ယနေ့ည လီဗာပူးနှင့်ပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၂၀ တွင် ဒီယေဂိုဂျိုတာကို ဂုဏ်ပြုလာကြမယ့် ယူနိုက်တက်ပရိသတ်များ
=====================
ယူနိုက်တက်ပရိသတ်များဟာ ယနေ့ညတွင် အိုးထရက်ဖို့ဒ်ကွင်းမှာ အခါးသီးဆုံးပြိုင်ဘက် လီဗာပူးအား ဧည့်ခံကစားရမယ့်ပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၂၀ တွင် လီဗာပူးကစားသမားဟောင်းဒီယေဂိုဂျိုတာအား ဂုဏ်ပြုမှု ပြုလုပ်လာကြပါမယ်။
ယူနိုက်တက်ပရိသတ်များဟာ ယနေ့ည ပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၂၀ တွင် ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဒီယေဂိုဂျိုတာအား လက်ခုပ်တီးဂုဏ်ပြုမှု ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်များဟာ လီဗာပူးမှာ အခါးသီးဆုံးပြိုင်ဘက်ဖြစ်ပေမယ့်လည်း ရှားရှားပါးပါး စည်းလုံးမှုကို ပြသလာမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်များဟာ ဒီယေဂိုဂျိုတာအား ဂုဏ်ပြုတဲ့အနေဖြင့် လီဗာပူးတွင် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၀ ကို ရည်ရွယ်ကာ ပွဲချိန် မိနစ် ၂၀ တွင် ၁ မိနစ်ကြာ လက်ခုပ်တီးလာကြပါမယ်။
ယူနိုက်တက်အတွက် ယနေ့ညပွဲစဉ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီး ယနေ့ညပွဲတွင် အနိုင်ရရှိလာပါက ချန်ပီယံလိဂ်ဝင်ခွင့်ရလာပါမယ်။
တဖက်တွင် လီဗာပူးပရိသတ်များဟာလည်း ၂၀၂၂ ခုနှစ်တုန်းက အန်ဖီးလ်ပွဲစဉ်တွင် မွေးဖွားပြီးခါစသား သေဆုံးသွားမှု ကြုံရတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူ ရှိနေကြောင်းအား ပွဲချိန် ၇ မိနစ်တွင် ‘You’ll Never Walk Alone’ သီချင်းကို သံပြိုင်ဟစ်အော်ကာ ပြသခဲ့ဖူးပါတယ်။
ဒီယေဂိုဂျိုတာနှင့် ညီဖြစ်သူအင်ဒရေဆေးလ်ဗားတို့ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက စပိန်အမြန်လမ်းတစ်ခုတွင် ကားတာယာပွင့်ထွက်သွားရာမှာ ယာဉ်မတော်တဆမှုဖြစ်ကာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးဟာ ဒီယေဂိုဂျိုတာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၀ ကို ရာသက်ပန် အနားပေးခဲ့သလို စာချုပ်လက်ကျန် ကာလအတွက်လည်း မိသားစုဝင်များအား နစ်နာကြေး အပြည့်အစုံပေးအပ်ခဲ့ပါတယ်။