ်တဲ့ လမ်းကြောင်းတလျှောက်မှာ မိုးရွာပြီး လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်၊ မိုးကြိုးပစ်တာတို့ပေါ့၊ ဒီကာလတွေမှာ ဖြစ်တတ်တယ်။ ဒါတွေက မုန်သုန်ဝင်တဲ့အချိန်ကျမှ တဖြည်းဖြည်း လျော့သွားမယ်။ မုတ်သုန် စဝင်တာကတော့ မေလလယ်လောက်မှ မြန်မာနိုင်ငံ တောင်ပိုင်းကနေ စဝင်မယ်။ တနိုင်ငံလုံးဆိုရင် ဇွန်လဆန်းလောက်မှ ဝင်မယ်” လို့ သူက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ ဧပြီ ၂၆ ရက်၊ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိတယ်လို့ သိရပါတယ်။
“အဓိက ကတော့ ဒီဖြစ်စဉ်က ဒေသခွဲခြားဖို့တော့ ခက်တယ်။ မိုးတိမ်တောင် ဖြစ်စဉ်တွေက အကြာကြီး မဖြစ်ဘူးလေ။ အချိန်တိုလေးအတွင်းမှာ ဖြစ်တာဆိုတော့ နေရာတိုင်းမှာတော့ ဖြစ်နိုင်တယ်။ ဟိုးအရင်တုန်းကတော့ မြန်မာနိုင်ငံ အထက်ပိုင်း၊ အလယ်ပိုင်းတွေမှာ ဖြစ်တယ်။ အခုနောက်ပိုင်းကျတော့ အဲဒီနေရာတွေတင် မဟုတ်တော့ဘဲ မြစ်ဝကျွန်းပေါ်ဘက်တွေမှာလည်း ဖြစ်တယ်။ ဒါကြောင့် ဒေသအနေနဲ့တော့ ခွဲခြားလို့ မရတော့ဘူး။ ကျွန်တော်တို့ရဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကိုပဲ စောင့်ကြည့်ပြီး လိုက်နာဖို့လိုတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
လက်ရှိမှာ နေရာဒေသမရွေး မိုးတိမ်တောင်ဖြစ်ပေါ်မှု များပြားနေတာဟာ ရာသီဥတု အပြောင်းအလဲကြောင့်ဖြစ်ပြီး အပူအချိန် မြင့်တက်မှုနှုန်း များပြားလာကာ ရေငွေ့ပျံနှုန်း များလာတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
“မိုးတိမ်တောင် ဖြစ်တိုင်းလည်း လေပြင်းတိုက်တာ မဖြစ်နိုင်ပါဘူး။ မိုးတိမ်တောင် တအား အားကောင်းသွားတဲ့ အချိန်ကျမှသာ လေပြင်းတိုက်တာတို့၊ တခြား သဘာဝဘေးတွေ ဖြစ်တာ။ အရင်တုန်းကတော့ ဒီကာလတွေမှာ မိုးတိမ်တောင်ဖြစ်တာ နည်းတယ်။ အခုနောက်ပိုင်းကျတော့ အပူချိန် မြင့်တက်လာပြီး ရေငွေ့ပျံနှုန်းက များလာတယ်။ အဓိက ကတော့ climate change နဲ့ သွားပြီး ဆက်စပ်တာပေါ့” လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိအချိန်ဟာ နွေရာသီကနေ မိုးရာသီကို ကူးပြောင်းကာလ ဖြစ်တဲ့အတွက် လေထု မငြိမ်မသက်မှုတွေဖြစ်ကာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်တတ်တယ်လို့ သိရပြီး လက်ရှိမှာတော့ အဲဒီဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်ခြင်း မရှိသေးပေမယ့် စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

image