တန်ဇန်းနီးယား ရွေးကောက်ပွဲဆန္ဒပြမှု လူ ၂၄၀ ထက်မနည်းကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွံ

တန်ဇန်းနီးယားမှာ ပြီးခဲ့အပတ်က ဖြစ်ပွားခဲ့တဲ့ ရွေးကောက်ပွဲဆန္ဒပြပွဲတွေအပြီးမှာ လူ ၂၄၀ ထက်မနည်းကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲလိုက်ပါတယ်။

သမ္မတ ဆာမီယာ ဆူလူဟူး ဟာဆန်ဟာ ထောက်ခံမဲ ၉၈ ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် အာဏာပိုင်တွေက ကြေညာခဲ့ပေမယ့်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတဲ့ အတိုက်အခံတွေက ရွေးကောက်ပွဲကို အတုအယောင်အဖြစ် ရှုတ်ချခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး လူရာနဲ့ချီပြီး သေဆုံးခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ အကြမ်းဖက်မှုတွေကို အပေါ်ယံသာ ဖော်ပြထားပြီါ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတယ်လို့ ဆိုပါတယ်။

လူအများအပြားကို ဖမ်းဆီးခဲ့ပြီး ယခုအခါ စီးပွားရေးမြို့တော် ဒါအက်စ်ဆာလမ်ရှိ တရားရုံးတခုမှာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲဆိုထားပါတယ်။ သူတို့တွေဟာ ရွေးကောက်ပွဲကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြပွဲတွေကို လှုံ့ဆော်မှုနဲ့ စွပ်စွဲခံထားရပါတယ်။

အပြစ်ရှိကြောင်း တွေ့ရှိပါက သေဒဏ်ချမှတ်ခံရနိုင်ပါတ်။ဒါပေမယ့်လည်း တန်ဇန်းနီးယားမှာ သေဒဏ်ချမှတ်ခံရသူအများစုဟာ နောက်ဆုံးမှာ သူတို့ရဲ့ ပြစ်ဒဏ်ကို ထောင်ဒဏ်တသက်တကျွန်းအဖြစ် လျှေချ ကျခံရလေ့ရှိပါတယ်။

နောက်ဆုံး သေဒဏ်ပေးကွပ်မျက်မှုကိုတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေက ပြုလုပ်ခဲ့ပါတယ်။ သောကြာနေ့က တရားစွဲဆိုခံရသူတွေထဲမှာ ထင်ရှားသော တန်ဇန်းနီးယား စီးပွားရေးလုပ်ငန်းရှင် ဂျနီဖာ ဂျိုဗင်လည်း ပါဝင်နေပါတယ်။

သူမဟာ ရဲတွေရဲ့ မျက်ရည်ယိုဗုံးမှ ကာကွယ်ဖို့ ဆန္ဒပြသူတွေအတွက် ဓာတ်ငွေ့ကာမျက်နှာဖုံးတွေ ဝယ်ယူပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ တရားစွဲခံရသူတွေထဲမှာ လူမှုကွန်ရက်မှာ လူသိများထင်ရှားသူတွေလည်းပါဝင်ပါတယ်။

image

အမျိုးအစား (၆) မျိုးခွဲ၍ တိတိကျကျမှတ်ပုံတင်ကာ မသန်စွမ်းသူများအခွင့်အရေးကိုဖော်ဆောင်ပေးမည်

အမျိုးအစား (၆) မျိုးခွဲ၍ တိတိကျကျမှတ်ပုံတင်ကာ မသန်စွမ်းသူများအခွင့်အရေးကိုဖော်ဆောင်ပေးမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးခင်ရီမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဇေယျာသီရိမြို့နယ်ရှိ မသန်စွမ်းသူများ၊ ပရဟိတအဖွဲ့အစည်းများနှင့်တွေ့ဆုံစဥ် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတဝန်းမသန်စွမ်းသူများဖြစ်သည့် အမြင်အာရုံ၊ အကြားအာရုံ၊ လှုပ်ရှားသွားလာမှု၊ မှတ်ဉာဏ်နှင့် သင်ယူမှု၊ မိမိကိုယ်ကိုယ်စောင့်ရှောက်နိုင်မှု၊ အခြားသူများနှင့် ဆက်သွယ်မှုတို့ကို တိကျစွာစာရင်းကောက်ယူ၍ တစ်ဦးချင်းစီလိုအပ်သည့် ကျန်းမာရေးနှင့် အလုပ်အကိုင်များကို တိကျမှန်ကန်စွာစီမံဆောင်ရွက်ပေးနိုင်မည်ဟု ပြောသည်။

မသန်စွမ်းပုဂ္ဂိုလ်အဖြစ် မှတ်ပုံတင်လက်မှတ်ရှိသော မသန်စွမ်းသူများကို ကား၊ လေယာဉ်အစရှိသည်တို့ဖြင့် ခရီးသွားလာမှုအားလုံးအတွက် ခရီးစရိတ်များ၊ ဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များအတိုင်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။

ထို့ပြင် မသန်စွမ်းသူများနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းဆင်းပြီးပါက အစိုးရဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများတွင် ခွဲတမ်းနှင့်မဖြစ်မနေခန့်အပ်ရန် ဥပဒေပြဌာန်းပြီးသားဖြစ်၍ အလုပ်ခန့်အပ်ခံရသော မသန်စွမ်းဝန်ထမ်း၏ လုပ်ခလစာသည် သာမန်ဝန်ထမ်းများနှင့် တန်းတူဖြစ်ရမည်ကို ဥပဒေနှင့်အာမခံသည်ဟု ပြောသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် ရေတိုထောက်ပံ့ကြေးပေးသော မူဝါဒမဟုတ်ဘဲ လုပ်နိုင်စွမ်းရှိသည့် ပြည်သူများ၏ လုပ်အားမဆုံးရှုံးစေဘဲ၊ အတန်းအစားခွဲခြားမှု၊ ကျား/မ ခွဲခြားမှုကင်းကာ ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရေးအတွက်ဖြစ်သည်ဟု USDP ပါတီ ဥက္ကဋ္ဌဦးခင်ရီက ပြောကြားခဲ့သည်။

image

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် ဘောလုံးအသင်း (၄) သင်း ဆုတံဆိပ်ရရှိမှုအလိုက်ဆုကြေးခံစားခွင့်များ ချီးမြှင့်ပေးအပ်မည်ဟု အဖွဲ့ချုပ် ဥက္ကဌ အားပေး

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် ဘောလုံးအသင်း (၄) သင်းအ‌နေဖြင့် ဆုတံဆိပ်ရရှိမှုအလိုက်ဆုကြေးခံစားခွင့်များ ချီးမြှင့်ပေးအပ်မည်ဟု မြန်မာနိုင်ငံ‌ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က အားပေးစကားပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာ (၆) ရက်က အာရှအမျိုးသမီးချန်ပီယံလိဂ် ပြိုင်ပွဲဝင် ISPE FC အသင်းအပြင် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မြန်မာအမျိုးသမီးအသင်း၊ အမျိုးသား ယူ၂၂ အသင်း၊ အမျိုးသား ဖူဆယ်အသင်း၊ အမျိုးသမီး ဖူဆယ်အသင်းနှင့် အာရှ ယူ ၁၇ ခြေစစ်ပွဲဝင်မည့် အမျိုးသား ယူ ၁၇ အသင်းတို့ စခန်းသွင်းလေ့ကျင့်မှုများအားသွားရောက်တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် အသင်း (၄) သင်းမှာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသား ယူ-၂၂ အသင်း၊ အမျိုးသား ဖူဆယ်အသင်းနှင့် အမျိုးသမီး ဖူဆယ်အသင်းတို့ စခန်းဝင်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။

ထို့အပြင် နိုဝင်ဘာ (၉) ရက်တွင် အာရှအမျိုးသမီးချန်ပီယံလိဂ် ပြိုင်ပွဲဝင်မည့် ISPE FC အမျိုးသမီးအသင်းအား တွေ့ဆုံ၍ မြန်မာ့လက်ရွေးစင်ကစားသမားအများစု ပါဝင်သည့်အတွက် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို ကောင်းမွန်သည့် အခွင့်အရေး ဖြစ်ကြောင်း၊ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ဘက်များဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအသင်းများအား မလျှော့သော ဇွဲလုံ့လအပြည့်ဖြင့် ရေကုန်ရေခန်း ကြိုးပမ်းကစားရန်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် ကလပ်များ၊ ကစားသမားများ ဖြစ်သော်လည်း စိတ်ဓာတ်အကောင်းဆုံးဖြင့် ရင်ဆိုင်သွားရန် တိုက်တွန်းအားပေးခဲ့သည်။

အလားတူ မြန်မာအမျိုးသား ယူ-၂၂ အသင်း၊ မြန်မာအမျိုးသား ယူ-၁၇ တို့အား ဆက်လက်တွေ့ဆုံခဲ့ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အမျိုးသား ယူ-၂၂ အသင်းအောင်မြင်မှုရရှိရေးအတွက် အထူးကြိုးစားအားထုတ်ရန်၊ စည်းကမ်းကောင်းမွန်စွာ နေထိုင်လေ့ကျင့်ရန်၊ မိမိအား ဝေဖန်သုံးသပ်မှုကို ပြန်လည်ဆန်းစစ်၍ ခွန်အားအဖြစ် အသုံးချ ကြိုးစားရန် တိုက်တွန်းခဲ့သလို အာရှ ယူ-၁၇ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၇ အသင်းကိုလည်း လက်ရွေးစင် အသင်းကြီး အဆင့်သို့လည်းကောင်း၊ ပရော်ဖက်ရှင်နယ် ကစားသမားများအဖြစ်သို့လည်းကောင်း ရောက်ရှိရန်နှင့် အာရှခြေစစ်ပွဲ အောင်မြင်ရေး အာရုံစိုက်လေ့ကျင့်ရန် တိုက်တွန်းအားပေးခဲ့ကြောင်း သိရသည်။

image

၇ ကြိမ်မြောက် ရုံးချိန်းအထိ မလာရောက်သဖြင့်ဟုဆိုကာ ရွှေလက်ဒေါ်ခင်စန်းရီကို တရားရုံးမှ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း မီဒီယာအချို့တွင် ဖော်ပြထား

မန္တလေးတိုင်း၊ အမရပူရမြို့နယ် တရားရုံး၌ အမှုဖွင့်တရားစွဲခံထားရသည့် ရွှေလက်ဒေါ်ခင်စန်းရီသည် (၇) ကြိမ်မြောက်ရုံးချိန်းအထိ တရားရုံးကို လာရောက်ခြင်းမရှိသောကြောင့် ဖမ်းဝရမ်းထုတ်ခံလိုက်ရကြောင်း ဘီဘီစီမြန်မာပိုင်းက ဖော်ပြသည်။
ရွှေလက် ဒေါ်ခင်စန်းရီသည် တိုင်းရင်းဆေးကုသခွင့်လက်မှတ်မရှိဘဲ လေဖြ-တ်လူနာများအပါအဝင် နာတာရှည် ရောဂါများကို ဆေးကုသနေသောကြောင့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီက အမှုဖွင့်တရားစွဲဆိုထားခြင်း ဖြစ်သည်။

သူမကို ဇူလိုင် ၂၁ ရက်၌ တိုင်းရင်းဆေးကောင်စီဥပဒေပုဒ်မ ၆၁ ဖြင့် အမရပူရမြို့နယ် တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ကာ ၇ ချိန်းမြောက်ဖြစ်သည့် ယနေ့ ရုံးချိန်းအထိ တရားရုံးကို လာရောက်ခြင်းမရှိဟုလည်း သိရသည်။

ထို့ပြင် တိုင်းရင်းဆေးပညာဦးစီးဌာနက ဒေါ်ခင်စန်းရီကို မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးမေတ္တာနာမည်နှင့်ဆေးဝါးများ ထုတ်လုပ်သောကြောင့် တရားစွဲဆိုထားသေးသည်။

ထိုကိစ္စများနှင့် ပတ်သက်၍ ဒေါခင်စန်းရီ လူမှုကွန်ယက်၌ တင်ထားသည့် သူမ လက်ကိုင်ဖုန်းနှင့် လူမှုကွန်ယက်ကို ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဓာတ်ပုံ - ဒေါ်ခင်စန်းရီ Facebook

image

အစိုးရစက်မှုလက်မှုသိပ္ပံ A.G.T.I ကျောင်း (၃၂) ကျောင်းမှ ဝင်ခွင့်ခေါ်ယူ

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (၃၂) ကျောင်းတွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ်သင်တန်း လျှောက်လွှာများကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းအစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ သိရသည်။

အင်ဂျင်နီယာကို အမှန်တကယ် စိတ်ဝင်စားသော်လည်း အမှတ်မမှီသော ကျောင်းသား၊ ကျောင်းသူများတက်ရောက်သင့်ပြီး A.G.T.I တွင် ထူးချွန်စွာအောင်မြင်သူများသည် B.Tech နှင့် B.E သင်တန်းများသို့ ပေါင်းကူးတက်ရောက်နိုင်သည့် အခွင့်အရေးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ရှိသော A.G.T.I ကျောင်း (၃၂) ကျောင်းမှာ အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း၊ ပူတာအို၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ တီးတိန်၊ မော်လမြိုင်၊ တောင်ကြီး၊ အင်းစိန်၊ ရွှေပြည်သာ၊ သန်လျင်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်း၊ ကန့်ဘလူ၊ ခန္တီး၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ တောင်ငူ၊ ပဲခူး၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်၊ ထားဝယ်၊ နေပြည်တော်နှင့် ဂျပန်- မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း (Japan - Myanmar Aung San Vocational Training Institute) တို့ဖြစ်သည်။

လျှောက်ထားလိုသူများသည် နည်းပညာနှင့် သက်မွေးပညာလုပ်ငန်း သဘာဝအရ ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်း ဆောင်ရွက်နိုင်သူ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာတွဲများ ပါဝင်သော မည်သည့်ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်သည်ဟု ဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့် သင်္ချာစုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်သည်။

သင်တန်းကာလမှာ (၃)နှစ် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာလက်မှတ်ပေးအပ်မည်ဖြစ်ပြီး A.G.T.I (၃) နှစ် သင်တန်းများတွင် သတ်မှတ်အရည်အချင်းပြည့်မီပါက B.Tech နှင့် BE သင်တန်းများသို့ ပေါင်းကူးတက်ရောက်နိုင်ရေးလျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားရမည့်ပုံစံမှာဝင်ခွင့်လျှောက်လွှာများကို မိမိတက်ရောက်လိုသော အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၌ နိုဝင်ဘာ ၁ မှစ၍ ၂၀ ရက်နေ့အထိ ထုတ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။

image

CLMVအစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသည့် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့ ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၇) ကြိမ်မြောက်(CLMV) စီးပွားရေးဝန်ကြီးများအစည်း အဝေးတက်ရောက်ရန်ရောက်ရှိနေသည့် ကမ္ဘောဒီး ယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နိုဝင်ဘာ ၇ ရက်ညနေ ၄ နာရီက ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ကြသည်။

၎င်းတို့သည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီးတို့အား ပန်း၊ရေချမ်း၊ဆီမီးများ ဆက်ကပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဆံ တော်မြတ်ရတနာဓာတ်ပုံအားလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ကြသည်။

image

ရွေးကောက်ခံအစိုးရထံ နိုင်ငံတော်တာဝန်များကို ဒီမိုကရေစီစံနှုန်းများနှင့်အညီလွှဲအပ်ပေးသွားမည်

ရွေးကောက်ခံအစိုးရထံ နိုင်ငံတော်တာဝန်များကို ဒီမိုကရေစီစံနှုန်းများနှင့်အညီလွှဲအပ်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၇ ရက်နံနက်ပိုင်းက နေပြည်တော်လေတပ်စခန်း၌ကျင်းပသည့် တပ်မတော် (လေ) မှ လေယာဉ်/ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တိုးတက်လာသောအခြေအနေများနှင့်အညီ အများပြည်သူလိုလားတောင့်တချက်ဖြစ်သည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရန်ပြင်ဆင်လျက်ရှိရာ ရွေးကောက်ပွဲကပေါ်ထွန်းလာမည့် ရွေးကောက်ခံအစိုးရထံ နိုင်ငံတော်တာဝန်များကို ဒီမိုကရေစီစံနှုန်းများနှင့်အညီလွှဲအပ်ပေးသွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းအချို့သည် ၎င်းတို့လိုလားချက်အတိုင်းမဟုတ်၍ ရွေးကောက်ပွဲမဖြစ်မြောက်စေရန်၊ ပျက်ပြားစေရန် နည်းလမ်းပေါင်းစုံဖြင့် စွက်ဖက်လုပ်ဆောင်ဟန့်တားလျက်ရှိကာ တစ်ဘက်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်နှင့် ပြည်သူပူးပေါင်းလုပ်ဆောင်ချေမှုန်းမှုကြောင့် တဖြည်းဖြည်းအရေးနိမ့်လာသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့ခေတ္တစိုးမိုးထားသည့် နယ်မြေများကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် နိုင်ငံပိုင်လမ်းတံတားအဆောက်အဦးများ၊ ပြည်သူ့နေအိမ်တိုက်တာနှင့်ပိုင်ဆိုင်မှုများကို တို-က်ခိုက်ဖျ-က်ဆီးလုယက်ယူဆောင်လျက်ရှိခြင်းအားဟန့်တားချေမှုန်းရန် တပ်မတော်အနေဖြင့်ပြည်သူလူထုအကူအညီဖြင့်ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။

image

အခန်းဝယ်ယူနိုင်ကြောင်း စာအတုလုပ်ကာ လိမ်လည်နေ၍ သတိထားရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန အသိပေး

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အခန်းဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာကို အတုအပပြုလုပ်ကာ လိမ်လည်မှုများရှိနေ၍ သတိထားရန် အသိပေးထုတ်ပြန်ထားသည်။

လိမ်လည်မှုများသည် အကြောင်းကြားစာကို အတုအပပြုလုပ်ခြင်း၊ အီးမေးလ်အတုများဖွင့်ကာ ပို့၍ လိမ်လည်ခြင်း၊အခန်းများ လိမ်လည်ရောင်းချခြင်း၊ ငွေလွှဲခိုင်းခြင်းတို့ ပြုလုပ်လျက်ရှိသည်ဟု အသိပေးချက်အရ သိရသည်။

ထို့ကြောင့် ရောင်းမှားဝယ်မှား မဖြစ်စေရန် သတိပေးကြေညာခြင်းဖြစ်ကာ သိရှိလိုသည်များကို ဌာနသို့လူကိုယ်တိုင်လာရောက်ဆက်သွယ်နိုင်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။

image

ပဲခူးတိုင်းတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ၃ ခု ဝင်ရောက်
-------------------

ပဲခူးတိုင်းဒေသကြီးမှာ နိုဝင်ဘာလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်တစ်ခုနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်နှစ်ခု တိုးတက်ဝင်ရောက်ခဲ့တယ်လို့ နိုဝင်ဘာ ၆ ရက်က ပြုလုပ်တဲ့ ပဲခူးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ အစည်းအဝေးကနေ သိရပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂၅ သန်းနဲ့ မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၄၉၃၀ တိုးတက်ဝင်ရောက်ခဲ့တာဖြစ်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၂၈၅ ခုကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစား(၈)ခုရှိရာ စက်မှုကဏ္ဍတိုးတက်မှုနဲ့အတူ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနဲ့ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံမှု တိုးတက်အောင် ဆောင်ရွက်ရမှာ ဖြစ်သလို ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာလည်း ပြည်တွင်းက ထွက်ရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေကို သုံးစွဲနိုင် ရေး ဆောင်ရွက်ပေးရမယ်လို့ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၁၄ ဒသမ ၃၂၈ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း ၂၃၄၀၀၀ ကျော်နဲ့ အလုပ်အကိုင် အခွင့်အလမ်း ၁၅၆၁၉ ဦးကို ဖန်တီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

image

ဒေါက်တာနေစိုးမောင်ကို ပုဒ်မ ၆၆ (ဃ) နဲ့ ထပ်မံအမှုဖွင့်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ မနေ့ နိုဝင်ဘာ ၆ ရက်မှာ ထပ်မံ အမှုဖွင့်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ဒေါက်တာနေစိုးမောင်ကို အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းက လက်ကျန်အမှုတွေ စစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မြို့က အင်းစိန် အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းက ထပ်တိုး အမှုဖွင့်တာကြောင့် အမှုရင်ဆိုင်ဖို့ အိုးဘိုထောင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာ ပြန်လည် ပြောင်းရွှေ့ထားပြီး ပုဒ်မ ၆၆ (ဃ) အတွက် ထောင်တွင်းတရားရုံးမှာ ဆက်လက် စစ်ဆေးနေတယ်လို့ သိရပါတယ်။

“အခုထိတော့ ၆၆ (ဃ) နဲ့က အမှု ရင်ဆိုင်နေတုန်းပါ။ အခြေအနေ မထူးသေးပါဘူး။ သူ့ကို အရင် စဖမ်းစဉ်တုန်းက ၅၀၅ အပါ၊ ပုဒ်မ လေးခုနဲ့ စွဲထားတာ ရှိတယ်။ ဒါပေမယ့် ၅၀၅ နဲ့ပဲ ပြစ်ဒဏ် ချထားတယ်။ ကျန်တဲ့ ပုဒ်မတွေ ရှိနေသေးတယ်။ အကဖ (အကြမ်းဖက်) ပုဒ်မလည်း ပါတယ်” လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒေါက်တာနေစိုးမောင်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၂ (က)၊ ၁၂၄ (က)၊ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၃၃ (က) တို့နဲ့ အမှုဖွင့်ထားကာ ပုဒ်မ ၅၀၅ (က) အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာနေစိုးမောင်ဟာ တပ်မတော်ဆေးတပ်မှာ ဗိုလ်မှူးကြီးအဆင့်နဲ့ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး အငြိမ်းစားယူခဲ့ပြီးနောက် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှာ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကာ နေရွှေသွေးအောင်ရဲ့ဖခင်လည်း ဖြစ်ပါတယ်။

ဒါအပြင် ဒေါက်တာနေစိုးမောင်ရဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်တင်စိန်ဟာလည်း ဦးနေဝင်း လက်ထက်မှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးနဲ့ ဒုကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကာ၊ ဗိုလ်ချုပ် ရာထူးနဲ့ အငြိမ်းစားယူပြီးနောက် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာနေစိုးမောင်ဟာ အဖမ်းမခံရခင် အချိန်အထိ လူမှုကူညီရေး လုပ်ငန်းတွေနဲ့ အခမဲ့ ဆေးကုသပေးတာတွေကို နိုင်ငံတဝန်း သွားလာကူညီ လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။

လက်ရှိမှာ ဒေါက်တာ နေစိုးမောင်အပြင် ပြန်ကြားရေး ဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ်ဟာလည်း အစိုးရကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၄- က နဲ့ ထောင်ဒဏ် ခုနစ်နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် သုံးနှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

image