ပုသိမ်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်ပြည်သူ့ဆေးရုံကြီး၏ အမျိုးသားသွေးလှူဘဏ်ခွဲတွင် လာမည့် မတ် ၂၇ ရက်တွင်ကျရောက်မည့် (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် သွေးလှူရှင်(၁၀၀)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

သွေးလှူရှင်များအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများကကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

image

ပူတာအိုမြို့အား ASEAN ESC Award နှင့် Certificate of Recognition ဆုများအတွက်ထည့်သွင်းယှဉ်ပြိုင်မည်

မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ်၊ ပူတာအိုမြို့အား အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသောမြို့များဆု(7th ASEAN ESC Award) နှင့် (6th Certificate of Recognition)ဆုများတွင်ထည့်သွင်းယှဉ်ပြိုင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ထည့်သွင်းယှဥ်ပြိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းဝေးကို မတ် ၁၇ ရက်ကကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ပူတာအိုမြို့သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး အေးချမ်းသာယာသည့် ရာသီဥတု၊ ရေခဲဖုံးလွှမ်းသည့် တောင်တန်းကြီးများဖြင့်ဝန်းရံနေပြီး ရေမြေတောတောင်သဘာဝအလှတရားများနှင့် ပြည့်စုံသဖြင့် ပူတာအိုမြို့၏ သန့်ရှင်းသာယာလှပမှု၊ ပတ်ဝန်းကျင်နှင့် ညီညွတ်မှုကို အာဆီယံနိုင်ငံများကြားပြသနိုင်ပြီး နိုင်ငံ၏ ပုံရိပ်ကိုမြှင့်တင်‌ပေးရာရောက်သည့်အပြင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုစေမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုး သောမြို့များဆုအစီအစဉ်ကို ၂၀၀၈ ခုနှစ်ကစတင်ပြီး (၃)နှစ်တစ်ကြိမ်ကျင်းပပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် မြို့များကို အမည်စာရင်းတင်သွင်းကာ ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်တွင် တောင်ကြီးမြို့၊ ၂၀၁၁ ခုနှစ်တွင် ပြင်ဦးလွင်မြို့၊ ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့၊ ၂၀၁၇ ခုနှစ်တွင် နေပြည်တော်၊ ၂၀၂၁ ခုနှစ်တွင် ညောင်ဦးမြို့နှင့် ၂၀၂၅ ခုနှစ်တွင် ဘားအံ့မြို့တို့ကဆုများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုအစီအစဉ်တွင်ပါဝင်ခြင်းဖြင့် သန့်ရှင်းသည့်ရေ၊ မြေ၊ လေရရှိရေးအတွက် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ ရေဆိုးသန့်စင်မှု၊ သန့်ရှင်းသည့် သောက်သုံးရေရရှိနိုင်မှုစသည့် ရေသယံဇာတထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုများ၊ လေထုအရည်အသွေးတိုင်းတာစစ်ဆေးမှုနှင့် သန့်ရှင်းအောင်စီမံဆောင်ရွက်မှုများ၊ သစ်တောထိန်းသိမ်းမှုများအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ဆောင်မှုတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

image

ရင်းနှီးမြှုပ်နှံမှုများကို USD နှင့် CNY ဖြင့် လက်ခံဆောင်ရွ က်မည်ဟု MIC ကြေညာ

၂၀၂၆ ခုနှစ် မတ်လ (၁၆) ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင် (MIC) မှ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် သတင်းလွှာ (၁/၂၀၂၆) ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်ကာ နိုင်ငံခြားမတည်ငွေရင်းများကို အမေရိကန်ဒေါ်လာ (U SD) သာမက တရုတ်ငွေကြေးယွမ် (CNY) ဖြင့်လည်း လက် ခံဆောင်ရွက်နေကြောင်း အသိပေးကြေညာခဲ့သည်။

MIC ၏ ထုတ်ပြန်ချက်အရ ရင်းနှီးမြှုပ်နှံသူများသည် အဆို ပြုချက်များနှင့် အတည်ပြုလျှောက်ထားလွှာများ တင်သွင်းရာတွင် မိမိတို့ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားမတည်ငွေရင်းကို USD သို့မဟုတ် CNY ဖြင့် တင်ပြနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှု ပ်နှံမှုအတွက် လိုအပ်သော ငွေလွှဲပြောင်းပေးချေမှုများကိုလည်း မိမိယူဆောင်လာသည့် ငွေကြေးအမျိုးအစား အလိုက် ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် USD သို့မဟုတ် CNY ဖြင့် ယူဆောင်လာသည့် နိုင်ငံခြားသုံးငွေများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားခွင့်ရှိသော (AD) လိုင်စင်ရဘဏ်များမှတဆင့် လွှဲပြောင်းပေးချေမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်း MIC က အသိပေးထားသည်။

ယခု အစီအစဉ်သည် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများကို ဆွဲဆောင်ရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

image

ဦးစန်းကိုအား ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဦးအေးမင်းထွေးအား ဒု-ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင် မြှောက်

ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းကကျင်းပသည့် ကရင် ပြည်နယ်၏ တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့တွင် သံတောင်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးစန်းကိုအား ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးအေးမင်းထွေးအား ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌတို့အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့သည် လွှတ် တော်သဘာပတိဖြစ်သူ ဘားအံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးစောမြင့်ဦးရှေ့မှောက်တွင် ကတိသစ္စာပြုကာ ကတိသစ္စာပြုလွှာပေါ်တွင်လက်မှတ်ရေးထိုးပြီး သဘာပတိမှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား လွှတ်တော်အစည်းအဝေးဆိုင်ရာလုပ်ငန်းတာဝန်များကိုလွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကိုက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများလည်းပြုလုပ်ခဲ့ကြသည်။

image

ဦးရားဝမ်ဂျုံးအား ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဦးသန်းထွန်းအေးအား ဒု-ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်

ကချင်ပြည်နယ်၏ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးပထမနေ့အား ယနေ့ မတ် ၂၀ ရက်ကကျင်းပရာ မချမ်းဘောမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးရားဝမ်ဂျုံးအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မိုးညှင်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးသန်းထွန်းအေးအား ဒု-ဥက္ကဋ္ဌတို့အဖြစ် ရွေးကောက်တင်မြောက်ခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ မိမိအနေ ဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အဂတိတရားကင်းရှင်းစွာဖြင့် ပေးအပ်ထားသည့် လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို သမာသမတ်ကျကျဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

ထို့ပြင် ကိုယ်စားလှယ်များနှင့်အတူ ကချင်ပြည်နယ်အတွင်း ဒီမိုကရေစီအခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးပထမနေ့တွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့ရွေးကောက်တင်မြှောက်ခြင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများကိုလည်းပြုလုပ်ခဲ့ကြသည်။

image

မလေးရှားတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များထုတ်ပေးခြင်းကို ပုံမှန်ရုံးဖွင့်ရက်အပြင် ရက်တိုးသတ်မှတ်ထုတ်ပေး

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များထုတ်ပေးခြင်းကို ပုံမှန်ရုံးဖွင့်ရက်အပြင် ရက်တိုးသတ်မှတ်လိုက်ကြောင်း ယနေ့ မတ်လ (၂၀)ရက်တွင် အသိပေးကြေညာသည်။

ထပ်တိုးဖွင့်လှစ်ဆောင်ရွက်ပေးသွားမည့် ရက်များမှာ မတ်လ(၂၈)ရက်၊ ဧပြီ (၄)ရက်၊ ဧပြီ (၁၁)ရက်နှင့် ဧပြီ (၁၉)ရက်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုံးဖွင့်ရက်များအတွင်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်များ လာရောက်လျှောက်ထားရာတွင် မြန်မာသံရုံး၏ website “https://www. mekl.org"၌ ကြိုတင်ရက်ချိန်းလျှောက်ထားရန်လိုအပ်ပြီး သတ်မှတ်ရက်ချိန်းရရှိသည့်သူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးထားသည်။

image

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ အဖြစ် ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဌအဖြစ် ဒေါက်တာထင်လင်းဦး ကို ရွေးချယ်

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ (မတ်၂၀)၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒေါက်တာစန်းရွှေနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဒေါက်တာ ထင်လင်းဦးအား ရွေးချယ်လိုက်သည်။

ဒေါက်တာစန်းရွှေသည် စစ်တွေမဲဆန္ဒနယ်အမှတ် (၂) မှ ဖြစ်သည်။

ဒေါက်တာထင်လင်းဦးသည် မြေပုံမဲဆန္ဒနယ်အမှတ် (၂)မှ ဖြစ်သည်။

ရွေးချယ်ခံရသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

တတိယအကြိမ် ရခိုင်ပြည်လွှတ်တော် ပထမပုံမှန်
အစည်းအဝေး ပထမနေ့၌ လွှတ်တော်ကိုယ်စားလှယ် (၂၁) ဦးနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၇) ဦး စုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

image

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စင်ကာပူတွင် လျှပ်စစ်မီတာခ ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲ သုံးပတ်နီးပါးအကြာတွင် စင်ကာပူ၌ လျှပ်စစ်မီတာခ စာချုပ်အသစ်ချုပ်ဆိုမည့် အိမ်ထောင်စုများသည် ပိုမိုမြင့်မားသော စျေးနှုန်းများနှင့် ရင်ဆိုင်နေရပြီး လျှပ်စစ်ရောင်းချသည့် ကုမ္ပဏီများ၏ စျေးနှုန်းများမှာ ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း သိရသည်။

စစ်ပွဲမစတင်မီ တစ်ရက်အလို ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေအိမ်များအတွက် သတ်မှတ်စျေးနှုန်း (Fixed-price) မှာ တစ်ယူနစ် (kWh) လျှင် ၂၄.၈၈ ဆင့်မှ ၂၈.၆၇ ဆင့် အထိသာ ရှိခဲ့သည်။ သို့သော် မတ်လ ၂၀ ရက် (သောကြာနေ့) တွင် Open Electricity Market ၏ အချက်အလက်များအရ စျေးနှုန်းများသည် တစ်ယူနစ်လျှင် ၂၈.၈ ဆင့်မှ ၂၉.၁၈ ဆင့် အထိ မြင့်တက်သွားကြောင်း တွေ့ရှိရသည်။

၎င်းမှာ ကုမ္ပဏီနှင့် အစီအစဉ်အလိုက် ၁.၂ ရာခိုင်နှုန်းမှ ၁၁.၃ ရာခိုင်နှုန်း အထိ မြင့်တက်သွားခြင်း ဖြစ်သည်။

Senoko Energy နှင့် PacificLight Energy: ၂၄ လစာချုပ် သတ်မှတ်စျေးနှုန်းမှာ ၂၅.၈၈ ဆင့်မှ ၂၈.၈၀ ဆင့်အထိ (၁၁.၃ ရာခိုင်နှုန်း) အမြင့်ဆုံး မြင့်တက်ခဲ့သည်။

Geneco နှင့် Keppel Electric: ၎င်းတို့၏ ၂၄ လစာချုပ်စျေးနှုန်းမှာ စစ်ပွဲမတိုင်မီ ၂၇.၆၈ ဆင့်မှ ယခုအခါ ၂၈.၈၀ ဆင့် (၄ ရာခိုင်နှုန်း) သို့ မြင့်တက်ခဲ့သည်။

ပျမ်းမျှ တစ်လလျှင် လျှပ်စစ်ယူနစ် ၃၅၇ ယူနစ် အသုံးပြုသည့် HDB လေးခန်းတွဲ တိုက်ခန်းတစ်ခုအတွက် တွက်ချက်ကြည့်ပါက လျှပ်စစ်မီတာခသည် တစ်လလျှင် စင်ကာပူဒေါ်လာ ၁၀.၄၂ (အမေရိကန်ဒေါ်လာ ၈.၁၃) ခန့် ပိုမိုကျသင့်မည် ဖြစ်သည်။ ဤစျေးနှုန်းများတွင် ကုန်စည်နှင့် ဝန်ဆောင်မှုခွန် (GST) ပါဝင်ပြီးဖြစ်သည်။

စျေးနှုန်းများ မြင့်တက်လာသော်လည်း အချို့ကုမ္ပဏီများသည် ဝယ်ယူသူများကို ဆွဲဆောင်ရန်အတွက် ပရိုမိုးရှင်းလက်ဆောင်များနှင့် ငွေပြန်အမ်းမှု အစီအစဉ်များကို ယခင်ထက် ပိုမိုတိုးမြှင့်ပေးထားကြောင်း တွေ့ရသည်။

စျေးကွက်အတွင်း မရေရာမှုများရှိနေခြင်းကြောင့် လျှပ်စစ်ရောင်းချသည့် ကုမ္ပဏီများသည် ကြိုတင်ကာကွယ်သည့်အနေဖြင့် စျေးနှုန်းများကို လျင်မြန်စွာ မြှင့်တင်နေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

image

တိုင်းနဲ့ ပြည်နယ် လွှတ်တော်အသီးသီးက ရွေးချယ်ခံရတဲ့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ များစာရင်း

တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ် တော်တွေမှာ ဒီကနေ့ မတ်လ ၂၀ ရက်နေ့မနက် ၁၀ နာရီကပထမနေ့ ပုံမှန်းအစည်းအဝေးကျင်းပခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် USDP ပါတီ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။ဒုတိယဥက္ကဋ္ဌ အဖြစ် ရမည်းသင်းမြို့နယ်၊ ကိုယ်စားလှယ် အမှတ် ၁ ဦးကျော်မြင့် တဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် သာကေတ မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စား လှယ် ဦးဌေးအောင် တင်မြှောက်ခံရပါတယ်။ ဒုတိယဥက္ကဋ္ဌအဖြစ် မြောက်ဥက္ကလာပ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်စိုး တင်မြှေက်ခံရပါတယ်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်မြို့နယ်၊မဲဆန္ဒ နယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ချိုဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ ဒုတိယဥက္ကဋ္ဌအဖြစ် ဖြူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးကို တင်မြှောက်ခဲ့ကြပါတယ်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမောင်မောင်ဌေးကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ဒုတိယလွှတ်တော်ဥက္ကဋ္ဌအဖြစ် ပခုက္ကူ မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုကို ရွေးချယ်တင်မြောက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် မုံရွာမဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်လှိုင်မြင့် တင်မြှောက်ခံရပါတယ်။ ဒုတိယဥက္ကဋ္ဌအဖြစ် ကန့်ဘလူမဲဆန္ဒယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးသန့်က တင်မြှောက်ခံရတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးသိန်းထွန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသက်နိုင်ဦး တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌအဖြစ် လက်ရှိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဦးမြတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် သယံဇာတရေးရာတိုင်းဝန်ကြီး ဦးခင်မောင်မြင့်ကို တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် စစ်တွေမဲဆန္ဒနယ်အမှတ် (၂)က ဒေါက်တာစန်းရွှေ တင်မြှောက်ခံရပါတယ်။ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထင်လင်းဦးကို တင်မြှောက်ခဲ့ကြပါတယ်။

ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦး ရာဝမ်ဂျုံး၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးမော်ရယ်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစိုးရယ် တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးစန်းကို၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးအေးမင်းထွေး တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးကောလ်လျန်ထန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသန့်ဇင်ဦး တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးသက်ထွေး၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးမင်းအောင်မြင့် တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးစိုင်းလုံးကျော်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစိုင်းထွန်းစိန် တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ဒီကနေ့ ရွေးကောက်တင်မြှောက်ခဲ့ကြတဲ့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ တွေဟာ အများစုက ပြည်နယ်နဲ့ တိုင်း ဒေသကြီးက USDP ပါတီ ဥက္ကဋ္ဌတွေဖြစ်ကြပြီး တချို့ ကလည်း လက်ရှိအစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်ကာ အရပ်သားတချို့သာ အနည်းငယ် ပါဝင်ပါတယ်။

image

နိုင်ငံကူးလက်မှတ် ဥပဒေသစ်အရ E-passport လုပ်မှသာ UID စနစ် လိုအပ်မှာဖြစ်

အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံကူးလက်မှတ် ဥပဒေသစ်အရ E-passport ပြုလုပ်မှသာ UID စနစ်တွေ လိုအပ်မှာ ဖြစ်တာကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေသူတွေအနေနဲ့ UID အတွက် လတ်တလော ပူပန်စရာမလိုသေးဘူးလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လက်ရှိ ပြဋ္ဌာန်းထားတဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၇ ၊ ပုဒ်မ ခွဲ (က)၊ ပုဒ်မခွဲ (၅) မှာ နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ လျှောက်ထားခြင်းနဲ့ သက်တမ်း တိုးခြင်းတွေအတွက် ကိုယ်ပိုင်သက်သေခံလက်မှတ် (Unique Identification Number - UID) ကို မဖြစ်မနေ တင်ပြရမှာ ဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီအချက်နဲ့ ပတ်သက်လို့ လတ်တလော ပတ်စ်ပို့သက်တမ်းတိုး ပြုလုပ်ရမယ့်သူတွေအနေနဲ့ မြန်မာပြည်တွင်းကို မဖြစ်မနေ ပြန်လာကြရမှာ ဖြစ်တယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသား ‌ပြောဆိုနေကြတာတွေလည်း တွေ့နေရပါတယ်။

ဒါနဲ့ပတ်သက်လို့ အထက်တန်း ရှေ့နေတယောက်က “ဒါက လတ်တလော အကောင်အထည် ပေါ်လာမယ့်ကိစ္စ မဟုတ်သေးဘူး။ သိရသလောက်ကတော့ E-passport စနစ် ပြောင်းတဲ့ ကာလကို ရောက်မှသာ UID လိုအပ်လာနိုင်တာ။ E-passport စနစ်ပြောင်းဖို့ ဆိုတာကလည်း ၂၀၂၇ ခုနှစ်ကျမှသာ စတင်နိုင်မယ်လို့ သတင်းကြားထားတယ်။ ဒါကြောင့် အခုချက်ချင်း မြန်မာပြည် ပြန်ရတော့မလား ဖြစ်နေတဲ့သူတွေ စိတ်ပူစရာ မလိုသေးဘူး ပြောချင်တယ်။ ပတ်စ်ပို့ လျှောက်တာ၊ သက်တမ်းတိုးတာကို မိမိ ရောက်နေတဲ့နိုင်ငံရဲ့ သံရုံးမှာပဲ အေးအေးဆေးဆေး လုပ်စရာရှိတာ ဆက်လုပ်နိုင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ဥပဒေ ပြဋ္ဌာန်းချက်မှာ E-passport နဲ့ ပတ်သက်ပြီး “အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်စနစ် ကျင့်သုံးတဲ့အခါ” လို့သာ ဖော်ပြထားတာပြီး ကျင့်သုံးမယ့်ရက်ကို အတိအကျ ဖော်ပြထားခြင်း မရှိသေးတာကြောင့် နောက်ပိုင်းမှာ E-passport, UID နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်၊ အမိန့်ပြဋ္ဌာန်းချက် တခုခု ထပ်မံ ထွက်ပေါ်လာနိုင်ခြေ ရှိနေပြီး ဒါကို စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါအပြင် လက်ရှိမှာ သက်ဆိုင်ရာ သံရုံးတွေ၊ မြန်မာနိုင်ငံခြားရေးရုံးတွေ အနေနဲ့လည်း UID နဲ့ပက်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ၊ သတ်မှတ်ချက်တွေကို တရားဝင် အသိပေး ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် စောင့်ကြည့်စေလိုတယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား တယောက်က “သံရုံးကို သွားစုံစမ်းပြီးပြီ။ လောလောဆယ် သူတို့ဆီ ဘာညွှန်ကြားချက်မှ မရောက်သေးဘူးပြောတယ်။ အဲဒီတော့ သက်တမ်းတိုး၊ လက်မှတ် လျှောက်တာတွေကို ဒီမှာတော့ ပုံမှန်အတိုင်း ဆက်လုပ်လို့ ရနေပါသေးတယ်” လို့ ပြောပါတယ်။

UID ဆိုတာ လူတဦးချင်းစီရဲ့ ကိုယ်ရေး အချက်အလက်တွေ၊ Biometric (လက်ဗွေ၊ မျက်နှာသွင်ပြင်) တွေကို လူဝင်မှု ကြီးကြပ်ရေးရုံးမှာ စနစ်တကျ မှတ်တမ်းတင်တာဖြစ်ပြီး UID နံပါတ်ဟာ ရရှိဖို့ ပြည်ပသံရုံးတွေမှာ ပြုလုပ်ပေးလို့ မရဘူးလို့ သိရပါတယ်။

“UID ပြုလုပ်ဖို့အတွက်ဆို အရင်ဆုံး EID ရှိရမယ်။ မှတ်ပုံတင် အချက်အလက်၊ လဝက က ကွန်ပြူတာထဲ သွင်းတာကို EID လို့ခေါ်တယ်။ EID သွင်းထားပြီးရင် ကိုယ်ပိုင်ဂဏန်း ၁၀ လုံး သတ်မှတ်ပေးတာကို UID ။ EID က အချက်အလက်တွေ အကုန်မှန်နေတယ်ဆို UID ရဖို့က ဘယ်လောက်မှ မကြာဘူး။ နေ့ချင်းပြီး ရတယ်။ အဲဒီ UID ရှိပြီးသူကို Smart Card ကတ်ပြန်ထုတ်ပေးတာ” လို့ ပတ်စ်ပို့ ဝန်ဆောင်မှု ပေးနေသူတယောက်က ပြောပါတယ်။

E-Passport ဆိုတာကတော့ မှတ်ပုံတင်ကနေ စမတ်ကတ်ကို ပြောင်းလိုက်သလို ဆင်တူပြီး Passport စာအုပ်ထဲမှာ Microchip (အီလက်ထရွန်းနစ် ချစ်ပ်) အပြားလေးတခု မြှုပ်နှံ ထည့်သွင်းထားတာဖြစ်ကာ အဲဒီ Chip ထဲမှာ ကိုင်ဆောင်သူရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ ဓာတ်ပုံအပြင် Biometrics လို့ခေါ်တဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေ (ဥပမာ - လက်ဗွေရာ၊ မျက်နက်ဝန်း အမှတ်အသား) ပါ တခါတည်း Digital စနစ်နဲ့ ထည့်သွင်းထားမှာ ဖြစ်ပါတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

အဲဒီလို Chip ပါလာတဲ့အတွက် Scan ဖတ်လိုက်တာနဲ့ လူတယောက်ရဲ့ အချက်အလက်အကုန် (Biometrics အပါ) ပေါ်လာမှာဖြစ်ကာ ဓာတ်ပုံခွာကပ်ပြီး လူစားထိုးတဲ့ “ကပ်ခွာ” ကိစ္စတွေကိုလည်း လုံးဝ ပြုလုပ်လို့ မရတော့သလို အတုအပ လုပ်ဖို့ လုံးဝနီးပါး မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

image