ဂျပန်တွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် လူ ၃၀ ကျော်ဒဏ်ရာရ

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းတွင် ပြင်းအားရစ်ခ်ျတာစကေး ၇ဒသမ ၅ အဆင့်ရှိသော ငလျင်တစ်ခုဒီဇင်ဘာ ၈ ရက် ညပိုင်းက လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူ ၃၀ ဒဏ်ရာရရှိခဲ့ပြီး ထောင်ပေါင်းများစွာ သော လူများသည် ၎င်းတို့၏နေ အိမ်များမှ စွန့်ခွာခဲ့ရသည်။
ငလျင်သည် ဒေသစံတော်ချိန်ည ၁၁ နာရီ ၁၅ မိနစ်တွင် အာအိုမိုရီဒေသ၏ ကမ်းရိုးတန်းမှ ၈၀ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက်၅၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မိုးလေ၀သ အေဂျင်စီက ထုတ်ပြန်ထားသည်။
ကနဦးတွင် ဆူနာမီသတိပေးချက်များကို ထုတ်ပြန်ခဲ့သော်လည်းလက်ရှိတွင် ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ငလျင်ကြောင့် ရထားဝန် ဆောင်မှုများကို ရပ်ဆိုင်းထားပြီး အိမ်ထောင်ပေါင်းများစွာလျှပ်စစ်မီးပြတ်တောက်ခဲ့ရသည်။
လာမည့်ရက်များအတွင်း ပိုမိုပြင်းထန်သော ငလျင်လှုပ်ခတ်မှု တစ်ခု ဖြစ်ပွားနိုင်မှုကို အာဏာပိုင်များကသတိပေးထားကြောင်း ဒေသခံမီဒီယာများက ဖော်ပြထားသည်။
ရိုက်တာသတင်းဌာန၏ အဆိုအရ ဒေသခံ ကိုးသောင်းကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်များထုတ်ပြန်ထားသည်။ ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အပါအဝင် အရေးပေါ်ဘေးအန္တရာယ်တုံ့ပြန်ရေး အစီအမံများကို အကောင်အထည်ဖော်ရန် အစွမ်းကုန်ကြိုးစား နေသည်ဟု ဂျပန်အစိုးရ တာဝန်ရှိသူက ပြောသည်။
ငလျင်ကြောင့် ဟီဂါရှီဒိုရီနှင့်အိုနာဂါ၉ နျူကလီးယား ဓာတ်အားပေးစက်ရုံများတွင် ပျက်စီးမှုများ မရှိ
ကြောင်း တိုဟိုကူ လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီက ပြောသည်။ ထို့ပြင်ဆူနာမီကြောင့် ပျက်စီးပြီးနောက်ပိတ်ထားသော ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံတွင်လည်းထူးခြားမှုတစ်စုံတစ်ရာမရှိဟု ဂျပန်တာဝန်ရှိသူများက နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီကို အကြောင်းကြားထားသည်။

image

မင်္ဂလာတောင်ညွန့်မြို့နယ်တဝိုက်တွင် တရားမဝင်သွယ်တန်းထားသော ဝိုင်ဖိုင်ကြိုးများနှင့် လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သည့် ဆက်သွယ်ရေးကြိုးများအား ဖယ်ရှားရှင်းလင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် မင်္ဂလာတောင်ညွန့်မြို့နယ် တဝိုက်တွင် တရားမဝင်သွယ်တန်းထားသော ဝိုင်ဖိုင်ကြိုးများနှင့် လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သည့် ဆက်သွယ်ရေးကြိုးများအား ဖယ်ရှားရှင်းလင်းခဲ့သည်။
ယင်းဆက်သွယ်ရေးဝိုင်ဖိုင်ကြိုးများသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားခြင်းလည်း ဖြစ်သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဆိုသည်။
ထို့ပြင် တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့်လည်း မြို့တော်အင်္ဂါရပ်များနှင့် အညီ စနစ်တကျသွယ်တန်းထားခြင်းရှိ/မရှိ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိစစ်ဆေးခြင်းများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်မှုကို မင်္ဂလာတောင်ညွန့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ မင်္ဂလာတောင်ညွန့်မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများ၊ တရားဝင်ခွင့်ပြုထားသည့်ဆက်သွယ်ရေးကုမ္ပဏီများမှ ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

image

စဥ့်အင်တံတား ကြမ်းခင်းများပြင်ဆင်ရန် ရှိနေပြီး ယာယီပိတ်ထားရမည့် အခြေအနေရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် လားရှိုးကြားရှိ စဥ့်အင်တံတား၏ ကြမ်းခင်းများပြင်ဆင်ရန် ရှိနေပြီး ယင်းသို့ ပြ င်ဆင်နေစဉ် (၃) ရက်ခန့် ယာယီပိတ်ထားနိုင်သည်ဟု ဒေသခံတစ်ဦးထံက သိရသည် ။
တံတားပြင်ဆင်ချိန်၌ ဒေသတွင်း ခရီးသွားများ အဆင်ပြေစေရန် စဥ့်အင်ဖောင်ဆိပ်မှတဆင့် ဖောင်ဖြင့်ကားငယ်များကို အသွားအပြန် ပို့ဆောင်ပေးသွားမည်ဟုလည်း သိရသ ည်။
စဉ့်အင်တံတားပြင်ဆင်မှုအား ယနေ့တွင်စတင်ပြင်ဆင်မည်ဟု သိရသော်လည်း လက်ရှိအချိန်အထိ တံတားပိတ်ထားခြင်းမျိုးမတွေ့ရဘဲ ခရီးသွားယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာနေသေးကြောင်း ဆိုသည်။
ရှမ်း/မြောက်ဒေသရှိ သီပေါတံတားကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာ (၁၄)ရက် နံနက်ပိုင်းမှ စတင်ပိတ်ထားခဲ့ရာ တစ်လနီး ပါးကြာမြင့်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ဒေသအတွင်း ခရီးသွားများ အချိန်ကြန့်ကြာခြင်း၊ ယာဉ်စီးခနှုန်းများ မြင့်တက်ခြင်းစသည့် အခက်အခဲပေါင်းများစွာကြုံတွေနေရသည်ဟု အဆိုပါ ဒေသခံက ရှင်းပြ သည်။

image

လွိုင်လင်လေးတိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်

ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများ ပြုလုပ်နေကာ လိုအပ်သည့်အခြေခံဆေးဝါးများ ဖြည့်တင်းထား
ကယားပြည်နယ်ရှိ ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဆေးရုံ၊ဆေးပေးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေပြီး လွိုင်လင်လေးမြို့ တိုက်နယ်ဆေးရုံးကို ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်ဆီးခဲ့သည့် လွိုင်လင်လေးတိုက်နယ်ဆေးရုံးကို ပြုပြင်ပြီးဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းကို သွားရောက်ကြည့်ရူခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများ၊ ဆေးရုံအတွင်းရှိ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ဆေးပေးခန်း၊ သားဖွားခန်း၊ ဆေးဝါးသိုလှောင်ခန်းနှင့် ပြင်ပလူနာဌာန ဖွင့်လှစ်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဆေးရုံအတွင်း မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများနှင့် ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ပြည့်စုံစွာထားရှိရေး ဆောင်ရွက်သွားရန်၊ ဆေးကုသမှုလုပ်ငန်းများ စနစ်တကျ ဖြစ်စေရေး၊ ကျန်းမာရေးဝန်ထမ်းများ၏ နေထိုင်မှု အဆင်ပြေစေရေး စီမံပေးသွားရန်နှင့် ဆေးရုံဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားရန်” ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြောကြားခဲ့သည်။
လက်ရှိ ဝန်ထမ်းများတာဝန်ထမ်းဆောင်မှု၊ ဆေးရုံဖွင့်လှစ်၍ကျန်းမာရေး စောင့်ရှောက်ပေးနေမှုနှင့် လိုအပ်သည့်အခြေခံဆေးဝါးများ ဖြည့်တင်းထားရှိထားကြောင်းလည်း သိရသည်။

image

နိုဝင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော်တင်ပို့ထား

ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ထိုသို့တင်ပို့ရာတွင် ဆန်ကွဲတန်ချိန် ၁၄၆၁၅၁ တန်နှင့် ဆန်တန်ချိန် ၁၁၇၆၆၄ တန် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၇၆ သန်းရရှိထားကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၇၈၇၁၄၃ တင်ပို့ထားပြီး ယင်းမှပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၇၅ သန်းရရှိခဲ့ကြောင်း သိရသည်။
ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်ပို့ခြင်းဖြစ်ကာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အများဆုံးတင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေဖြင့် ဧပြီလတွင် တန်ချိန် ၁၄၂၇၈၈ တန်၊ မေလတွင် တန်ချိန် ၂၅၉၅၀၁ တန်၊ ဇွန်လတွင် တန်ချိန် ၂၁၂၄၁၆ တန်၊ ဇူလိုင်လတွင် ၂၃၀၆၇၂ တန်၊ ဩဂုတ်လတွင် ၁၉၂၉၈၅ တန်၊ စက်တင်ဘာလတွင် ၁၆၈၀၄၆ တန်၊ အောက်တိုဘာလတွင် ၃၁၆၉၂၀ တန်နှင့် နိုဝင်ဘာလတွင် ၂၆၃၈၁၅ တန်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

image

နောင်ချိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများ ဆောင်ရွက်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများကို ဒေသအာဏာပိုင်များက ဆောင်ရွက်နေသည်။
နောင်ချိုမြို့နယ် မြို့မဈေးနှင့်နောင်ချို-ကံကြီး လမ်းမကြီးပေါ်ရှိ ဈေးရောင်းချနေသော ဈေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နောင်ချိုမြို့နယ်ဦးစီးရုံး (ယာယီရုံး)သို့ လာရောက်ကြသည့်ပြည်သူများအား “ဒို့နဲ့အတူတူမဲပေးကြမယ်” စာသားနှင့် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” စာသားပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးနေခြင်းဖြစ်သည်။
ထိုစာစောင်များအား နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူများလက်ဝယ်အ‌ရောက် ဖြန့်ဝေခဲ့ကြခြင်း ဖြစ်သည်။

image

ဥရောပဟာ 'မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်' ဟု ထရမ့်ဆို

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ "မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ရွေ့လျားနေတယ်" လို့ သတိပေးပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော်မှာ စိုက်ပျိုးရေးလုပ်ငန်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒီဒဏ်ငွေကိစ္စကို မေးမြန်းတဲ့အခါ ထရန့်က ဘရပ်ဆဲလ်ရဲ့ ဆုံးဖြတ်ချက်ကို "မကောင်းဆိုးဝါးဆန်တယ်" လို့ ပြောဆိုခဲ့ပြီး၊ "ဥရောပက အရမ်းသတိထားရလိမ့်မယ်" လို့လဲ ဖြည့်စွက်ပြောခဲ့ပါတယ်။
သူက EU နိုင်ငံတွေ လိုက်လျှောက်နေတဲ့ လက်ရှိနိုင်ငံရေး လမ်းကြောင်းအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့က ဥရောပကို ဥရောပအဖြစ်ပဲ ဆက်ရှိနေစေချင်တယ်။ ဥရောပက မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို သွားနေတယ်။ ဒါဟာ အရမ်းဆိုးတယ်။ ပြည်သူတွေအတွက် အရမ်းဆိုးတယ်။ ဥရောပက ဒီလောက်ကြီး ပြောင်းလဲသွားတာကို ကျွန်တော်တို့ မလိုချင်ဘူး" လို့လဲ သမ္မတထရမ့်က ပြောပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဥရောပကော်မရှင်က X ကို EU ဒစ်ဂျစ်တယ် စည်းမျဉ်းတွေ ချိုးဖောက်မှုကြောင့် ဥရောပကော်မရှင်က ယူရို ၁၂၀ သန်း ဒဏ်ငွေချမှတ်ခဲ့တာပါ။
ဥရောပကော်မရှင် ကိုယ်စားလှယ် တွမ် ရေနီယာက သတင်းစာရှင်းလင်းပွဲမှာ X ဟာ ပွင့်လင်းမြင်သာမှုဆိုင်ရာ စည်းမျဉ်းတွေ ကို ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။ သူ့အဆိုအရ ဒီအထဲမှာ ပလက်ဖောင်းပေါ်က ငွေပေးဆောင်ရတဲ့ အပြာရောင် စစ်ဆေးပြီးသား(blue verified) အသုံးပြုသူ တံဆိပ် (badge)ကိစ္စလဲ ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူမဆို ဝယ်ယူနိုင်ပြီး X က လုံလောက်တဲ့ စစ်ဆေးအတည်ပြုမှုတွေ မလုပ်တဲ့အတွက် ဒါဟာ အထင်အမြင်လွဲစေတယ်လို့ ဆိုပါတယ်။

image

အဂတိကင်းပြီးကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်တည်ဆောက်နိုင်မှသာ နိုင်ငံတော်ဘက်ပေါင်းစုံမှဖွံ့ဖြိုးတိုးတက်လာမည်

နိုင်ငံတော်ဘက်ပေါင်းစုံဖွံဖြိုးတိုးတက်ရေးအတွက် အဂတိလိုက်စားမှုကင်းစင်ရေးနှင့်ပတ်သက်၍ ယနေ့ ဒီဇင်ဘာ ၉ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မိန့်ခွန်းပြောကြားစဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်ရာ၌ အဂတိလိုက်စားမှုပြဿနာသည် ကြီးမားသည့်အဟန့်အတားဖြစ်၍ မိမိတို့အစိုးရအနေဖြင့် အမျိုးသားအကျိုးစီးပွားကိုအလေးထားပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ မျှတမှု၊ တရားဥပဒေစိုးမိုးမှုစသည့် ကောင်းမြတ်သောအ လေ့အထများ ပိုမိုမြင့်မားလာစေရေးကို မျှော်မှန်းပြီး အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးလုပ်ငန်းများကို နိုင်ငံရေးစိတ်ဆန္ဒပြင်းပြစွာနဲ့ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
" အဂတိကင်းပြီးကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တည်ဆောက်နိုင်မှသာ နိုင်ငံတော်ဟာ ဘက်ပေါင်းစုံမှာဖွံ့ဖြိုးတိုးတက်လာပြီး အများပြည်သူရဲ့ လူမှုဘဝတွေဟာလည်း မျှမျှတတနဲ့ သာယာဝပြောလာမှာဖြစ်ပါတယ်" ဟု နိုင်ငံတော်ယာယီသမ္မတက ပြောသည်။
ထို့ပြင် စည်းကမ်းကောင်းမွန်ပြီး ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတော်တည်ဆောက်ရာတွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်များလိုအပ်ကာ ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ်ကိုဖော်ဆောင်ရာ၌ အဂတိလိုက်စားမှုကင်းစင်ရန်လိုအပ်ပြီး အဂတိလိုက်စားမှုသည့် ကောင်းမွန်သည့်အုပ်ချုပ်ရေးအတွက် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

image

တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတို-က်ဖျ-က်ရေးကော်မတီအစည်းအဝေးကို နေပြည် တော်၌ပြုလုပ်

အကြမ်းဖက်မှုတို-က်ဖျ-က်ရေးနယ်ပယ်တွင် တုန့်ပြန်မှုများလျင်မြန်စွာပြုလုပ်နိုင်ရေးဆိုင်ရာနည်းလမ်းများကိုဆွေးနွေး
တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတို-က်ဖျ-က်ရေးကော်မတီအစည်းအဝေးအား ယနေ့ ဒီဇင်ဘာ ၉ ရက်က နေပြည်တော်၌ကျင်းပရာ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးသန်းထိုက်၊ ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒု-ကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ဒု-ဗိုလ်ချုပ်ကြီးသန်းထိုက်မှ နှစ်နိုင်ငံပူးတွဲအကြမ်းဖက်မှုတို-က်ဖျ-က်ရေးကော်မတီ အစည်းအဝေး အပြန်အလှန်အလှည့်ကျကျင်းပခြင်းဖြင့် တပ်မတော်နှစ်ရပ်ကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍတွင် သတင်းအချက်အလက်စီးဆင်းမှုကို လျင်မြန်စွာဆောင်ရွက်နိုင်လာခြင်း၊ နည်းပညာဆိုင်ရာများပိုမိုပူးပေါင်းလုပ်ဆောင်လာနိုင်ခြင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လေ့ကျင့်ခန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းအပြင် ပုံသဏ္ဍာန်ပြောင်းလဲလာသည့် အကြမ်းဖက်မှုတို-က်ဖျ-က်ရေးဆိုင်ရာ စစ်ဆင်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အပြန်အလှန် အထောက်အကူပြုနိုင်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒု-ကြည်းတပ်ဦးစီးချုပ်မှလည်း ရုရှား-မြန်မာနှစ်နိုင်ငံကြား ဒေသတွင်းတည်ငြိမ်အေးချမ်းမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ အကြမ်းဖက်မှုတို-က်ဖျ-က်ရေးလုပ်ငန်းစဉ်များအား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များသည် အကြမ်းဖက်မှုတို-က်ဖျ-က်ရေးနယ်ပယ်တွင် တုန့်ပြန်မှုများ လျင်မြန်စွာပြုလုပ်နိုင်ရေးဆိုင်ရာနည်းလမ်းများအား သတ်မှတ်ခေါင်းစဉ်များအလိုက် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် နှစ်နိုင်ငံပူးတွဲ ကော်မတီဥက္ကဋ္ဌများကပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

ချော်တွင်းကုန်းမီးပွိုင့်အနီးတွင် ရပ်ထားသည့်ကား(၃) စီးကို ဝင်တိုက်ခဲ့သည့် အိမ်စီးကားမောင်းသူအား မရမ်းကုန်းမြို့မရဲစခန်းတွင်အမှုဖွင့်ထား

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်း၏ ချော်တွင်းကုန်းမီးပွိုင့်အနီးတွင်ရပ်ထားသော ကား(၃)စီးကို အိမ်စီးကားမှဝင်တိုက်မိခဲ့မှု ဒီဇင်ဘာ ၄ ရက်နံနက် ၂ နာ ရီကျော်ခန့်ကဖြစ်ပွားခဲ့ရာ ဝင်တိုက်ခဲ့သည့်အိမ်စီးကားမောင်းသူကို မရမ်းကုန်းမြို့မရဲစခန်း၌အမှုဖွင့်ထားကြောင်း သိရသည်။
Rav 4 ကားမှ Mark 2 (ရွှေငါး)ကား၊ Honda fit ကားနှင့် Suzuki Solio ကားတို့အားပြင်းထန်စွာတိုက်မိခဲ့ရာ Mark 2 ကားမှာကြေမွပျက်စီးမှုများပြားခဲ့ပြီး အခြား ကား(၂)စီးမှာလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ထိခိုက်ပျက်စီးခဲ့သည့် ကားပိုင်ရှင်များမှ Rav 4 ကားမောင်းသူအား မရမ်းကုန်းမြို့နယ်ရဲစခန်းတွင်အမှုဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
" ကျွန်တော်တို့လည်းခံစားရတာပေါ့ဗျာ။ ဒီကားလေးနဲ့ တက္ကဆီဆွဲနေရတာ။ ဝင်ငွေလည်းနစ်နာတယ်။ ကိုယ့်ပိုက်ဆံလည်းစိုက်ထုတ်ပြင်ရဦးမယ်။ အိမ်က ကလေးကိုလည်းကျောင်းပို့ဖို့ခက်သွားတယ်။ ကျူးလွန်သူတွေက သူတို့အမှားအတွက်လေးလေးစားစားတောင်းပန်တာလည်းမရှိဘူး"ဟု Suzuki Solio ကားပိုင်ရှင်က ပေါ်ပြူလာနယူးစ်ကိုပြောသည်။
ဖြစ်စဥ်တွင်ဝင်တိုက်ခဲ့သည့် Rav 4 ကားအား သက်ဆိုင်ရာတာဝန်ရှိသူများက တရားရင်ဆိုင်နေချိန်တွင် ခေတ္တထိန်းသိမ်းထားကာ တိုက်ခံရသောကား(၃)စီးအား ပိုင်ရှင်ဖြစ်သူများမှသာ ပြန်လည်ပြင်ဆင်ရမည်ဖြစ်သည့်အပြင် ဖြစ်စဥ်ဖြစ်ပွားချိန်က ကားများအားကရိန်းဖြင့်ဆွဲရသဖြင့် ကရိန်းဆွဲခကုန်ကျစရိတ်များကိုလည်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
ယခုကာလသည် ရန်ကုန်မြို့ပေါ်၌ ယာဉ်အန္တရာယ်ကင်းစင်ရေးအတွက်အထူးကြပ်မတ်စောင့်ကြည့်နေသောကာလဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်ပွားသောအချိန်မှာ ညမထွက်ရအချိန်အကန့်အသတ်အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

image