သီးနှံစိုက်ခင်းမှာ ပေါင်းတွေရှိရင် ပေါင်းတွေက သီးနှံပင်က ရမယ့် ရေနဲ့အာဟာရကို လုပြီးယူတယ်။ ဒါကြောင့် သီးနှံက မြေကြီးထဲက အာဟာရကို ပြည့်ပြည့်ဝဝ မရပဲဖြစ်မယ်။ ဒီအချက်ကြောင့် စိုက်ခင်းထဲမှာ ပေါင်းတွေမရှိအောင် ပေါင်းသတ်ဆေးအသုံးပြုပြီး နှိမ်နင်းကြတယ်။ 
ဒီလို ပေါင်းသတ်ဆေးသုံးပြီး ပေါင်းတွေမရှိအောင်နှိမ်နင်းလိုက်ရင် ထည့်လိုက်တဲ့မြေဩဇာကို သီးနှံတွေက ပြည့်ပြည့်ဝဝ ရနိုင်မယ်လို့ လက်ခံထားကြတယ်။ 
တမျိုးပြောင်းပြီးစဉ်းစားကြည့်ရအောင်။ 
ပေါင်းပင်တွေက မြေကြီးထဲက အာဟာရကို သီးနှံပင်တွေနဲ့ အပြိုင် လုယူမှာကိုသိတယ်။ သုံးလိုက်တဲ့ ပေါင်းသတ်ဆေးတွေကရော မြေကြီးထဲက အာဟာရကို ဖျက်ဆီးလျော့ပါးသွားစေနိုင်တဲ့သဘောရှိနိုင်တယ်လို့ မတွေးမိတတ်ကြပါဘူး။  
ပေါင်းသတ်ဆေးတွေရဲ့ ပြိုကွဲမှုမှာ ရေနဲ့၊ အလင်းရောင်နဲ့၊ အပူချိန်နဲ့၊ အနုဇီဝသက်ရှိကထုတ်တဲ့ အင်ဇိုင်းအကူအညီနဲ့ စတဲ့အကြောင်းအရာတွေမပါပဲ ပြိုကွဲမှုဖြစ်စဉ်မဖြစ်နိုင်ပါဘူး။ 
မြေကြီးထဲမှာ (အမြစ်ဇုံမှာ) ရှိတဲ့ အဓိက အနုဇီဝသက်ရှိတွေကိုလေ့လာကြည့်ရင် လေထုထဲကနိုက်ထရိုဂျင်ကို ဖမ်းယူပေးတဲ့ အနုဇီဝသက်ရှိ(ဘက်တီးရီးယား)၊ ထည့်သွင်းလိုက်တဲ့ ဖော့စ်ဖရပ်ကို အပင်ကစားသုံးနိုင်အောင် ကူညီပေးတဲ့ အနုဇီဝသက်ရှိ (Pseudomonas, Bacillus, Micrococcus), ပိုတက်စီယမ်ကို ပျော်ဝင်စေရန် ကူညီပေးသော အနုဇီဝသက်ရှိ (Proteobacteria, Actinobacteria)၊ ဆာလဖာကို ပျော်ဝင်စေရန် ကူညီပေးသော အနုဇီဝသက်ရှိ (Thermothrix, Beggiotoa, Thioplaca, Thiobacillus, Achromatium, Thiomicrospira, Acidithiobacillus)၊ မိုက်ကိုရိုက်ဇာ စသည်တို့ဖြစ်သည်။  
ထိုအနုဇီဝသက်ရှိများမှ ထည့်သွင်းလိုက်သော မြေဩဇာကို အပင်မှစားသုံးနိုင်ရန် ကူညီပေးသလို မြေသားဖွဲ့စည်းမှုကောင်းမွန်စေရန် (အမြစ်ကုပ်တွယ်အား)ကူညီပေးခြင်း၊  ပေါင်းသတ်ဆေးပြိုကွဲမှုအတွက် အကူအညီပေးနိုင်သော အင်ဇိုင်းထုတ်ခြင်းစသည့်လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးပါတယ်။ 
ပေါင်းသတ်ဆေးသည် သက်ရှိများအတွက် အဆိပ်ဖြစ်သည်။ ထို့ကြောင့် အနုဇီဝသက်ရှိများကိုလည်း ထိခိုက်စေနိုင်သည်။ အနုဇီဝသက်ရှိဦးရေ လျော့ပါးလာသည်နှင့်အတူ အပင်မှ စားသုံးနိုင်သည့် အာဟာရပုံစံပြောင်းလဲပေးနိုင်မှုသည်လည်း လျော့ကျလာကာ အပင်အတွက် အာဟာရချို့တဲ့မှုကိုဖြစ်စေနိုင်သည်။ 
ထို့အပြင် မြေပေါ်သို့တိုက်ရိုက်ကျရောက်လာသော Atrazine ပေါင်းသတ်ဆေးသည် မြေကြီးထဲရှိ ပိုတက်စီယမ်ကို ပျော်ဝင်မှုမရှိစေရန် ထိန်းချုပ်ဟန့်တားသည်။ 
Sulfonylureas အုပ်စု ပေါင်းသတ်ဆေးများဖြစ်သော Bensulfuron, Metsulfuron, epoxysulfuron, Pyrazosulfuron စသည့် ပေါင်းသတ်ဆေးများသည် ထည့်သွင်းထားသော ယူရီးယားမြေဩဇာမှ ပံ့ပိုးသည် နိုက်ထရိုဂျင်အကူအညီဖြင့်ချက်လုပ်ပေးသော အမိုင်နိုအက်ဆစ်ကို လျော့ပါးစေနိုင်သည်။ 
မြေပေါ်သို့တိုက်ရိုက်ပက်ဖျန်းရသော pre-emergence ပေါင်းသတ်ဆေး (ပေါင်းအုပ်ဆေး) အများစုသည် အနည်းလိုအာဟာရများဖြစ်သော (Mn, Zn, Bo, Mo) တို့ကို အပင်မှ မစားသုံးနိုင်အောင် ထိန်းချုပ်ထားနိုင်သည်။ 
ပေါင်းသတ်ဆေးကို သီးနှံရာသီဆက်တိုက်အသုံးပြုထားသောမြေအား ဓာတ်ခွဲလေ့လာပါက မြေကြီးအတွင်း ကျန်ရှိနိုင်သော နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နှင့် အနည်းလိုအာဟာရ ပမာဏသည် ပေါင်းသတ်ဆေးအသုံးမပြုပဲ စိုက်ပျိုးသည့်မြေထက် ၃ ဆခန့်လျော့နည်းနိုင်သည်ဟု သုတေသန တွေ့ရှိချက်များကဆိုသည်။ 
ထို့ကြောင့် 
ပေါင်းပင်က သီးနှံပင်နှင့် အာဟာရယှဉ်ပြိုင် စားသုံးမည်ကိုလည်း တွေးနိုင်သလို ပေါင်းသတ်ဆေးများသည်လည်း မြေကြီးထဲရှိအာဟာရကို သီးနှံပင်အတွက် လုံလောက်စွာမရနိုင်စေရန် ဟန့်တားလျော့ပါးစေနိုင်ကြောင်းကိုလည်း နားလည်ထားရန်လိုအပ်သည်။ 
ပေါင်းသတ်ဆေးများကို ပေါင်းပင်မရှိစေရန် အလွန်အကျွံအသုံးပြုသင့်/မသင့်နှင့် မြေကြီး၏ အာဟာရကြွယ်ဝမှုကိုလည်း ထည့်သွင်းစဉ်းစားရန် သင့်/မသင့် သေချာစွာဆင်ခြင်သုံးသပ်ရန် လိုအပ်သည်။ 
အကြောင်းအရာတိုင်းအတွက် တဖက်ထဲကိုသာ ထင်မြင်ယူဆဆုံးဖြတ်ခြင်းထက် ရရှိလာနိုင်သော side effect များကိုလည်း ချိန်ဆဆုံးဖြတ်ရန် လိုအပ်ပါသည်။
 
         
 
		  
		  
         
		  
         
		  
         
		  
         
		  
         
		  
         
		  
         
        
