ယခုနှစ်အတွင်း ပီအက်စ်ဂျီအတွက် ၆ လုံးမြောက် ဆုဖလား ရရှိအောင် ပင်နယ်တီ ၄ ကြိမ် ဆက်ကာကွယ်ခဲ့ရာမှာ ဒဏ်ရာရရှိခဲ့တဲ့ သူရဲကောင်းဂိုးသမား
=================

ပီအက်စ်ဂျီဂိုးသမားမတ်ဗိုင်းဆာဖိုနော့ဗ်ဟာ ပင်နယ်တီများစွာ ဆက်တိုက် ကာကွယ်ပြပြီး ပီအက်စ်ဂျီကို Intercontinental Cup ဖလား ရရှိအောင် ကူညီလာပါတယ်။
ပြင်သစ်ထိပ်သီးကလပ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက Fifa Intercontinental Cup ဖလားဗိုလ်လုပွဲအဖြစ် ကိုပါလီဘာတာဒို့စ်ချန်ပီယံ ဖလာမင်ဂိုနှင့် ရင်ဆိုင်ကစားခဲ့ရပါတယ်။
ယင်းပွဲမှာ ပွဲချိန်နှင့် အချိန်ပိုအတွင်း ခါဗီချာခဗာရက်ခီလီယာနှင့် ဂျော်ဂျင်ဟိုတို့ရဲ့ ဂိုးတွေကြောင့် တစ်ဂိုးစီသရေကျနေခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။
လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီဟာ ပင်နယ်တီအဆုံးအဖြတ်တွင် အရန်ဂိုးသမားဆာဖိုနော့ဗ်ရဲ့ လက်စွမ်းပြမှုနှင့်အတူ ၂၀၂၅ ခုနှစ်အတွင်း ၆ လုံးမြောက် ဆုဖလားအား ရယူနိုင်ခဲ့ပါတယ်။
ရုရှားဂိုးသမားဟာ ပင်နယ်တီအဆုံးအဖြတ်တွင် ပီအက်စ်ဂျီတို့ ၂-၁ ဖြင့် အနိုင်ရရှိအောင် ပင်နယ်တီ ၄ ကြိမ်ဆက်တိုက် အံ့မခန်းကာကွယ်ပေးခဲ့ပါတယ်။
သူဟာ ပင်နယ်တီအဆုံးအဖြတ်ကန်ပြီးချိန်မှာတော့ ကစားဖော်များရဲ့ လေပေါ်သို့ တင်မြှောက် ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။
အသက် ၂၆ နှစ်ရှိ ဂိုးသမားဟာ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက ဦးစားပေးဂိုးသမားလူးကပ်စ်ချီဗာလီယာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားပြီးနောက် ပီအက်စ်ဂျီအတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဆာဖာနော့ဗ်ဟာ ပင်နယ်တီအဆုံးအဖြတ်ကန်ပြီးချိန်တွင် ဘယ်ဖက်လက်အရိုးအက်ဒဏ်ရာရရှိနေကြောင်း တွေ့ရပါတယ်။
သူဟာ ယင်းဒဏ်ရာကို ပင်နယ်တီကာကွယ်ချိန်တွင် ရရှိခဲ့သလား၊ ယင်းမတိုင်မီကတည်းက ရရှိသလားဆိုတာ အတိအကျ မသိရသေးပါဘူး။
ရုရှားအတွက် ၁၇ ပွဲကစားထားတဲ့သူဟာ အနည်းဆုံးတော့ ၃ ပတ်မှ ၄ ပတ်အထိ အနားယူလာရတော့မှာ ဖြစ်ပါတယ်။
ဆာဖာနော့ဗ်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ခရက်စ်နိုဒါမှ ပီအက်စ်ဂျီသို့ ပြောင်းလာပြီးနောက် စုစုပေါင်း ၂၁ ပွဲ ကစားခွင့်ရထားပါတယ်။

image

ပထမဆုံးကမ္ဘာ့ဖလားဆွတ်ခူးရေး အကောင်းဆုံးပြင်ဆင်နေတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒို
=======================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီတို့ ကမ္ဘာ့ဖလား ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ရေးအတွက် အကောင်းဆုံးပုံစံရရှိရေး အကောင်းဆုံးပြင်ဆင်နေပါတယ်။
အသက် ၄၀ နှစ်ရှိ ဂန္ထဝင်ကစားသမားဟာ လာမယ့်နှစ်နွေရာသီတွင် ပေါ်တူဂီနှင့်အတူ နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားကစားလာပါမယ်။
ရော်နယ်ဒိုဟာ အိုင်ယာလန်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အနီကတ်ပြသခြင်းခံခဲ့ရပြီးနောက် ၃ ပွဲပယ်ခံခဲ့ရပေမယ့်လည်း ပထမဆုံးနိုင်ငံတကာပွဲ အနီကတ်ဖြစ်တာကြောင့် ၁ ပွဲသာ ခံရပြီး ကျန် ၂ ပွဲကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ချမှတ်ခြင်းခံလာရမှုကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားတွင် အဖွင့်ပွဲမှ စတင်ကစားလာနိုင်ပါမယ်။
ယနေ့တွင် ယူနိုက်တက်စူပါစတားဟောင်းဟာ ဆိုရှယ်မီဒီယာတွင် အဆီလုံးဝမရှိတဲ့ကျစ်လစ်တဲ့ ကြွက်သားများကို ရိုက်ကူးထားတဲ့ ဓာတ်ပုံအား တင်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်း ပြသလာပါတယ်။
ရော်နယ်ဒိုဟာ ယခုရာသီတွင် ဆော်ဒီကလပ် Al Nassr အတွက် ၁၂ ပွဲကစားထားရာတွင် ၁၁ ဂိုးသွင်းပြီး ၂ ကြိမ် ဖန်တီးထားပါတယ်။
သူဟာ ရာသီစတင်ပြီးနောက် ၃ ပွဲတည်းသာ ဂိုးသွင်းထားနိုင်ခြင်း မရှိပါဘူး။
ရော်နယ်ဒိုဟာ အားကစားသမိုင်းတွင် အကြီးကျယ်ဆုံးစာချုပ်အဖြစ် ပေါင် ၄၉၂ သန်းတန် ၂ နှစ်စာချုပ်အား ချုပ်ဆိုလိုက်ပြီးနောက် အကောင်းဆုံးပုံစံဖြင့် ကစားနေတာလည်း ဖြစ်ပါတယ်။
ပေါ်တူဂီအတွက် ၂၂၆ ပွဲ ကစားထားတဲ့ ရော်နယ်ဒိုဟာ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား ကစားလာမှာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်ခဲ့ဖူးခြင်း မရှိဘဲ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း မော်ရိုကိုအား ရှုံးနိမ့်ကာ ၁၆ သင်း ရှုံးထွက်အဆင့်မှပင် ထွက်ခဲ့ရပါတယ်။

image

ကလပ်နှင့် နည်းပြအန်းဆလော့အား ဝေဖန်မှု ပြုလုပ်ပြီးနောက် လီဗာပူးကစားဖော်များကို မိုဟာမက်ဆာလက်တောင်းပန်ခဲ့
====================

လီဗာပူးစတားကာတစ်ဂျုံးစ်က မိုဟာမက်ဆာလက်မှာ ကလပ်နှင့် နည်းပြအန်းဆလော့တို့အား ဝေဖန်ပြောဆိုမှု ပြုလုပ်ပြီးနောက် လီဗာပူးကစားဖော်များကို တောင်းပန်ခဲ့ကြောင်း ဖွင့်ဟလာပါတယ်။
အသက် ၃၃ နှစ်ရှိ အီဂျစ်စူပါစတားဟာ လွန်ခဲ့တဲ့နှစ်ပတ်တုန်းက လိဒ်နှင့် ၃ ဂိုးစီသရေကျတဲ့ အရန်ခုံတွင် ၃ ပွဲဆက် ထိုင်နေခဲ့ရပြီးနောက် ကလပ်မှာ သူ့ကို ဘတ်စ်ကားအောက်သို့ တွန်းပို့နေကြောင်းနှင့် ၎င်းနှင့် ဆလော့အကြား ဆက်ဆံရေး မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဒါပေမယ့် အသက် ၂၄ နှစ်ရှိ ကာတစ်ဂျုံးစ်က အီဂျစ်လက်ရွေးစင်ကစားသမားမှာ အာဖရိကဖလားပြိုင်ပွဲအတွက် အီဂျစ်အသင်းနှင့် သွားရောက် မပူးပေါင်းမီ လီဗာပူးကစားဖော်များအား တောင်းပန်ခဲ့ကြောင်း ဖွင့်ဟလာပါတယ်။
ဒါ့အပြင် အလယ်တန်းကစားသမားက ဆာလက်ရဲ့ တောင်းပန်မှုက အပြုသဘောဆောင်ပြီး အသင်းကိုလည်း အရာရာအားလုံး ပုံမှန်အတိုင်း ဖြစ်လာစေကြောင်း ဆိုသွားပါတယ်။
ဂျုံးစ်က "မိုက သူ့စိတ်နဲ့သူ့ကိုယ်ပါ။ ပြီးတော့ သူ့စိတ်ထင်တိုင်း ပြောနိုင်တယ်။ ကျွန်တော်တို့ကို သူ တောင်းပန်ခဲ့တယ်။ 'ကျုပ်လုပ်ရပ် မင်းတို့ကို ရိုက်ခတ်တယ်၊ တခုခု ခံစားရစေတယ်ဆိုရင် တောင်းပန်ပါတယ်'လို့ ပြောခဲ့တယ်။ သူက ဒီလိုလူမျိုးပါ။ ကျွန်တော် သိသလောက်ပဲ ပြောနိုင်တာပါ။ သူ ကျွန်တော်တို့နဲ့ ရှိနေပုံ၊ လုပ်ဆောင်ပုံတွေက အရမ်းအပြုသဘောဆောင်ပါတယ်။ သူက အရင် မိုအတိုင်းပါပဲ။ သူ့မျက်နှာမှာ ကြီးမားတဲ့အပြုံရှိတယ်။ လူတိုင်းလည်း သူ့အပေါ် နဂိုအတိုင်းပါ။ ဒါက အောင်နိုင်သူတစ်ယောက် ဖြစ်ချင်တဲ့ လူတစ်ယောက်ရဲ့အစိတ်အပိုင်းတစ်ရပ်ပါ။ သူ လုပ်ချင်တာကို တိတိကျကျ သိပါတယ်။ ပွဲမကစားချင်ဘူးဆိုရင် အရန်ခုံမှာ ထိုင်နေရုံပဲပေါ့။ အသင်းကို ကူညီချင်တယ်ဆိုရင်တော့ တခုခု ဖြစ်လာပြီလေ"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် လီဗာပူးနည်းပြအန်းဆလော့က အသင်းတွင် မရှိတော့တဲ့ မိုဟာမက်ဆာလက်နှင့်ပတ်သက်ပြီး မပြောလိုကြောင်း၊ ဆာလက်မရှိတဲ့ အသင်းက ပိုကောင်းလာနိုင်ကြောင်းလည်း အရိပ်အမြွက်ပြောကြားသွားပါတယ်။
၎င်းက "ကျွန်တော် ဖြစ်စေချင်တဲ့ အသင်းမျိုး ဖြစ်လာဖို့ တဖြည်းဖြည်း နီးစပ်လာပါပြီ"လို့ ပြောကြားသွားပါတယ်။

image

ဖိအားများနှင့် ရင်ဆိုင်နေရတဲ့ ဝုဗ်ဥက္ကဌ ရာထူးမှ နုတ်ထွက်
======================

ဖိအားများနှင့် ရင်ဆိုင်နေရတဲ့ ဝုဗ်ဥက္ကဌဂျက်ဖ်ရှီဟာ ရာထူးမှ နုတ်ထွက်လာပါတယ်။
အသက် ၄၈ နှစ်ရှိ ဂျက်ဖ်ရှီဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် ရမှတ် ၂ မှတ်တည်းသာ ရရှိကာ အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေပြီးနောက် ၁၀ နှစ်နီးပါး တာဝန်ထမ်းဆောင်လာတဲ့ ဝုဗ်ဥက္ကဌရာထူးမှ နုတ်ထွက်လာပါတယ်။
သူဟာ ဝုဗ်ကို ပိုင်ဆိုင်တဲ့ Fosun Sports Group ရဲ့ ဥက္ကဌနှင့် စီအီးအိုအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လာမှာ ဖြစ်ပေမယ့်လည်း ဝုဗ်တွင် တစုံတရာ တာဝန်ထမ်းဆောင်လာတော့မှာ မဟုတ်ပါဘူး။
သူ့နေရာတွင် ဂျက်ဖ်ရှီနှင့် တစုံတရာ ဆက်စပ်မှု မရှိတဲ့ နသန်ရှီက ယာယီဥက္ကဌအဖြစ် ဆောင်ရွက်လာပါမယ်။ နသန်ရှီမှာလည်း ၂၀၁၆ ခုနှစ်ကတည်းက Fosun Sports Group ပိုင်ရှင်များအတွက် အလုပ်လုပ်လာသူ ဖြစ်ပါတယ်။
ရှီဟာ Fosun Sports Group လက်အောက်တွင် ဝုဗ်မှာ တစုံတရာ တိုးတက်ခြင်း မရှိဘဲ တဖြည်းဖြည်းဆုတ်ယုတ်လာမှုကြောင့် ပရိသတ်များရဲ့ အပြင်းအထန် ဝေဖန်မှုများနှင့် ကြုံလာရသူလည်း ဖြစ်ပါတယ်။
ရှီရဲ ဦးဆောင်မှုအောက်တွင် ဝုဗ်ဟာ ၂၀၁၈ ခုနှစ်တုန်းက ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ၂၀၂၀ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်၊ ၂၀၁၉ ခုနှစ် အက်ဖ်အေဖလားဆီမီးဖိုင်နယ်သို့ တက်နိုင်ခဲ့တဲ့အပြင် အဆင့် ၇ နေရာတွင် ၂ ရာသီဆက် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဝုဗ်ပရိသတ်များဟာ ယခုရာသီ ရလဒ်ဆိုးရွားနေမှုနှင့်အတူ ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက ယူနိုက်တက်နှင့် ၄ ဂိုးစီသရေကျတဲ့ပွဲတွင် အဖွင့်ပွဲ ၁၅ မိနစ်အား မကြည့်ဘဲ ဥက္ကဌရှီကို သပိတ်မှောက်ခဲ့ကြပါတယ်။
ဝုဗ်ဟာ ယနေ့ညတွင် အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်အား ဧည့်ခံကစားရပါမယ်။

image

ပြန်ရောင်းလက်မှတ်ဖိုးငွေများအား ပရိသတ်များကို ပြန်ပေးရမယ့် အကြွေး‌များစွာ ရှိနေတဲ့ ဖီဖာ
===================

ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားလက်မှတ်ပိုင်ဆိုင်သူများက တရားဝင် Marketplace တွင် ပြန်လည် ရောင်းချထားတဲ့လက်မှတ်ဖိုးငွေအမြောက်အမြားတို့အား ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း သိရပါတယ်။
ဖီဖာဟာ လက်မှတ်ပြန်ရောင်းချလာတဲ့ ပရိသတ်များကို ရက် ၆၀ အတွင်း ငွေပြန်အမ်းမယ်လို့ ဆိုထားပေမယ့်လည်း အောက်တိုဘာလအစောပိုင်းကတည်းက လက်မှတ်ပြန်ရောင်းချထားသူအချို့တို့ဟာ ယခုတိုင် လက်မှတ်ဖိုးငွေ ပြန်မရသေးပါဘူး။
လက်မှတ်ဈေးနှုန်းမြင့်မားစွာ သတ်မှတ်မှုကြောင့် အပြင်းအထန် ဝေဖန်မှုများ ကြုံခဲ့ရတဲ့ ဖီဖာဟာ လက်မှတ်ဖိုးငွေ ပြန်မအမ်းသေးမှုနှင့်ပတ်သက်ပြီး တစုံတရာ ပြောဆိုခြင်း မရှိသေးပါဘူး။
တဖက်တွင် ဖီဖာဟာ ဘဏ်အချက်အလက်များ လိုအပ်နေခြင်းကြောင့် ပရိသတ်များကို လက်မှတ်ဖိုးငွေ ပြန်မအမ်းသေးတာလို့ ယူဆရပါတယ်။
ဖီဖာဟာ စက်တင်ဘာလတုန်းက အကြိုရောင်းချမှုအနေဖြင့် လက်မှတ်စောင်ရေ ၁ သန်း ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းလက်မှတ်များကို Visa ကတ်ကိုင်ဆောင်ထားသူများသာ ဝယ်ယူထားနိုင်တာ ဖြစ်ပြီး ယခု ငွေပြန်မအမ်းမှုကြောင့် ပရိသတ် အရေအတွက် ဘယ်လောက် ထိခိုက်နစ်နာသလဲဆိုတာ အတိအကျ ပြောရခက်ပါတယ်။
အင်္ဂလန်ပရိသတ် အီယန်ကတော့ တိုရန်တိုတွင် ကစားမယ့် ကနေဒါရဲ့ အဖွင့်ပွဲအတွက် လက်မှတ်တစ်စောင်အား ပေါင် ၆၅၀ ဖြင့် လွန်ခဲ့တဲ့ ၆၅ ရက်ကတည်းက ရောင်းချခဲ့ခြင်း ဖြစ်ပေမယ့်လည်း ယခုတိုင် ငွေ မရသေးပါဘူး။
ဒါ့အပြင် အမည်မဖော်လိုသူ မက္ကဆီကို ပရိသတ်တစ်ဦးကလည်း လွန်ခဲ့တဲ့ ရက် ၆၀ ကျော်ကတည်းက လက်မှတ် ပေါင် ၈၀၀၀ ကျော်ဖိုး ပြန်ရောင်းခဲ့ပေမယ့် ငွေ ပြန်မရသေးပါဘူး။
ငွေမရသူအချို့တို့ကို ပြီးခဲ့တဲ့လတုန်းက ဖီဖာက ဘဏ်ဆိုင်ရာအချက်အလက်များအား ပေးပို့ရန် အီးမေးလ်ပို့ခဲ့ပြီး ယင်းငွေများကို နဂို ဘဏ်စာရင်းထဲသို့ ပြန်ထည့်သွင်းပေးမယ်လို့ ဆိုထားပါတယ်။
ဖီဖာဟာ လက်မှတ်ပြန်လည်ရောင်းချနိုင်မယ့် ဈေးကွက်အား အောက်တိုဘာလ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဖီဖာဟာ ကမ္ဘာဖ့လားလက်မှတ်များ မှောင်ခိုဈေးကွက်သို့ မရောက်စေရေးအတွက် ယင်းဈေးကွက်ကို ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဖီဖာဟာ ရောင်းသူ ဝယ်သူတို့ထံမှ ၁၅ ရာခိုင်နှုန်းကိုလည်း ရယူပါတယ်။
သို့သော် ပရိသတ်အချို့တို့က ပြန်ရောင်းချလာတဲ့ လက်မှတ်များကို တရားမဝင်မှောင်ခိုလက်မှတ်ဝက်ဘ်ဆိုက်များတွင် ပြန်လည်ရောင်းချနေတာလည်း တွေ့ရပါတယ်။

image

မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးရေးအတွက် မြင်းစီးဝါသနာကို စွန့်လွှတ်ထားတဲ့ ဆာဗင်ဟို
=====================

ဆာဗင်ဟိုဟာ မန်စီးတီးအား ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေး ကူညီနိုင်ရန်အတွက် သူ့ဝါသနာရင်းဖြစ်တဲ့ မြင်းစီးမှုအား စွန့်လွှတ်ထားပါတယ်။
ဆာဗင်ဟိုရဲ့ မန်စီးတီးဟာ ယနေ့တွင် အီတီဟတ်ကွင်းတွင် ဝက်စ်ဟမ်းကို ဧည့်ခံကစားရမှာ ဖြစ်ပြီး အနိုင်ရရှိပါက အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းကာ အာဆင်နယ်ကို ဖိအားပေးလာနိုင်ပါမယ်။
လက်ရှိအချိန်တွင် ဂျီရီမီဒိုကူမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့အပြင် အိုမာမာမွတ်ရှ်မှာလည်း အီဂျစ်နှင့်အတူ အာဖရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် ထွက်ခွာသွားရာ ဆာဗင်ဟိုမှာ မန်စီးတီးတိုက်စစ်တွင် အရေးပါသူ ဖြစ်လာပါမယ်။
အသက် ၂၁ နှစ်ရှိ ဂီရိုနာတောင်ပံကစားသမားဟောင်းက "ဒီနေ့တွေမှာ မြင်းမစီးဖြစ်တော့ပါဘူး။ ဒါပေမယ့် အရင်တုန်းကတော့ အများကြီး စီးဖြစ်တယ်။ ဒီအတွက်ပဲ အိမ်ပြန်ရတာ ပျော်တယ်။ မြင်းစီးရတာ သဘောကျတယ်။ အခု ဘောလုံးအပေါ်မှာပဲ အာရုံစိုက်တယ်။ ဒါပေမယ့် မြင်းက ကျွန်တော့်ဘဝကြီးပြင်းမှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဆာဗင်ဟိုက အချိန်ကြာမြင့်စွာ လုပ်ချင်လာခဲ့တဲ့ နွားရိုင်းစီးမှုအား တချိန်တွင် ပြုလုပ်လာနိုင်ကြောင်းလည်း ဆိုသွားပါတယ်။
ဆာဗင်ဟိုက "တခါမှတော့ မကြိုးစားဖူးဘူး။ အရမ်းအန္တရာယ်များလို့ပါ။ ဘောလုံးသမားသာ မဟုတ်ဘူးဆိုရင် ကြိုးစားချင်မိမှာပဲ။ ယာထဲမှာ ကြီးပြင်းလာတာဆိုတော့ ဒီကြောင်း အားလုံးသိပါတယ်"လို့ ပြောကြားသွားပါတယ်။
ဆာဗင်ဟိုဟာ နွေရာသီတုန်းက စပါးစ်သိ့ ပြောင်းလုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း နောက်ဆုံးတွင် မန်စီးတီးနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။

image

အရှင်တေဇောသာရ(ဘုရားရှင့်ခိုးမေတ္တာပို့)
အရှင်တေဇောသာရ(ဘုရားရှင့်ခိုးမေတ္တာပို့)
#တရားတော်များ
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

ဖီဖာရဲ့ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခြင်းခံရမှုကြောင့် ထိုးနှက်ချက် ကြုံလာရတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr
======================

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် မဖွင့်မီ ဖီဖာရဲ့ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံလာရမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
ဖီဖာဟာ ကစားသမားသစ်မှတ်ပုံတင်ခွင့် မပေးတဲ့ ကလပ်စာရင်းကို ကြေညာလာရာ ခရစ္စတီယာနိုရော်နယ်ဒို ဦးဆောင်နေတဲ့ Al Nassr လည်း ပါဝင်နေပါတယ်။
Al Nassr ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားခေါ်ယူခွင့်သာ ပိတ်ပင်ခံရတာ မဟုတ်ပါဘူး။ ၎င်းတို့ဟာ ဖီဖာက အရေးယူမှု မဖယ်ရှားသရွှေ့ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံလာရမှာလည်း ဖြစ်ပါတယ်။
Al Nassr နှင့်အတူ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံရတဲ့ ဆော်ဒီကလပ်များအဖြစ် Al Shabab ၊ Damac နှင့် Al Riyadh တို့လည်း ပါဝင်နေပါတယ်။
Al Nassr ဟာ ခရစ္စတီယာနိုရော်နယ်ဒို ရောက်လာပြီး လအနည်းငယ်အကြာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကလည်း အာမက်မူဆာအတွက် အပိုဆုကြေးအား လက်စတာကို ပေးရန် ငြင်းဆိုမှုကြောင့် ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခြင်းခံခဲ့ရဖူးပါတယ်။
Al Nassr ဟာ ၂၀၁၈ ခုနှစ်တုန်းက မူဆာကို ပေါင် ၁၄ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် အမှတ်ပေးဖလား ဆွတ်ခူးခဲ့ပေမယ့်လည်း စာချုပ်ပါအချက်အတိုင်း စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ထပ်မံပေးရမယ့် ပေါင် ၃၉၀၀၀၀ အား လက်စတာအား ပေးရန် ပျက်ကွက်ခဲ့တာပါ။
Al Nassr ဟာ ၂၀၂၁ ခုနှစ်တွင် ဖီဖာရဲ့ ပြင်းထန်စွာ သတိပေးခြင်းခံခဲ့ရပေမယ့် ပေးရန် ဆက်လက် ပျက်ကွက်မှုကြောင့် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံလာရတာပါ။
Al Nassr ဟာ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံရပြီးနောက် စုစုပေါင်း ယူရို ၂ သန်းအထိ ပေးကာ ဖြေရှင်းခဲ့ရပါတယ်။
ယခုတစ်ကြိမ်တွင် Al Nassr ဟာ ဘယ်လိုအကြောင်းကြောင့် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံလာရသလဲဆိုတာ အတိအကျတော့ မသိသေးပါဘူး။
Al Nassr ဟာ ယခုရာသီတွင် ဆော်ဒီပရိုလိဂ်အဖွင့်ပွဲ ၉ ပွဲလုံးအနိုင်ရရှိကာ ၂၇ မှတ်ဖြင့် ဦးဆောင်ထားနိုင်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုရာသီတွင် Al Nassr အတွက် ၁၂ ပွဲကစားထားရာတွင် ၁၁ ဂိုးသွင်းကာ ၂ ကြိမ် ဖန်တီးထားနိုင်ပါတယ်။

image

၂၀၂၈ ခုနှစ်မှ စတင်ကာ အာဖရိကဖလားပြိုင်ပွဲကို လေးနှစ်တစ်ကြိမ်စနစ်ဖြင့် ကျင်းပသွားမည်
======================

အာဖရိကဖလားပြိုင်ပွဲကို ၂၀၂၈ ခုနှစ်မှ စတင်ကာ လေးနှစ်တစ်ကြိမ် ကျင်းပသွားတော့မှာ ဖြစ်ကြောင်း အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဌပက်ထရစ်မော့ဆီပီက ကြေညာလာပါတယ်။
အာဖရိကဖလားပြိုင်ပွဲကို ၁၉၆၈ ခုနှစ်မှ စတင်ကာ နှစ်နှစ် တစ်ကြိမ် ကျင်းပလာခဲ့တာ ဖြစ်ပြီး ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်တုန်းကမူ တစ်နှစ်သာ ခြားကာ ကျင်းပခဲ့ပါတယ်။
ဒါပေမယ့် အာဖရိကဖလားပြိုင်ပွဲကို ၂၀၂၇ ခုနှစ်ပြိုင်ပွဲနှင့် ၂၀၂၈ ခုနှစ်ပြိုင်ပွဲအပြီးမှာတော့ လေးနှစ်တစ်ကြိမ်စီ ကျင်းပလာတော့မှာ ဖြစ်ပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၉ ခုနှစ်မှ စတင်ကာ အာဖရိကနေးရှင်းလိဂ်ပြိုင်ပွဲကျင်းပလာပါမယ်။
တဆက်တည်းတွင် အာဖရိကဘောလုံးအဖွဲချုပ်က လာမယ့် ၂၀၂၅ ခုနှစ် အာဖရိကဖလားချန်ပီယံအား ဒေါ်လာ ၇ သန်းမှ ဒေါ်လာ ၁၀ သန်းသို့အထိ တိုးမြှင့်ချီးမြှင့်လာမယ်လို့လည်း ကြေညာသွားပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ တနင်္ဂနွေနေ့တွင် ရာဘက်တွင် အာဖရိကဖလားပြိုင်ပွဲ စတင်မီ အမှုဆောင်ကော်မတီတွေ့ဆုံဆွေးနွေးမှုအပြီးတွင် ၂၀၂၈ ခုနှစ်နောက်ပိင်းတွင် လေးနှစ်တစ်ကြိမ်စီကျင်းပမယ့်အကြောင်းနှင့် ဆုကြေးတိုးမြှင့်ကြောင်း ကြေညာလာတာပါ။
အာဖရိကဖလားပြိုင်ပွဲကို ဥရောပဘောလုံးရာသီ တစ်ဝက်တွင် ကျင်းပခြင်းဖြစ်ရာ ဥရောပအခြေစိုက်ကလပ်များ အခက်တွေ့လာခဲ့တာ ကြာမြင့်လာပြီလည်း ဖြစ်ပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၁၉ ခုနှစ်တုန်းက ဇွန်လနှင့် ဇူလိုင်လတို့တွင် ကျင်းပရန် စီစဉ်ခဲ့ပေမယ့်လည်း ကိုဗစ်ကပ်ရောဂါ၊ ရာသီဥတုအခြေအနေတို့ကြောင့် ၂၀၂၁ နှင့် ၂၀၂၃ ခုနှစ် ကင်မရွန်း၊ အိုင်ဗရီကိ့စ်တို့ အိမ်ရှင်ကျင်းပတဲ့ ပြိုင်ပွဲများအား ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် ကျင်းပခဲ့ရပါတယ်။
တဖက်တွင် ဖီဖာဟာ ဇွန်လနှင့် ဇူလိုင်လတုန်းက ကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအား ၃၂ သင်းဖြင့် တိုးမြှင့်ကျင်းပလာမှုနှင့်အတူ အာဖရိကဖလားပြိုင်ပွဲကိုလည်း ရာသီတစ်ဝက်ကျိုးချိန်တွင် ကျင်းပလာရပြန်ပါတယ်။
ဒါ့အပြင် ယခုနှစ် မော်ရိုကိုတွင် ကျင်းပလာမယ့် အာဖရိကဖလားပြိုင်ပွဲကို ခရစ္စမတ်မတိုင်မီ စတင်ကျင်းပလာရပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် ဗိုလ်လုပွဲ ကျင်းပလာပါမယ်။
လက်ရှိအချိန်တွင် အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၇ ခုနှစ် ကန်ညာ၊ တန်ဇာနီးယား၊ ယုဂန္ဒာတို့က အိမ်ရှင်အဖြစ် ကျင်းပလာမယ့် ပြိုင်ပွဲကျင်းပမယ့် ကာလကို မကြေညာသေးပါဘူး။
လေးနှစ်တစ်ကြိမ် ကျင်းပလာမယ့် အာဖရိကဖလားပြိုင်ပွဲမတိုင်မီ နောက်ဆုံး ယှဉ်ပြိုင်လာမယ့် ၂၀၂၈ ခုနှစ် ပြိုင်ပွဲအတွက် အိမ်ရှင်ကိုလည်း ရွေးချယ်ရခြင်း မရှိသေးပါဘူး။
ယင်းနောက် အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၉ ခုနှစ်မှ စတင်ကာ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အာဖရိကနေးရှင်းလိဂ်ကစားသွားပါမယ်။
ယင်းပြိုင်ပွဲတွင် အာဖရိကဘောလုံးအဖွဲ့ချုပ်ဝင် ၅၄ သင်းအား ဇုန် ၄ ခုဖြင့် ကျင်းပလာပါမယ်။
ပွဲများကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကစားစေကာ ဇုန်တစ်ခုစီမှ ချန်ပီယံအား နိုဝင်ဘာလတွင် အဖြေထုတ်ကစားစေပါမယ်။ ယင်းနောက်မှာမှ နောက်ထပ် ဗိုလ်လုပွဲ ကစားစေပါမယ်။

image

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂိုးသွင်းစံချိန်အား ကိုင်လီယန်ဘက်ပေးလိုက်မီလာ
=======================

ကိုင်လီယန်ဘက်ပေးဟာ စနေနေ့ညတုန်းက ဘာနေဗျူးကွင်းတွင် ဆီဗီလာအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပင်နယ်တီမှ တဆင့် ဂိုးသွင်းယူပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ တစ်နှစ်အတွင်း ၅၉ ဂိုးသွင်းယူတဲ့ စံချိန်အား လိုက်မီလာကာ အသက် ၂၇ နှစ်ပြည့် မွေးနေ့အား အလှပဆုံးအောင်ပွဲခံလာပါတယ်။
ဘက်ပေးဟာ ဆီဗီလာနှင့်ပွဲတွင် အခွင့်အရေးများစွာ ဖြုန်းတီးပစ်ခဲ့ပြီးတဲ့နောက် ပွဲပြီးရန် ၄ မိနစ်အလိုတွင် ပင်နယ်တီမှ တဆင့် ရီးရဲလ်မက်ဒရစ်ရဲ့ ဒုတိယအနိုင်ဂိုးအား သွင်းယူလာခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းဂိုးက ကိုင်လီယန်ဘက်ပေးအတွက် ယခု ၂၀၂၅ ခုနှစ်အတွင်း ပြိုင်ပွဲအရပ်ရပ် ၅၉ ဂိုးမြောက်ဂိုးသွင်းယူလာခဲ့တာလည်း ဖြစ်ပါတယ်။ ဘက်ပေးဟာ ၂၀၁၃ ခုနှစ်တုန်းက ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ၅၉ ဂိုးစံချိန်ကို လိုက်မီလာတာလည်း ဖြစ်ပါတယ်။
ဘက်ပေးက "ဒီကနေ့က ကြီးကျယ်တဲ့နေ့တစ်နေ့ပါ။ ဒီစံချိန်ကြောင့်ပါ။ ကျွန်တော့်ပထဆုံးနေ့မှာပဲ ခရစ္စတီယာနိုလုပ်ခဲ့တာကို လုပ်နိုင်ခဲ့တယ်။ ကျွန်တော့်စံပြကစားသမားပါ။ ရီးရဲလ်မက်ဒရစ်ရဲ့ အကောင်းဆုံးကစားသမားစာရင်းဝင်ပါ။ ကမ္ဘာ့ဘောလုံးလောကရဲ့ စံနမူနာပါ။ ကျွန်တော့်အတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
မနေ့ညကပွဲတွင် ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးအား ဂျူ့ဘယ်လင်ဂမ်က ရိုဒရီဂိုရဲ့ ဖရီးကစ်ကနေ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဆီဗီလာဟာ ပွဲချိန် ၂၂ မိနစ်တွင် မာကာအို နှစ်ဝါတစ်နီဖြင့် အထုတ်ခံရပြီးနောက် တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပါတယ်။
ဇာဘီအလွန်ဆိုဟာ ရလဒ်ဆိုးရွားမှုကြောင့် အနာဂတ် မရေမရာ ဖြစ်ခဲ့ပြီးနောက် နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပါတယ်။

image