မန္တလေးတွင် တန် ၁၅၀ ဆန်စက်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် တန် ၁၅၀ ဆန်စက်ကို မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အကွက်အမှတ် (၅၉၀) ၌ ဖွင့်လှစ်ခဲ့သည်။
Royal Ruby Flower တန် ၁၅၀ ကျ ဆန်စက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လည်ပတ်လျက်ရှိသည့် ဆန်စက်များအနက် အဆင့်မြင့်ဆန်စက်ကြီးတစ်ခုဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားများ၏ လယ်ယာမြေများမှထွက်ရှိလာသော စပါးများ အလေအလွင့်မရှိစေရေး၊ ဈေးကွက်ရရှိရေး၊ အခြေခံတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားလာစေရေး၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးတို့ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောသည်။
တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့အနေဖြင့်လည်း သွင်းအားစုများ ပံ့ပိုးမှု၊ ထွက်ရှိသီးနှံများ ဈေးကွက်ချိတ်ဆက်ပေးမှုတို့ဖြင့် အကျိုးတူလယ်ယာစနစ် (Contract Farming System) ကို ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် အောင်သဇင်သမဝါယမအသင်းလီမိတက်တို့ အကျိုးတူ ပူးပေါင်းတည်ဆောက်မည့် တန် ၁၂၀ ကျ ဆန်စက် ပန္နက်တင်အခမ်းအနားသို့ တက်ရောက်ပြီး သတ်မှတ်နေရာများတွင် ပန္နက်တင်ပေး၍ စမ်းဝတီနို့ချက်စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ သဘာဝမြေဩဇာထုတ်လုပ်နေမှုများ ကိုလည်းကောင်း၊ ပန်းရိုးမရေသန့်စက်ရုံကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

image

ဖရဲသခွားမွှေးများ တရုတ်နိုင်ငံသို့ စတင်တင်ပို့နေ
----------------------

မြန်မာ-တရုတ် နယ်စပ်ဖြစ်တဲ့ မိုင်းလား-တာလော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ တရုတ်နိုင်ငံ ဈေးကွက်အတွင်းကို မြန်မာ့ဖရဲသီးနဲ့ သခွားမွှေးသီးတွေ စတင်တင်ပို့နေပြီဖြစ်တယ်လို့ ခွာညိုသစ်သီးပွဲရုံကနေ သိရပါတယ်။
အခုနှစ် ဖရဲ၊ သခွားမွှေးသီးရာသီချိန်မှာ မူဆယ်နယ်စပ်လမ်းကြောင်းကနေ တင်ပို့နိုင်ဖို့ မျှော်မှန်းထားကြပေမဲ့ လက်ရှိမှာတော့ တာလော့-မိုင်းလားလမ်းပိုင်းကနေပဲ တရုတ်ဈေးကွက်ကို တင်ပို့နေတယ်လို့ ဆိုပါတယ်။
မိုင်းလား-တာလော့ လမ်းကြောင်းကနေ တရုတ်ဈေးကွက်ကို ဖရဲသခွားမွှေးသီးတွေ တင်ပို့ရောင်းချရာမှာ လမ်းခရီးကြန့်ကြာမှုရှိသလို ကုန်ကျစရိတ်က ပိုများတယ်လို့ နယ်စပ်ကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။
အသီးအရည်အသွေးနည်းတဲ့ မိုးဖရဲသီးတွေကတော့ လမ်းခရီးဒဏ်မခံနိုင်လို့ ပျက်စီးတာမျိုး ရှိပါတယ်။ လတ် တလောမှာ ဖရဲသီးအရေအတွက် များများ မတင်ပို့နိုင်သေးပေမဲ့ တရုတ်ဈေးကွက်မှာ ဖရဲသီးရော သခွားမွှေးသီးပါ ဈေးကောင်းရနေပြီး တရုတ်ဈေးကွက်မှာ ဖရဲနဲ့သခွားမွှေး တစ်ကီလိုကို ၅ ယွမ်ကနေ ၆ ယွမ်ကြား ရရှိနေတယ်လို့ သိရပါတယ်။

image

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်အား တာဝန်မှ ရပ်စဲ

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်အား တာဝန်မှ ရပ်စဲကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက နိုဝင်ဘာ ၂၅ ရက်တွင် အမိန့် ၄၉/၂၀၂၅ ဖြင့်ထုတ်ပြန်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်အား တာဝန်မှ ရပ်စဲလိုက်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။
ယခုလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များကို စက်သုံးဆီတင်သွင်းရာတွင် ဈေးကစားမှုဖြင့် သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဒုတိယဝန်ကြီးဦးသန့်စင်အား တာဝန်မှ ရပ်စဲခဲ့ခြင်းလည်းဖြစ်သည်။

image

ပဲမျိုးစုံအရောင်းအဝယ်များကို ကုန်ပစ္စည်းမပါဘဲ အရောင်းအဝယ်ပြုလုပ်ခြင်း လုံးဝမပြုလုပ်ရန်ထုတ်ပြန်

ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရာတွင် ပြည်ပသို့တင်ပို့သည်အထိ ပြည်တွင်း၊ ပြည်ပ ပဲဈေးကွက် မှန်ကန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပဲမျိုးစုံအရောင်းအဝယ်ကို ကုန်ပစ္စည်းမပါဘဲ အလျော်အစားငွေနှင့် အရောင်းအဝယ် ပြုလုပ်ခြင်း(လေရောင်း/လေဝယ်)လုံးဝ(လုံးဝ)မပြုလုပ်ရန် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းက အသိပေးထုတ်ပြန်ထားသည်။
ကုန်ပစ္စည်းမပါဘဲ အရောင်းအဝယ်ဆောင်ရွက်နေသူများကို အသင်း၏ စည်းမျည်းစည်းကမ်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။
အဆိုပါထုတ်ပြန်ချက်ကို ယခုနိုဝင်ဘာလ ဒုတိယအပတ်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံပဲမျိုးစုံ၊ပြောင်းနှင့်နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)တို့ ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယဈေးကွက်သို့ အဓိကတင်ပို့လျက်ရှိပြီး ဈေးကွက်အသစ် ရှာဖွေတင်ပို့ခြင်းထက် ရှိပြီးသားဈေးကွက်များသို့ ပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲယဉ်း၊ ထောပတ်ပဲ စသည့် ပဲအမျိုးအစားပေါင်း ၂၀ ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပဲမျိုးစုံတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် ရရှိရန်မျှော်မှန်းထားပြီး အဆိုပါကာလအတွင်း ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်း တင်ပို့ဖို့လျာထား ဆောင်ရွက်နေကြောင်းလည်း သိရသည်။

image

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများစွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများကို ရုရှားနိုင်ငံက ဂုဏ်ပြုအမှတ်တံဆိပ်များပေးအပ်

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များကို ရုရှားနိုင်ငံ လူထုကာကွယ်ရေး အရေးပေါ်အခြေအနေများ နှင့် သဘာဝဘေးအန္တာရာယ်ဝန်ကြီးဌာန ( EMERCOM) က ဂုဏ်ပြုအမှတ်တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များကို ယနေ့ (နိုဝင်ဘာ ၂၅ )ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း ဆင်ဖြူရှင်ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မျိုးအောင် နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E Mr.Iskander Azizov ၊စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ ကာကွယ်ရေးဝန်ကြးဌာန မှ ဂုဏ်ပြုအမှတ်တံဆိပ်ချီးမြှင့်ခံရသည့် ကိုယ်စားလှယ်များတက်ရောက်ခဲ့ ကြောင်း သိရသည်။

image

ထိုင်ဝမ်အနီးကျွန်းပေါ်တွင်ဂျပန်ဒုံးကျည်များချထားမည်ကို တရုတ် ဝေဖန်

နှစ်နိုင်ငံအကြား သံတမန်ရေးအငြင်းပွားမှု ပြင်းထန်နေချိန်တွင် ထိုင်ဝမ်အနီးရှိ ကျွန်းတစ်ကျွန်းပေါ်၌ ဒုံးကျည်များ ကို ဖြန့်ကျက်ချထားမည့် ဂျပန်၏ အစီအစဉ်သည် ဒေသတွင်း တင်းမာမှုများကို ဖန်တီးရန်နှင့် စစ်ရေးထိပ်တိုက်တွေ့မှုများကို လှုံ့ဆော်ရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုဖြစ်ကြောင်း တရုတ်နိုင်ငံက စွပ်စွဲခဲ့သည်။
ဂျပန်ရှိ လက်ယာယိမ်းအင်အားစုများသည် ဂျပန်နှင့် ဒေသကို ဘေးအန္တရာယ်ဆီ ဦးတည်စေလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပေကျင်းသည် ၎င်း၏ နိုင်ငံပိုင်နက်နယ်မြေ နှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် စွမ်းရည်နှင့် စိတ်ပိုင်းဖြတ်ထားမှုရှိကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။
ထိုင်ဝမ်အရှေ့ပိုင်းကမ်းလွန် ၆၈ မိုင်အကွာတွင် ရှိသည့် ယိုနာဂူနီကျွန်းရှိ စစ်အခြေစိုက်စခန်းတွင် တာလတ်ပစ် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တပ်ဖွဲ့တစ်ခု တပ်ဖြန့်ချထားရေး အစီအစဉ်သည် ဖြည်းဖြည်းချင်းရှေ့တိုးဆောင်ရွက်လျက်ရှိသည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီးနောက် တရုတ်ဘက်မှ ယခုကဲ့သို့ တုန့်ပြန်လာခြင်းဖြစ်သည်။
အဆိုပါလုပ်ရပ်သည် အလွန်အန္တရာယ်များပြီး ပတ်ဝန်းကျင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအကြားတွင် ပြင်းထန်သော စိုးရိမ်မှုများကိုဖြစ်ပေါ်စေကြောင်း မော် က တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် တာကာအိချီ၏ အစောပိုင်းက ပြောဆိုချက်များနှင့် အထူးအားဖြင့် ချိတ်ဆက်ပြောဆိုသွားခဲ့သည်။

image

ရွှေကုက္ကိုလ်နယ်မြေမှ ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင် ငံသားများအနက် (၅၁)ဦကို ပြန်လည်လွှဲပြောင်း

ရွှေကုက္ကိုလ်နယ်မြေ၌ အွန်လိုင်း လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများလုပ်ကိုင်ရာတွင်ဆက်စပ်ပါ ဝင်ကာ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံ သားများအနက် (၅၁)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ နိုဝင်ဘာ ၂၅ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ကျန်ရှိသည့် ပြည်ပနိုင်ငံသားများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ၎င်းတို့၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအားရှင်းလင်းမှုများစတင်ပြုလုပ်သည့်နေ့မှစ၍ ယနေ့ နိုဝင်ဘာ ၂၅ ရက်အထိ ပြည်ပနိုင်ငံသား(၁,၈၄၇)ဦးကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ အွန်လိုင် လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ(၃,၀၉၈)လုံး၊ မိုဘိုင်းဖုန်း (၂၁,၇၅၀)လုံး၊ star Link ဘန်း(၁၀၂)လုံး၊ Router (၂၂)လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကိုသိမ်း ဆည်းရမိခဲ့သဖြင့် စနစ်တကျဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ယနေ့ နိုဝင်ဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် လာသည့် ပြည်ပနိုင်ငံသား(၁၂,၆၈၇)ဦးကို ထိန်းသိမ်းနိုင်ခဲ့ကာ (၁၂,၃၄၃)ဦးကို ပြည်နှင်နိုင်ရေးအတွက်စစ် ဆေးခဲ့ပြီး ၎င်းတို့အနက်မှ (၁၀,၀၂၉)ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အတူ ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၂,၆၅၈)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးနိုင်ရန်အသင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

image

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသားများကိုပေးထားသည့် TPS ရပ်ဆိုင်းခြင်းမှာ မြန်မာနိုင်ငံအခြေအနေတိုးတက်လာခြင်းကြောင့်ဖြစ်

အမေရိကန်ရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံကိုပြန်လာပြီး ရွေးကောက်ပွဲမှာ မဲပေးနိုင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်ဖို့ လက်ကမ်းကြိုဆိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
အမေရိကန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသားများကိုပေးထားသည့် Temporary Protected Status(TPS)အား ရပ်ဆိုင်းခြင်းမှာ မြန်မာနိုင်ငံ၏အခြေအနေတိုးတက်လာခြင်းကြောင့်ဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန Department of Homeland Security နှင့် အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့မှ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကိုပေးထားသည့် TPS ရပ်ဆိုင်းခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
" TPS ရပ်ဆိုင်းရတဲ့အကြောင်းရင်းက မြန်မာနိုင်ငံရဲ့ အခြေအနေတိုးတက်လာတာကြောင့်ပါ။ မြန်မာနိုင်ငံအစိုးရအနေနဲ့ အရေးပေါ်အခြေအနေက ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆောင်ရွက်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပစ်ခတ်တို-က်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတည်ငြိမ်လာမှုနဲ့ တိုးတက်မှုတို့ကြောင့် TPS အခွင့်အရေးရထားတဲ့ မြန်မာတွေအနေနဲ့ မြန်မာနိုင်ငံကို လုံခြုံစွာပြန်နိုင်ပြီဖြစ်ကြောင်းသုံးသပ်ပြီး ရပ်ဆိုင်းခဲ့တယ်ဆိုတာကိုသိရပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် အမေရိကန်အစိုးရ၏ထုတ်ပြန်ချက်သည် အပြုသဘောဆောင်သော ထုတ်ပြန်ချက်ဖြစ်ခြင်းကြောင့် အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသူ/နိုင်ငံသားများအနေဖြင့် အမိနိုင်ငံကိုပြန် လာ၍ရကာကြိုဆိုပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကြီးကျင်းပတော့မည်ဟု ပြောသည်။
" ဒါ့ကြောင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်လာပြီး ရွေးကောက်ပွဲမှာ မဲပေးနိုင်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်ဖို့ လက်ကမ်းကြိုဆိုပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂ ရက်ကပင် အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တရားဝင်ကြေညာချက်ထုတ်ပြီးဖိတ်ခေါ်ခဲ့သည်ဟု ပြောသည်။
" အဲ့ဒီထဲမှာ လူသ-တ်မှု၊ မုဒိမ်းမှုစတဲ့ ပြစ်မှုကြီးတွေကျူးလွန်သူတွေကတော့ တရားဥပဒေအရ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကျန်သူတွေကတော့ အထူးသက်ညှာစွာဖြေလျှော့ဆောင်ရွက်ပေးသွားပါမယ်လို့ ကြေညာချက်မှာပါခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်သူ တော်တော်များများပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ သူတို့ကနိုင်ငံအတွင်းမှာ ကောင်းမွန်စွာနေထိုင်လျက်ရှိပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင်လည်း ပြည် ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်များအနေဖြင့် PDF အဖွဲ့များကို တရားဥပဒေဘောင်အတွင်းဝင်ရောက်နိုင်ရန်ဖိတ်ခေါ်ခဲ့သဖြင့် PDF အဖွဲ့ဝင် ရာပေါင်းများစွာ တရားဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင်လည်း မြန်မာ နိုင်ငံ၌ ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းချက်ထုတ်ပြန်ပြီးဖိတ်ခေါ်ခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

image

အကြမ်းဖက်ခံရသူများကို တစ်နေရာတည်းတွင် ပြီးပြည့်စုံသောပြုစုစောင့်ရှောက်မှုပေးနိုင်သည့်
စင်တာဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးလျက်ရှိ

အကြမ်းဖက်ခံရသူများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ(One Stop Women Support Center- OSWSC) နှင့် ကျားမအခြေပြုအကြမ်းဖက်ခံရသူများကို တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ပြုစုစောင့်ရှောက်မှုပေးနိုင်သည့်စင်တာ ( One Stop Crisis Center - OSCC)တို့ကို ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးနေကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။
ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအခမ်းအနားကို နေပြည်တော်၌ ယမန်နေ့က ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါစင်တာများကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမားရေးဝန်ကြီးဌာနများတွင် ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ခြင်း၊တားဆီးခြင်း တုံ့ပြန်မှုပေးခြင်းများကို အစိုးရဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေပြီး အကြမ်းဖက်ခံရသူများအနေဖြင့် ဖုန်းနံပတ်1566 ကို တိုင်ကြားလာပါကလည်း စိစစ်အရေးယူဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
တိုင်ကြားမှုများကို လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲ သူ ၅၅၆ ဦး နှင့် ကူညီဆောင်ရွက်ပေးနေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
လက်ရှိ ဒစ်ဂျစ်တယ်အကြမ်းဖက်မှုများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်သည့်အတွက် ဥပဒေများ ပြဌာန်းပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအတွက် ဆောင်ပုဒ်မှာ “အမျိုးသမီးများအ‌ပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှု ပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး “ ဖြစ်ကြောင်း သိရသည်။

image

အားကောင်းသောမုန်တိုင်းငယ်ကြောင့် လေကြောင်းနှင့် ရေယာဥ်များသတိပြုကြရန် မိုးဇလသတိပေး

မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၃၀၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသော အားကောင်းသောမုန်တိုင်းငယ်ကြောင့် သတိပြုသွားလာမှုများပြုလုပ်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နိုဝင်ဘာ ၂၆ ရက်နံနက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။
ကော့သောင့်မြို့၏ ပင်လယ်ပြင်ကိုဗဟိုပြုနေသော် လည်း မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသော်လည်း ယင်း အရှိန်ကြောင့် မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးနိုင်မည်ဟု မိုးဇလကအသိပေးခဲ့သည်။
ထို့ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးနှိုးဆော်ခဲ့သည်။

image