ကမ္ဘာ့ရွှေ အတက်ကြမ်းမှုနဲ့အတူ ပြည်တွင်းရွှေဈေး ကျပ် နှစ်သိန်းဝန်းကျင် ခုန်တက်လာ

အောက်တိုဘာ ၈

ကမ္ဘာ့ရွှေဈေး အတက်ကြမ်းမှုနဲ့အတူ ပြည်တွင်းရွှေဈေး တရက်အတွင်း ကျပ် နှစ်သိန်းဝန်းကျင် ခုန်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံး ဈေးတန်းဖြစ်တဲ့ တအောင်စ ဒေါ်လာ ၄၀၄၉ ဝန်းကျင်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ပြည်တွင်း အခေါက်ရွှေ (စနစ်ဟောင်း) ဈေးကတော့ လက်ရှိမှာ ရှစ်ဆယ့်နှစ်သိန်းခွဲ ဝန်းကျင်ကို ရောက်ရှိနေပြီး ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ တရက်တည်းမှာတင် ကျပ် နှစ်သိန်းဝန်းကျင် ခုန်တက်လာတာကို တွေ့ရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင် တယောက်က “ကမ္ဘာ့ရွှေက တောက်လျှောက် တက်နေတယ်။ လက်ရှိ တော်တော်လေး မြင့်နေပြီပေါ့။ ကျွန်တော်တို့ အထင်ဆို ဖြစ်လေ့ဖြစ်ထ ရှိတာကတော့ တော်တော်လေး မြင့်ပြီးရင် ပြန်ကျလေ့ရှိတယ်။ အခုကတော့ ကမ္ဘာ့ဈေး အမြင့်ဆုံး ရောက်ပြီလို့တော့ ထင်ပါတယ်။ ဒါပေမယ့်လည်း မှန်းရခက်ပါတယ်။ ပြည်တွင်းဈေးကတော့ အရင်ရက်တွေကတည်းက လေး၊ ငါးသောင်း၊ တသိန်းဝန်းကျင်နဲ့ နည်းနည်းချင်းစီ တက်နေတာ။ ဒီနေ့တရက်တည်းကျတော့ နှစ်သိန်းလောက် တက်တဲ့သဘော ဖြစ်သွားတယ်” လို့ ပြောပါတယ်။

ကမ္ဘာ့ရွှေဈေး မြင့်တက်နေတာဟာ လက်ရှိမှာ ယူကရိန်းနဲ့ ရုရှား၊ အမေရိကန်နဲ့ ဗင်နီဇွဲလား နိုင်ငံ့အရေး တင်းမာနေမှုတွေကြောင့် ဖြစ်သလို တဖက်မှာလည်း အမေရိကန် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းလျှော့ချမယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့်လည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က တအောင်စ ၃၈၅၈ ဒေါ်လာ ဈေးတန်းမှာ ရှိခဲ့ပေမယ့် တပတ်ကျော်အတွင်း ဒေါ်လာ ၁၉၀ ကျော်အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

“လောလောဆယ်တော့ ကမ္ဘာ့ရွှေဈေး ဆက်တက်သွားဦးမယ်လို့ ခန့်မှန်းရပါတယ်။ ရွှေဈေးအခုလို တက်ပြီးရင်း တက်နေတာက အမေရိကန်ဒေါ်လာကို စုဆောင်းငွေအဖြစ် တကမ္ဘာလုံးက ဝိုင်းပြီး ငြင်းနေသလို ဖြစ်နေပါတယ်။ အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသကို သေချာ မထိန်းနိုင်လို့ ပြဿနာအကြီးကြီး ပေါ်တိုင်း အမေရိကန်ဒေါ်လာဈေး ကျပြီး ကမ္ဘာ့ရွှေဈေး တက်ပါတယ်။ အခု တချိန်တည်းမှာပဲ အစ္စရေးကလည်း ဂါဇာစစ်ကို ဆင်နွှဲနေတာရှိနေတော့ ကမ္ဘာ့ဈေးက ၄၀၀၀ ကိုတော့ ကျော်လာပြီပေါ့။ စစ်ပွဲ ရှိနေသရွေ့ကတော့ ဈေးက တက်နေဦးမှာပါပဲ” လို့ ရွှေဈေးကွက် ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။

ကမ္ဘာ့‌ရွှေဈေးနှုန်းဟာ အခု ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ တအောင်စကို အမေရိကန်ဒေါ်လာ ၄၂၀၀ အထိ ရှိလာနိုင်တယ်လို့ Union Bank of Switzerland - UBS မှ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပြီး တခြားသော အဖိုးတန်သတ္တု တန်ဖိုးတွေလည်း လိုက်ပါ မြင့်တက်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနဲ့အတူ ပြည်တွင်း ရွှေဈေးတွေ လိုက်ပါ မြင့်တက်နေပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတန်းကိုတော့ မရောက်သေးဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ဈေးကတော့ တက်တယ်။ အဝယ်က မရှိဘူး။ အခုက နိုင်ငံခြားကို မှောင်ခိုထုတ်တဲ့ လိုင်းသမားတွေပဲ နည်းနည်းပါးပါး ဝယ်ကြတာရှိတယ်။ အဝယ်မရှိတော့ ပြည်တွင်း‌ ရွှေဈေးက ဖြစ်သင့်တဲ့ ဈေးထက်တောင် ကျနေသေးတယ်။ တကယ်တမ်း ကမ္ဘာ့ဈေးနဲ့ တွက်ကြည့်မယ်ဆို ၈၆ သိန်းခွဲလောက် ဖြစ်ရမှာ” လို့ နောက်ထပ် ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

လက်ရှိ ရွှေ‌ဈေးကွက်အတွင်း အရောင်းအဝယ်တွေ အေးနေပြီး လတ်တလော ရောက်ရှိနေတဲ့ ဈေးတန်းကြောင့်လည်း ရွှေဝယ်ယူကြသူတွေ မရှိသလောက် ဖြစ်‌နေတယ်လို့ သူက ပြောပါတယ်။

လက်ရှိ ပြင်ပ ရွှေဈေးကွက်အတွင်း ကမ္ဘာ့ဈေးနဲ့အတူ ရွှေဈေးနှုန်းတွေ ပြောင်းလဲ မြင့်တက်နေပေမယ့် ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ ရည်ညွှန်းဈေးကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကနေ ဒီကနေ့ အောက်တိုဘာ ၈ ရက်အထိ ကျပ် ငါးဆယ့်ကိုးသိန်း ကိုးသောင်းဝန်းကျင်မှာ မပြောင်းမလဲ ရှိနေဆဲ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာဈေးကတော့ လက်ရှိမှာ ရောင်းဈေး တဒေါ်လာ ၄၀၈၅ ကျပ်ဝန်းကျင်မှာ ရောက်ရှိနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကထက် ဈေးနှုန်း တဖြည်းဖြည်းချင်း ကျဆင်းလာတာကို တွေ့ရပါတယ်။

Photo - CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

ပန်းဘဲတန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်အလောင်းဖျောက်ခဲ့သူ သမီးရည်းစား (၂) ဦးကို ဖမ်းဆီးရမိ

အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်၍ အလောင်းဖျောက်ခဲ့သူ သမီးရည်းစား (၂) ဦးကို ဖမ်းဆီးရမိ ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာလ ၆ ရက်၊ နံနက် ၁၀ နာရီ ၂၀ မိနစ်က ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ (၃၂)လမ်းအထက်ဘလောက်ရှိ Beauty Land Hotel ၊ (၅)လွှာ၊ အခန်းအမှတ်(၅၀၂) ပြတင်းပေါက်အပြင်ဘက် Air Con Outdoor နှစ်ခုကြားရှိ အမှိုက်အိတ်အတွင်း၌ သေဆုံးနေသည့် အမျိုးသမီး တစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပလပ်စတစ်အမှိုက်အိတ်အတွင်း၌ သတ်ဖြတ်ခံထားရပြီး ဝမ်းတွင်းကလီ စာများ နှင့် ဝဲဘက်ပေါင်အသားများ လှီးဖြတ်ထုတ်ယူထားခြင်းခံထားရသည့် အသက်(၂၀)နှစ်ခန့် အမည်မသိအမျိုးသမီး တစ်ဦး၏ အလောင်းအား တွေ့ရှိရသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၉၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် အမှုရေးဖွင့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်နေ (၂၃)နှစ် အရွယ် မစုမြတ်ဝင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ်၊ အမှတ်(၇)အရှေ့ ရပ်ကွက်နေ အသက် (၁၈)နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ၎င်း၏ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေ အေမွန်အောင် တို့ဖြစ်ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့(၂)ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၇ ရက်၊နေ့လယ်ပိုင်းတွင် ၎င်းတို့၏နေအိမ် အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အောင်ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှုကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား ၂ ချောင်း၊ သေဆုံးသူ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ အောင်ခန့်ကျော်ဇင်၏ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန် အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံ ကြည့်ရှုလေ့ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် Telegram Channel မှတစ်ဆင့် မစုမြတ်ဝင်းအား ပျော်ပါးရန်အတွက် အခကြေးငွေဖြင့်ဆက်သွယ် ခေါ်ယူခဲ့ပြီး ပန်းဘဲတန်း မြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ်(၅၀၂)၌ ပျော်ပါးနေစဉ် ၎င်းကြည့်ရှုခဲ့သည့် လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများမှ ဇာတ်ဆောင်များအတိုင်း မစုမြတ်ဝင်းအား အသင့်ဆောင်ထားသည့် စတီးဓား ၂ ချောင်းဖြင့် ရက်စက်စွာသတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်း၏ရည်းစားဖြစ်သူ အေမွန်အောင်အား အဆိုပါဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်းအတွင်းပေကျံနေသည့် သွေးများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက်ဖျက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အောင်ခန့်ကျော်ဇင်နှင့် အလောင်းဖျောက်ဖျက်ရာတွင် ပူးပေါင်း ပါဝင်ကျူးလွန်ခဲ့သူ အေမွန်အောင်တို့ကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Credit - NP News Agency

#centralnewsnaypyitaw

image

ရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူလာမယ့် ဂျော်ဒီအယ်ဘာ

အောက်တိုဘာ ၉

စပိန်နှင့် ဘာစီလိုနာနောက်ခံလူဟောင်းဂျော်ဒီအယ်ဘာဟာ မေဂျာလိဂ်ရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူလာကြတော့မှာ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိ အယ်ဘာဟာ စပိန်နှင့်အတူ ယူရို ၂၀၁၂ ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပြီး ဘာစီလိုနာနှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ဘာစီလိုနာကစားဖော်ဟောင်းများဖြစ်ကြတဲ့ လီယွန်နယ်မက်ဆီ၊ ဆာဂျီယိုဘက်ဇ်ကွက်၊ လူးဝစ်ဆွာရက်ဇ်တို့ရှိရာ အင်တာမိုင်ယာမီသို့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

မိုင်ယာမီဟာ မေဂျာလိဂ်ပလေးအော့ဖ်အဆင့်သို့ တက်လှမ်းထားပြီး ဖြစ်ကာ ဒီဇင်ဘာလတွင် ကစားရပါမယ်။

အယ်ဘာက "ကျွန်တော့်ဘဝရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ရှိတဲ့အခန်း အဆုံးသတ်ဖို့ နီးလာပါပြီ။ ဒီရာသီကုန်ရင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ယုံကြည်မှုအပြည့်၊ ပျော်ရွှင်မှုအပြည့်နဲ့ လုပ်သွားပါမယ်"လို့ ပြောကြားသွားပါတယ်။

အယ်ဘာဟာ ၂၀၂၃ ခုနှစ်တွင် စပိန်အတွက် ၉၃ ပွဲကစားပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပါတယ်။

အယ်ဘာမတိုင်မီ အင်တာမိုင်ယာမီ ကစားဖော် ဘက်ဇ်ကွက်ကလည်း ရာသီအကုန်တွင် အနားယူတော့မယ်လို့ ကြေညာထားပါတယ်။

#ဘောလုံးသတင်းစုံ

image

MAPCO ၏ ဖွဲနုဆီစက်ရုံစီမံကိန်း အမြန်ဆုံး အပြီးသတ်ရန် စက်မှုဝန်ကြီး ညွှန်ကြား

ရန်ကုန်၊ အောက်တိုဘာ ၈

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) က တည်ဆောက်နေတဲ့ ဖွဲနုဆီစက်ရုံစီမံကိန်းကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ဖို့ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ဖွဲနုဆီစက်ရုံစီမံကိန်း၊ ဆိုလာစက်ရုံစီမံကိန်းနဲ့ SDK စနစ်နဲ့ လျှပ်စစ်သုံးယာဉ် တပ်ဆင်ထုတ်လုပ်မယ့် စီမံကိန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး စီမံကိန်းတွေကို အမြန်ဆုံးအပြီးသတ်ဖို့ ပြောကြားခဲ့တာပါ။

စက်မှုဝန်ကြီးက စက်ရုံအဆောက်အအုံတွေ တည်ဆောက်ရာမှာ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ - ၂၀၂၅ နဲ့အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရမယ်လို့ အသိပေးခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်အနေနဲ့ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းတွေကို အောင်မြင်အောင် တွန်းအားပေး ဆောင်ရွက်လျက်ရှိတာကြောင့် ဖွဲနုဆီစက်ရုံစီမံကိန်းလုပ်ငန်းတွေ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်ပြီး လယ်ယာထွက်ကုန်ပစ္စည်းတွေကို တန်ဖိုးမြင့် စတင်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဆန်စပါးလုပ်ငန်းရဲ့ ဘေးထွက်ပစ္စည်းဖြစ်တဲ့ ဖွဲနုမှ စားသုံးဆီထုတ်လုပ်ဖို့ MAPCO အနေနဲ့ ၂၀၂၄ ခုနှစ်ကတည်းက ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး MAPCO ကုမ္ပဏီပိုင် ဆန်စက်၊ ပေါင်းဆန်စက်နဲ့ အနီးတဝိုက်က အခြားဆန်စက်များရဲ့ ဖွဲနုကုန်ကြမ်းတွေကို အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။

ဖွဲနုဆီထုတ်လုပ်ဖို့ အိန္ဒိယနိုင်ငံက စက်ပစ္စည်းတွေနဲ့ Solvent Extraction နည်းပညာကို အသုံးပြုသွားမှာဖြစ်ပြီး တန် (၂၀၀) ဆီကြမ်းစက်ရုံနဲ့ တန် (၅၀) ဆီချောစက်ရုံတို့ကို တည်ဆောက်သွားမှာပါ။

စက်ရုံရဲ့ တစ်နှစ်ထုပ်လုပ်မှု ပမာဏမှာ ဆီကြမ်း တန်(၉၀,၀၀) နဲ့ ဆီချော (စားဆီ) တန် (၆,၃၀၀) ထုတ်လုပ် ရရှိနိုင်မယ်လို့ MAPCO ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Credit - BETV Business

#centralnewsnaypyitaw

image

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ၂၀၇ ကီလို ဖမ်းဆီးရမိ

အောက်တိုဘာ ၈

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ၂၀၇ ကီလို ဖမ်းဆီးရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာရှိ စိုင်းရှဲန်တွီ၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ စိုင်းရှဲန်တွီ၊ ဖိလစ်(ခ)အကိန်၊ အိုက်မောင်၊ စိုင်းဝန်း၊ အိုက်အွန်ကျောက်၊ စိုင်းရှဲန်ဖနှင့် စိုင်းလောင်နွဲ့တို့ ခုနှစ်ဦးနှင့်အတူ အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလျံ)၊ TOYOTA FORTUNER ယာဉ် တစ်စီး၊ HONDA CIVIC ယာဉ် တစ်စီး၊ TOYOTA CROWN ယာဉ် ၁ စီး၊ ISUZU D-MAX ယာဉ် တစ်စီးတို့အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိတရားခံများကို ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ယင်းနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးရမိပြီး အိုက်စ်(မက်သ်အဖက်တမင်း)များ၏ ပိုင်ရှင်ဖြစ်သူ စိုင်းမွန်း နေထိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ စိုင်းမွန်းမှာ တိမ်းရှောင်လျက်ရှိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
21 w - Translate

လက်ဆောင်ရ

image

စာရွက်စာတမ်းအတုများဖြင့် နိုင်ငံခြားသား ကစားသမားများကို အသုံးပြုနိုင်ရေး ကြိုးပမ်းမှုကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်နေရတဲ့ မလေးရှားဘောလုံးအဖွဲ့ချုပ်

အောက်တိုဘာ ၉

ဖီဖာက မလေးရှားဘောလုံးအဖွဲ့ချုပ်မှာ နိုင်ငံခြားဖွား ကစားသမားများကို လက်ရွေးစင်အသင်းတွင် အသုံးပြုနိုင်ရေးအတွက် မလေးရှားနိုင်ငံသားစာရွက်စာတမ်းအတုများဖြင့် ပြုလုပ်နေကြောင်း စွပ်စွဲလာပါတယ်။

ဖီဖာဟာ စက်တင်ဘာလနှောင်းပိုင်းကတည်းက ယင်း နိုင်ငံခြားဖွား ကစားသမား ၇ ဦးတို့အား အသုံးပြုခွင့် ရပ်ဆိုင်းလာတဲ့အပြင် ဒဏ်ရိုက်မှုလည်း ပြုလုပ်လာပါတယ်။

ဖီဖာာက မလေးရှားအဖွဲ့ချုပ်ဟာ ယင်းကစားသမားများရဲ့ အဖိုးအဘွားများမှာ မလေးရှားတွင် မွေးဖွားတယ်ဆိုပြီး ရိုးရှင်းတဲ့ လိမ်လည်မှုမျိုးဖြင့် လက်ရွေးစင်အသင်းတွင် အသုံးပြုရန် ကြိုးပမ်းလာခြင်း ဖြစ်ကြောင်း စွပ်စွဲထားပါတယ်။

ဒါပေမယ့် မလေးရှားဘောလုံးအဖွဲ့ချုပ်ကတော့ စီမံခန့်ခွဲမှုအမှားကြောင့် ယင်းသို့ ဖြစ်ပျက်သွားခဲ့ခြင်းမျှသာ ဖြစ်ကြောင်း၊ ဖီဖာထံ အယူခံဝင်သွားမည်ဖြစ်ကြောင်းနှင့် ယင်းကစားသမားများမှာ မလေးရှားအတွက် ကစားခွင့်ရှိနေကြသူများဖြစ်ကြောင်း ထပ်လောင်းဆိုထားပါတယ်။

ဖီဖာဟာ ဘိုးဘွားစည်းမျဉ်းဖြင့် နိုင်ငံခြားသား ကစားသမားများအား မိဘနှင့် ဘိုးဘွားနိုင်ငံတို့အတွက် ကိုယ်စားပြု ကစားခွင့်ပေးထားပါတယ်။

လက်ရွေးစင်အသင်းများဟာ ယင်းစည်းမျဉ်းကို ရိုးရှင်းစွာ အသုံးချပြီး နိုင်ငံခြားသား ကစားသမားကောင်းများကို အသုံးပြုနိုင်ရေး လုပ်ဆောင်ခဲ့ပါတယ်။

ဖီဖာဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဗီယက်နမ့်ကို ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ မလေးရှားကစားသမားများကို စစ်ဆေးမှု ပြုလုပ်ရာတွင် တရားမဝင်ကစားသမားများကို အသုံးပြုနေကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့်လည်း ဖီဖာဟာ ယင်းကစားသမားများကို ကစားခွင့် တစ်နှစ်ပိတ်ပင်လာသလို ဒေါ်လာ ၂၅၀၀ ဝန်းကျင်လည်း ဒဏ်ရိုက်ခဲ့ပါတယ်။

ဒါ့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ်မှာလည်း ဒေါ်လာ ၄၄၀၀၀၀ ဝန်းကျင်ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်းတွင် အရှေ့တောင်အာရှနိုင်ငံများဟာ နိုင်ငံခြားသား ကစားသမားများကို လက်ရွေးစင်အသင်းတွင် အသုံးပြုရေး ကြိုးပမ်းလာကြပါတယ်။ အင်ဒိုနီးရှားက အင်ဒိုနွယ် ဒတ်ချ်ကစားသမားများအား အသုံးပြုနေပါတယ်။

မလေးရှားဟာ ယခုနှစ်အစောပိုင်းတုန်းက အာဂျင်တီးနား၊ ဘရာဇီးနှင့် စပိန်ဖွား ကစားသမား ၇ ဦးတို့ရဲ့ ဘိုးဘွားများမှာ မလေးရှားတွင် မွေးဖွားတယ်ဆိုပြီး ဖီဖာထံ တင်ပြခဲ့ပါတယ်။

ဒါပေမယ့် ဖီဖာက ယင်းတို့အား စစ်ဆေးရာတွင် စာရွက်စာတမ်းအတုဖြင့် တင်ပြထားခြင်းမျှသာ ဖြစ်ကြောင်း တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

မလေးရှားဘောလုံးပရိသတ်များဟာ နိုင်ငံခြားသားများကို စာရွက်စာတမ်းအတုဖြင့် အသုံးပြုရန် ကြိုးပမ်းတဲ့ ဘောလုံးအဖွဲ့ချုပ်အား အကြီးအကျယ် ဒေါသထွက်လျက်ရှိကြပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

အိန္ဒိယမှာ မြေပြိုပြီး ဘတ်စ်ကားပိမိလို့ လူ ၁၅ ယောက်သေ

ဒေလီ ၊ အောက်တိုဘာ ၈

အိန္ဒိယနိုင်ငံ တောင်ထူထပ်သော ဟိမ၀န္တာ ပြည်နယ်မှာ မြေပြိုမှုအတွင်း ဘတ်စ်ကားတစ်စီး ပိမိပြီးနောက် လူ ၁၅ ယောက်သေဆုံးပြီး ကလေးငယ်တယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောပါတယ်။

အင်္ဂါနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုမှာ ကလေးနှစ်ယောက်လည်း ဒဏ်ရာရခဲ့ကြောင်း အမျိုးသား သဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ မတော်တဆမှုမှာ အမျိုးသားကိုးယောက်၊အမျိုးသမီး လေးယောက်နဲ့ အပြစ်မဲ့ကလေး နှစ်ယောက်အပါအဝင် လူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ အတည်ပြုပါတယ်။

မြေပိပြီးနေတဲ့ ဘတ်စ်ကားရဲ့ အပျက်အစီးတွေနဲ့ မြေစာတွေကို တူးဖော် ဖယ်ရှားရင်း ပျောက်ဆုံးနေသူတယောက်ကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်း ရှာဖွေနေပါတယ်။ ကယ်ဆယ်ရေး လုပ်သားအချို့က မြေကြီးတွေကို စက်ယန္တရားကြီးတွေနဲ့ ရှင်းလင်းနေပါတယ်။

“ဒီဖြစ်ရပ်ရဲ့ အဓိကအကြောင်းအရင်းကတော့ ဒေသတွင်းမှာ ပြီးခဲ့တဲ့ နှစ်ရက်လောက်က မိုးသည်းထန်စွာရွာနေတာကြောင့်” လို့ ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ယခုရက်သတ္တပတ်အတွင်း အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသတဝန်းမှာ နေရာအနှံ့ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တနင်္လာနေ့အထိ အနောက်ဘန်ဂေါပြည်နယ် Darjeeling ခရိုင်တွင် အနည်းဆုံး လူ ၂၃ ယောက် သေဆုံးခဲ့ပြီး နေအိမ်တွေရေနစ်မြုပ်ပြီး လမ်း တံတားတွေ ပျက်စီးခဲ့ပါတယ်။ အိမ်နီးချင်း နီပေါမှာလည်း ရေကြီး မြေပြိုမှုတွေကြောင့် လူ ၅၀ ကျော်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref: CNA
Photo:AP

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

ကမ္ဘာရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ (၄၀၀၀)ကျော်အထိဆက်လက်မြင့်တက်

အောက်တိုဘာ ၉

အမေရိကန်နိုင်ငံ မှဖက်ဒရယ်အသုံးစရိတ်ဖြတ်တောက်မှုများကြောင့် ကမ္ဘာရွှေဈေးမှာ ဆက်တိုက်မြင့်တက်နေပြီး ရွှေတစ်အောင်စလျှင် (၄၀၃၀)ဒေါ်လာအထိရောက်ရှိလာကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ပြည်တွင်းရွှေဈေးကွက်အတွင်းသက်ရောက်မှုရှိနေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် (၈၂)သိန်းအထိ ပေါက်ဈေးများဖြစ်ပေါ်နေသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း မှရည်ညွန်းသတ်မှတ်ဈေးမှာ (၅၉၉၀၀၀၀) ကျပ်သတ်မှတ်ထားသော်လည်း ယင်းဈေးဖြင့်အရောင်းအဝယ်ပြုလုပ်သူနည်းပါးသည်။

ပြင်သစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ဂျပန်အစိုးရ၏ ငွေချေး စာချုပ် မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်ချက်၊ လက်ရှိဖြစ်ပေါ်နေသော အမေရိကန်အစိုးရ၏ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခြင်းများသည် ကမ္ဘာ့ရွှေဈေးတက်လာစေခြင်း၏ အဓိက အကြောင်းအရင်းဖြစ်ကြောင်းသိရသည်။

ခိုင်မာ၍ လုံခြုံစိတ်ချရသော ရွှေကို ဝယ်ယူလာသည့် ဝယ်လိုအားနှင့် ဒေါ်လာဈေး ကျဆင်းမှုတို့ကြောင့် ကမ္ဘာ့ရွှေဈေးမှာ ယခုနှစ်အတွင်း ၅၀ ရာခိုင်နှုန်းထိ တိုးလာခဲ့ပြီး ပြီးခဲ့သည့် မတ်လအစက တအောင်စလျှင် ဒေါ်လာ ၃၀၀၀ ကျော်မှ စက်တင်ဘာလတွင် တအောင်စလျှင် ၃၈၀၀ အထိ ရောက်ရှိခဲ့ကြောင်း၊ ယခု အောက်တိုဘာဒုတိယပတ်၌ ၄၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း သိရသည်။

ရွှေဈေးနှုန်းသည် နှစ်ကုန်တွင် တအောင်စလျှင် အမေရိကန်ဒေါ်လာ ၄၂၀၀ ရှိလာနိုင်ကြောင်း UBS (Union Bank of Switzerland) မှ ကျွမ်းကျင်သူများက ခန့်မှန်းထားပြီး အခြားသော အဖိုးတန်သတ္တု တန်ဖိုးများလည်း လိုက်၍ တက်လာနိုင်ကြောင်းသိရသည်။

Credit - NP News Agency

#centralnewsnaypyitaw

image

နေ့စဉ်မိုးလေဝသသတင်း
------------------------
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
=========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်း နေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားနည်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

image