နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ မြစ်ကြီးနားတပ်နယ်သို့ သွားရောက်ပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံ
မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့်နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင်မဲပေးရန် တစ်ဦးချင်းတာဝန်ရှိဟု ကော်မရှင် ဒုတိယဥက္ကဋ္ဌပြောကြား
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့(ဒီဇင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ မြစ်ကြီးနားတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း၊ ယခု ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမအပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ဒုတိယအပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ နှင့် တတိယ အပိုင်းကို (၂)ပတ်အကြားတွင်လည်း မြို့နယ် ၇၂ မြို့နယ်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တပ်မတော်က ဦးစီးကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် သက်ဆိုင် ရာတာဝန်ရှိသူများက ကျရာကဏ္ဍမှ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိသည့် မြို့နယ် ၅၆ မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ထည့်သွင်းပြောကြားသည်။
ထို့အတူ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ် စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူခဲ့ရကြောင်း၊ ယခု ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို တပ်မတော်က ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် ဒီဂျစ်တယ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များကို အသုံးပြုမည်ဖြစ် ကြောင်း၊ ယင်းစနစ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံက အသုံးပြု၍ ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားရှိသူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး တစ်အိမ်တက်ဆင်းဖြင့် လိုအပ်သည့် အချက်အလက်များကို စိစစ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျရာကဏ္ဍမှ လစ်ဟာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကော်မရှင်ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားသည်။
ထို့ပြင် ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နယ်မြေ တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အတွက် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိပ်နှင်းရေးအဖွဲ့များ၊စေတနာ့ ဝန်ထမ်း၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတို့က အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူများ အနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့် နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင် မဲပေးရန် တစ်ဦးချင်း တာဝန်ရှိကြောင်း၊ လူငယ်များအနေဖြင့်လည်း နိုင်ငံတော်တာဝန်များကို တစ်ချိန်တွင် ဒီမိုကရေစီစနစ်နှင့်အညီ တာဝန် ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် ယခုကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဖြစ်မနေပါဝင်၍ မဲပေးရမည် ဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင် ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်း လိုက်နာမည့်သူ၊ မိမိဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ကျန်းမာ ကြံ့ခိုင်ပြီး အဖွဲ့အစည်းကိုဦးစီး ဦးရွက် ပြုလုပ်နိုင်သူများနှင့် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင်ရှိသူများကို ရွေးချယ်၍ ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ် ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ကော်မရှင်ဒုတိယဥက္ကဌက ထည့်သွင်းပြောကြားသည်။
အလားတူ ကော်မရှင်ဒုတိယဥက္ကဌက မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။