ပြည်တွင်းခရီးသွားလာမှု တိုးတက်လာဟု UMTA ဒုဥက္ကဌပြော
ခရီးသွားရာသီအစတွင် ပြည်တွင်းခရီးသွားသိသိသာသာတိုးတက်လာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ယခုအောက်တိုဘာလထဲ၌ ပြည်တွင်းခရီးသွားလာမှု များပြားလာပြီး လာမည့် တန်ဆောင်တိုင်ပွဲတော်ကာလတွင်လည်း ကြိုတင်ဘိုကင်များဖြင့်ပြည့်နေကြောင်း သိရသည်။
" ပြည်တွင်းခရီးသွားတွေက ဒီလထဲမှာ တက်လာတာတွေ့ရတယ်။ တန်ဆောင်တိုင်မှာလည်း booking တွေနဲ့ ပြည့်နေတယ်။ Outbound အနေနဲ့သွားတဲ့သူလည်းများတယ်။ ပြည်တွင်းကနေ ပြည်ပကိုထွက်တဲ့ ခရီးစဉ်တွေတော်တော်များများလေး ရောင်းချရတာတွေ့ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဂါယာ ဘုရားဖူးခရီးစဉ်တွေ အများကြီးရောင်းချနေတာတွေ့တယ်။ နောက်တစ်ခါ ပြည်ပခရီးစဉ်တွေဖြစ်တဲ့ ဗီယက်နမ်နဲ့ ထိုင်းတို့ကို ခရီးစဉ်တွေတော်တော်များများလေး ရောင်းချရတာတွေ့ပါတယ်" ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဌ ဦးနောင်းနောင်းဟန်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။
သို့သော် ပြည်ကခရီးသွားဝင်ရောက်မှုအနေဖြင့် ပွင့်လင်းရာသီဆိုသော်လည်း ပုံမှန်တိုးတက်မှုလောက်သာရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သွားရောက်လည်ပတ်ခဲ့သည့် ပြည်တွင်းခရီးသွားဧည့်သည်ပေါင်း (၁၀ ဒသမ ၅၁၇) သန်းရှိခဲ့ကြောင်း သိရသည်။


