KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၂ လုံး ထပ်မံဖြိုချခဲ့ပြီး မြဝတီမြို့အတွင်း တရားမဝင်တရုတ်နိုင်ငံသား သုံးဦး ထပ်မံဖမ်းဆီးရမိ

အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၆ ရက်တွင် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေအတွင်းရှိ တရားမဝင် သုံးထပ်အဆောက်အအုံ တစ်လုံး၊ နှစ်ထပ်အဆောက်အအုံ ၁၁ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၂ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၄၅၆ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက်အအုံများ၌ တရားမဝင်ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်ခြင်းနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာ ၈ ရက်မှစတင်၍ ရှာဖွေရှင်းလင်းဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၆ ရက်တွင်လည်း အဆောက်အအုံ ၄၃ လုံး ထပ်မံစစ်ဆေးနိုင်ခဲ့ပြီး အဆိုပါအဆောက်အအုံများ အနက်မှ မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်၊ အင်ကြင်းလမ်းရှိ အဆောက်အအုံ တစ်လုံးအတွင်း၌ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား သုံးဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြီးဆုံးပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image