ပထမဆုံးဆော်ဒီအမှတ်ပေးဖလားရလုနီးပါးဖြစ်ပြီးမှ ပွဲပြီးရန် စက္ကန့်ပိုင်းအလိုတွင် ချေပဂိုးပေးခဲ့ရပြီးနောက် မျက်ရည်ကျလုနီးပါးဖြစ်ခဲ့ရတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
=====================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပထမဆုံးဆော်ဒီအမှတ်ပေးဖလားဆွတ်ခူးလုနီးပါးဖြစ်ပြီးမှ ပွဲပြီးရန် ၁၀ စက္ကန့်ခန့်အလိုတွင် ကစားဖော်ရဲ့အမှားမှတဆင့် ချေပဂိုးပေးခဲ့ရကာ အသည်းကွဲခဲ့ရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဦးဆောင်တဲ့ Al-Nassr ဟာ မနေ့ညတုန်းက Al-Hilal ကို အနိုင်ရရှိလာပါက ဆော်ဒီပရိုလိဂ်အမှတ်ပေးဖလားအား ဆွတ်ခူးနိုင်မဲ့ အခွင့်အရေး ကြုံခဲ့ပါတယ်။
ဒါပေမဲ့ ပွဲပြီးရင် ၁၀ စက္ကန့်ခန့်အလိုတွင် ပြိုင်ဘက်အသင်းရဲ့ လက်ပစ်ဘောကို Al-Nassr ဂိုးသမားဘင်တို ဖမ်းရာမှာ ကစားဖော်အိုင်နီဂိုမာတီနက်ဇ်ကလည်း ခေါင်းခုန်တိုက်လာမှုကြောင့် အနှောင့်အယှက်ဖြစ်ကာ အမိအရ မဖမ်းမိခဲ့ဘဲ ချော်ထွက်ပြီး ဘောလုံးမှာ ဂိုးပေါက်ထဲ ဝင်သွားကာ ချေပဂိုးပေးခဲ့ရပါတယ်။
အထက်ပါ အဖြစ်အပျက်ကြောင့် အသက် ၄၁ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ အရန်ခုံတွင် ထိုင်ရင်း အကြီးအကျယ် စိတ်ဓာတ်ကျနေခဲ့ကာ မျက်ရည်ကျလုနီးပါးဖြစ်ခဲ့တာလည်း တွေ့ရပါတယ်။
အဆိုပါပွဲစဉ်တွင် Al-Nassr ဟာ ပထမပိုင်းတွင် ဆီမာကန် သွင်းယူတဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Al-Nassr ဟာ ယင်းပွဲအနိုင်ရရှိလာပါက ဒုတိယနေရာမှ Al-Hilal ကို ရမှတ် ၈ မှတ်အထိ ဖြတ်ထားလာနိုင်မှာလည်း ဖြစ်ပါတယ်။
တဖက်တွင် Al-Nassr အနေဖြင့် Al-Hilal နှင့် သရေကျခဲ့ပေမဲ့လည်း ရာသီသိမ်းရန် တစ်ပွဲတည်းသာ ကစားရန် ကျန်ချိန်တွင် တစ်ပွဲပိုကစားကာ ရမှတ် ၅ မှတ်ဖြတ်ထားနိုင်တုန်းဖြစ်ပြီး ချန်ပီယံဖြစ်ရေး အဆုံးအဖြတ် လက်ထဲတွင် ပိုင်ဆိုင်ထားတုန်း ဖြစ်ပါတယ်။
Al-Nassr အနေဖြင့် လာမဲ့မေလ ၂၂ ရက်နေ့ ဒါမစ်နှင့် အိမ်ကွင်းပွဲစဉ်တွင် အနိုင်ရရှိလာပါက ဆော်ဒီပရိုလိဂ်အမှတ်ပေးဖလားကို ဆွတ်ခူးလာဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Al-Nassr ဟာ လာမဲ့ မေလ ၁၇ ရက်နေ့တွင် ယခုရာသီ ပထမဆုံးဆုဖလား ဆွတ်ခူးရေး အဖြစ် ဂမ်ဘာအိုဆာကာနှင့် အာရှချန်ပီယံလိဂ် ၂ ဗိုလ်လုပွဲ ကစားရဦးမှာ ဖြစ်ပါတယ်။