အမေရိကန်ငြိမ်းချမ်းရေးအဆိုပြုချက်များလက်ခံရန် ဥရောပကို ရုရှားသမ္မတ သတိပေး
အမေရိကန်အစိုးရ၏ ယူကရိန်း ငြိမ်းချမ်းရေး အဆိုပြုချက်များကိုယူကရိန်းနှင့် ဥရောပတို့က လက်မခံခဲ့ပါက ယူကရိန်းနယ်မြေများကို စစ်အင်အားသုံး၍ ထပ်မံသိမ်းယူရလိမ့်မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ဒီဇင်ဘာ၁၇ ရက်တွင် သတိပေးလိုက်သည်။
အမေရိကန်အစိုးရသည် ၎င်း၏ယူကရိန်းငြိမ်းချမ်းရေးအဆိုပြုချက်များနှင့်ပတ်သက်၍ ရုရှား၊ ယူကရိန်း၊ ဥရောပတို့နှင့် သီးခြားဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အပြီးသတ် သဘောတူညီချက် ရယူနိုင်မှုမရှိသေးပေ။
အမေရိကန်အစိုးရ၏အဆိုပြုချက်များအရစစ်ပွဲပြီးဆုံးရေးအတွက်ယူကရိန်းနယ်မြေများစွန့်လွှတ်ပေးရမည့်အရေးကို ယူကရိန်းနှင့် ဥရောပ မဟာမိတ်များက စိုးရိမ်နေပြီး ယူကရိန်းအစိုးရကမူ ပိုမိုခိုင်မာသည့် လုံခြုံရေး အာမခံချက်များ ရယူနိုင်ရန် ဆန္ဒရှိနေသည်။
သို့ရာတွင် အမေရိကန်အစိုးရ၏ ယူကရိန်းငြိမ်းချမ်းရေးအဆိုပြုချက်များကို ယူကရိန်းနှင့် ဥရောပ တို့က လက်မခံခဲ့ပါက ယူကရိန်းနယ်မြေများအား စစ်အင်အားဖြင့် ထပ်မံရယူမည် ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြောကြားသည်။
ရုရှားနိုင်ငံသည် လက်ရှိအချိန်တွင် ၂၀၁၄ ခုနှစ်အတွင်း ရုရှားအချုပ်အခြာအောက်ထည့်သွင်းခဲ့သော ကရိုင်းမီးယားကျွန်းဆွယ်အပါအဝင် ယူကရိန်း နယ်မြေ ၁၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။ ရုရှားနိုင်ငံအစိတ်အပိုင်းအဖြစ် ရုရှားအစိုးရက ကြေညာထားသောယူကရိန်းနယ်မြေများမှာ ကရိုင်းမီးယားကျွန်းဆွယ်၊ ဒွန်းဘတ်နယ်မြေ၊ ခါဆန်ဒေသနှင့် ဇာပိုရစ်ဇီယာဒေသများဖြစ်ကြသည်။