ကိုင်လီယန်ဘက်ပေးကို ယူရိုသန်း ၆၀ ပေးလာရတော့မယ့် ပီအက်စ်ဂျီ
====================

ပြင်သစ်တရားရုံးတစ်ခုက ပီအက်စ်ဂျီအနေဖြင့် ကိုင်လီယန်ဘက်ပေးအား ပေးရန် ရှိနေတဲ့ လုပ်ခနှင့် အပိုဆုကြေး ကြွေးကျန် ယူရိုသန်း ၆၀ (ပေါင် ၅၂.၅ သန်း)အားပေးရန် အမိန့်ချမှတ်လာပါတယ်။
ဘက်ပေးဟာ ပဲရစ်အလုပ်သမားတရားရုံးတွင် ပီအက်စ်ဂျီနှင့် ကာလရှည်ကြာ အမှုရင်ဆိုင်နေခဲ့ရတာ ဖြစ်ပြီး အသင်းဟောင်းထံမှ ယူရို ၂၆၃ သန်း(ပေါင် ၂၃၁.၅ သန်း)အထိ တောင်းဆိုထားတာပါ။
တဖက်တွင် ချန်ပီယံလိဂ်ချန်ပီယံကလည်း ပြင်သစ်အသင်းခေါင်းဆောင်ထံမှ ယူရိုသန်း ၂၄၀ (ပေါင် ၂၁၁ သန်း) ရရှိရန် တရားစွဲထားပါတယ်။ ပီအက်စ်ဂျီဟာ ၂၀၂၃ ခုနှစ် နွေရာသီတုန်းက ဘက်ပေးဘက်က ဆော်ဒီကလပ်သို့ ပြောင်းရန် ငြင်းဆိုမှုကြောင့် နစ်နာခဲ့ရတဲ့ ပြောင်းရွှေ့ကြေးအား တောင်းဆိုခဲ့တာပါ။
ဘက်ပေးကလည်း ကလပ်က သူ့ကို ပထမအသင်းမှ ဖယ်ရှားမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ရရန် ရှိတဲ့ လုပ်ခနှင့် အပိုဆုကြေးငွေများအတွက် ယူရို ၂၆၃ သန်း ပြန်လည်တောင်းဆိုခဲ့ပါတယ်။
ယခုအခါမှာတော့ ပြင်သစ်တရားရုံးက ပီအက်စ်ဂျီမှာ ၂၀၂၄ ခုနှစ် ဧပြီလမှ ဇွန်လအထိ လုပ်ခပေးထားခြင်း မရှိမှု၊ အပိုဆုကြေးငွေနှင့် လက်မှတ်ထိုးကြေးပေးရန် ကျန်ရှိနေကြောင်း‌တွေ့ရပြီးနောက် ယူရို ၆၀ သန်းအား ဘက်ပေးကို ပေးရန် ဆုံးဖြတ်လာပါတယ်။
ယခု တရားရုံးက ဆုံးဖြတ်လာတဲ့ ပေးရန် ရှိတဲ့ ငွေထဲမှ အများစုက ဆုကြေးငွေလို့ ယူဆရပါတယ်။
ပီအက်စ်ဂျီဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘဲ အယူခံဝင်သွားပါဦးမယ်။
ဘက်ပေးဟာ ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပီအက်စ်ဂျီအတွက် ကစားစဉ်အတွင်း ၃၀၈ ပွဲတွင် ၂၅၆ ဂိုးသွင်းပေးခဲ့ကာ ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေပြီး ဆုဖလား ၁၅ လုံး ဆွတ်ခူးခဲ့ပါတယ်။

image