ဆော်ဒီတွင် အခက်အခဲကြုံနေရသည့် မြန်မာအမျိုးသမီး (၂) ဦးအား ရီယာဒ်မြို့ မြန်မာသံရုံး နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့

ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေပြီး မိမိတို့၏ နေရပ်မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် နည်းမျိုးစုံဖြင့် အခက်အခဲ အကျပ်အတည်း ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၂) ဦးအား ရီယာဒ်မြို့ရှိ မြန်မာသံရုံးက ဆော်ဒီအာရေဗျနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) နှင့် အနီးကပ် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကာ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခက်အခဲကြုံတွေ့နေရသည့် မြန်မာအမျိုးသမီး (၂) ဦး မိမိတို့၏ မိသားစုများရှိရာ မြေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေးအတွက် မြန်မာသံရုံး တာဝန်ရှိသူများက လိုအပ်သည့် အထောက်အထားများနှင့် လေကြောင်းခရီးစဉ်များကို စနစ်တကျ စီစဉ်ပေးခဲ့သည်။ ၎င်းတို့သည် ယခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ရီယာဒ်-ဒူဘိုင်း-ဗန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်များဖြင့် စီးနင်းလိုက်ပါကာ မြန်မာနိုင်ငံသို့ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ ပြန်လည်ရောက်ရှိခဲ့ကြပြီ ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရီယာဒ်မြို့ မြန်မာသံရုံးအနေဖြင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိကာ ဘာသာစကား၊ ဗီဇာနှင့် အလုပ်အကိုင် အဆင်မပြေမှုများအပါအဝင် အမျိုးမျိုးသော လူမှုဒုက္ခနှင့် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံတကာ အာဏာပိုင်အဖွဲ့အစည်းများနှင့် အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းပူးပေါင်း၍ နေရပ်ပြန်နိုင်ရေးအတွက် ဆက်လက်ကာကွယ် စောင့်ရှောက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ပြည်ပသို့ သွားရောက်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့်လည်း မိမိတို့ရောက်ရှိရာ ဒေသရှိ မြန်မာသံရုံးများ၏ ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်များကို ကြိုတင်စုဆောင်းထားရှိရန် လိုအပ်သည်။

image