ရွေးကောက်ပွဲ နှောင့်ယှက်မှုနဲ့ ဖမ်းဆီးအရေးယူခံရသူ ၆၄ ယောက်အထိ ရှိလာ 
 
အောက်တိုဘာ ၄ 
 
ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လှုံ့ဆော်မှုကြောင့် လက်ရှိအချိန်မှာ ဖမ်းဆီး အရေးယူခံရသူ ၆၄ ယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ ပါတီစုံအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။ 
 
မနေ့ အောက်တိုဘာ ၃ ရက်က နေပြည်တော်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့အထိ အမှု ၂၄ မှုအတွက် လူပုဂ္ဂိုလ် ၆၄ ယောက်ကို အရေးယူထားတယ်လို့ သိရပါတယ်။ 
 
“ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေ ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ် အရေးယူသွားဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲအတွက် တပ်မတော်၊ ပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့၊ မိတ်ဖက်အဖွဲ့တွေနဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က တပ်ဖွဲ့၊ ဦးစီးဌာနတွေ အားလုံးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ 
 
ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်၊ ပြုလုပ်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နလအ တာဝန်ရှိသူတွေက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (က) နဲ့ ဖမ်းဆီး အရေးယူနေတာ ဖြစ်ပါတယ်။ 
 
အဲဒီ ဥပဒေကို ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ပုဒ်မ ၂၃ (က) ဟာ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ 
 
“ဒီ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေမှာပါတဲ့ ပြစ်ဒဏ်တွေဟာ သာမန်အချိန်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ချမှတ်တဲ့ ပြစ်ဒဏ်တွေနဲ့ မတူပါဘူး။ ပိုပြင်းထန်ပါတယ်။ ပြည်သူတွေ ဒါကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။ တချို့ ခုချိန်အထိ ဒီဥပဒေအကြောင်း၊ ဒီဥပဒေ ထုတ်ထားတယ် ဆိုတဲ့ အကြောင်းတောင် မသိသေးတဲ့သူတွေ ရှိပါတယ်။ ပြည်သူတွေ မျက်စိပိတ်၊ နားပိတ် နေဖို့မသင့်ပါဘူး။ သိသင့်တာတွေ အားလုံးကို သေသေချာချာ သိထားဖို့တော့ လိုပါလိမ့်မယ်” လိူ့ ဥပဒေရေးရာ ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။ 
 
ရာဇသတ်ကြီး ဥပဒေအရ ပြည်သူ့ဝန်ထမ်း တဦးကို တာဝန် ထမ်းဆောင်နေချိန်အတွင်း မိမိ အလိုဆန္ဒအလျောက် နာကျင်စေမယ်ဆိုရင် ထောင်ဒဏ် သုံးနှစ် အများဆုံး ချမှတ်နိုင်တယ်လို့ သိရပါတယ်။  
 
ဒါပေမယ့်လည်း ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေမှာတော့ မဲပေးတဲ့သူကအစ မဲရုံဝန်ထမ်းနဲ့ လွှတ်တော် ကိုယ်စားလှယ်အဆုံး ဥပဒေအရ ကာကွယ်ပေးထားတဲ့ သူတွေကို မိမိအလိုဆန္ဒအလျောက် နာကျင်စေမယ် ဆိုပါက တဦးချင်း ကျူးလွန်သူကို ထောင်ဒဏ် သုံးနှစ်ကနေ ခုနစ်နှစ်အထိနဲ့ ငွေဒဏ်ကို ချမှတ်နိုင်တယ်လို့ သိရပါတယ်။  
 
လူစုလူဝေးနဲ့ ကျူးလွန်သူတွေကိုတော့ ထောင်ဒဏ် ငါးနှစ်ကနေ ၁၀ နှစ်အထိနဲ့ ငွေဒဏ် ပြစ်ဒဏ်ကို ချမှတ်နိုင်တာဖြစ်ပြီး သာမန်အချိန်မှာ အလိုဆန္ဒအလျောက် အပြင်းအထန် နာကျင်စေမယ် ဆိုပါက ထောင်ဒဏ် ၁၀ နှစ်အထိနဲ့ ငွေဒဏ် ချမှတ်နိုင်တယ်လို့ သိရပါတယ်။  
 
ဒါအပြင် အလားတူ ပြစ်မှုကို ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သူတွေကို ကျူးလွန်မယ် ဆိုရင်တော့ တဦးချင်း ကျူးလွန်ပါက ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ အထိနဲ့ ငွေဒဏ်၊ လူစုလူဝေးနဲ့ ကျူးလွန်ပါက ထောင်ဒဏ် ၁၅ နှစ်ကနေ နှစ် ၂၀ အထိနဲ့ ငွေဒဏ်တို့ကို ချမှတ်နိုင်တာဖြစ်ပြီး အသက် သေဆုံးတဲ့အထိ ဖြစ်စေမယ် ဆိုရင်တော့ သေဒဏ်အထိ ချမှတ်ဖို့ ပြဋ္ဌာန်းထားပါတယ်။  
 
နလအ အနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ပြင်ဆင် ပြဋ္ဌာန်းပြီးတဲ့ အချိန်မှာပဲ ဆိုက်ဘာလုံခြုံရေး ဥပဒေကိုလည်း အာဏာတည်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။  
 
ဆိုရှယ်မီဒီယာတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်မိတာ၊ လှုံ့ဆော် ဆန္ဒပြတာတွေအတွက် ဆိုက်ဘာလုံခြုံရေး ဥပဒေအပြင် ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ နှစ်ရပ်လုံးနဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်တာ ခံရနိုင်ပါတယ်။ 
 
လက်ရှိမှာ နလအ တာဝန်ရှိသူတွေ အနေနဲ့ ရွေး/ကော် ဥပဒေနဲ့ ရွေးကောက်ပွဲကို အွန်လိုင်းပေါ်မှာ ဝေဖန်တဲ့သူတွေကို ဖမ်းဆီးထားသလို ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ ထုတ်ပြန်၊ ဟောပြောခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ AA နဲ့ ချင်းပြည်နယ် ကောင်စီက ခေါင်းဆောင်တွေကိုလည်း အမှုဖွင့်ထားပါတယ်။  
 
Photo - MOI 
 
Credit - Voice of Myanmar News Agency 
 
#သတင်းဟင်းလေးအိုးကြီး
      
      
            
      
            
        
                
        
                 
        
                 
        
                 
        
                 
        
                 
        
                 
        
        
        
          
            