၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ ကျောင်းသား ကျောင်းသူ ၆၀၀ ကျော် ဝင်ခွင့်ရရှိ

ရန်ကုန်ပညာရေးတက္ကသိုလ်သည် မြန်မာ့ပညာရေးကဏ္ဍတွင် ဦးဆောင်ဦးရွက်ပြုနိုင်မည့် ပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးနေသော ဦးဆောင်ပညာရေးတက္ကသိုလ်တစ်ခုဖြစ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား ကျောင်းသူ ၆၀၀ ကျော် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဝင်ခွင့်ရကြောင်း သိရသည်။
ရန်ကုန်ပညာရေးတက္ကသိုလ်သည် အခြေခံပညာ၏ Grade-10၊ Grade-11 နှင့် Grade-12 သင်ရိုးများနှင့် ပညာရေးသဘောတရားနှင့် ပညာရေး စီမံခန့်ခွဲမှု၊ ပညာရေးစိတ်ပညာ၊ သင်ပြနည်းနှင့် သင်ရိုးညွှန်းတမ်း၊ ကာယနှင့်ကျောင်းကျန်းမာရေး စသောပညာရေးဘာသာရပ်များ ပေါင်းစပ်ပြီး ကျောင်းသား ကျောင်းသူများ လက်တွေ့ဘဝတွင် အမှန်တကယ်ပြန်လည်အသုံးချနိုင်ရန် သင်ကြားပေးလျက်ရှိကြောင်း၊ ထူးချွန်သော ဆရာ ဆရာမကောင်းများဖြစ်လာစေရန် ကမ္ဘာသုံး၊ အတန်းတွင်းသုံးအကဲဖြတ်စစ်ဆေးနည်းစနစ်များစွာဖြင့် ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးကို နှစ်စဉ်စစ်ဆေးခြင်း၊ လက်တွေ့နှင့်တန်းပြ ဆင်းစေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image

အာဂျင်တီးနားနိုင်ငံ၌ ဆစ်ဖလစ်ရောဂါဖြစ်ပွားမှုနှုန်း ယခုနှစ်တွင် စံချိန်တင် မြင့်တက်

ယခုနှစ်အတွင်း အာဂျင်တီးနားနိုင်ငံ၌ဆစ်ဖလစ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း စံချိန်တင်မြင့်တက်လာပြီး ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ဒသမ ၅ ရာခိုင်နှုန်းထိ ပိုမိုမြင့်မားလာကြောင်း အာဂျင်တီးနား ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ယခုနှစ် ဆစ်ဖလစ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းသည် ယင်းရောဂါ ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ စနစ်တကျစာရင်းကောက်ခံမှုများစတင်ခဲ့ပြီးနောက်ပိုင်း အမြင့်မားဆုံးရောဂါကူးစက်မှုနှုန်းဖြစ်ကြောင်း အာဂျင်တီးနားတာဝန်ရှိသူများကပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ ယခုနှစ်၏ ပထမသီတင်း ၄၄ ပတ်တာ ကာလအတွင်း အာဂျင်တီးနား နိုင်ငံတစ်ဝန်း ဆစ်ဖလစ်ရောဂါကူးစက်ဖြစ်ပွားမှု (၃၆၇၀၂) မှု အထိရှိခဲ့ကြောင်း သိရသည်။
နှိုင်းယှဉ်ကြည့်ပါက ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် အာဂျင်တီးနားနိုင်ငံတစ်ဝန်း ဆစ်ဖလစ်ရောဂါဖြစ်ပွားမှုပေါင်း (၃၆၉၇၁) မှုအထိ ရှိခဲ့သည်။
အာဂျင်တီးနားကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရ ၂၀၁၉ ခုနှစ်တွင် ဆစ်ဖလစ်ရောဂါဖြစ်ပွားနှုန်းမှာ အာဂျင်တီးနားပြည်သူ ၁၀၀၀၀၀လျှင် ရောဂါဖြစ်ပွားမှု (၆၅) မှုရှိခဲ့ပြီး ယခုနှစ်တွင်မူ(၉၃) မှုထိရှိလာကြောင်း သိရသည်။
အထူးသဖြင့် အသက် (၂၀) နှင့် (၂၉) နှစ်အကြား လူငယ်များတွင် ဆစ်ဖလစ်ရောဂါဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဆစ်ဖလစ်ရောဂါသည် လိင်ဆက်ဆံမှုမှ တစ်ဆင့် ကူးစက်တတ်သော ဗက်တီးရီးယားကူးစက်
ရောဂါတစ်မျိုး ဖြစ်သည်။

image

ကင်မရွန်း အတိုက်အခံခေါင်းဆောင် ဂမ်ဘီယာကို ထွက်ပြေး

သမ္မတ ရွေးကောက်ပွဲတွင်အနိုင်ရသည်ဟု အခိုင်အမာဆိုထားသော ကင်မရွန်းအတိုက်အခံ ခေါင်းဆောင် အစ်ဆာတီချီရိုမာဘာကရီသည် ၎င်း၏လုံခြုံရေးအတွက် ဂမ်ဘီယာသို့ ထွက်ပြေးလာကြောင်း ဂမ်ဘီယာအစိုးရက နိုဝင်ဘာ ၂၄ ရက်တွင်ပြောသည်။
အောက်တိုဘာ ၁၂ ရက်ရွေးကောက်ပွဲတွင်၎င်းသည်သာတရားဝင် အနိုင်ရရှိသူဖြစ်ကြောင်း တီချီရိုမာဘာကရီက အခိုင်အမာပြောဆိုခဲ့ပြီးရွေးကောက်ပွဲ၌ အသက် (၉၂) နှစ်အရွယ် သမ္မတ ပေါလ်ဘိုင်ယာရှစ်ကြိမ်မြောက် သမ္မတရာထူးသက်တမ်းရရှိရေးအတွက် မသမာမှုများရှိခဲ့ကြောင်း ပြောဆိုထားသည်။
တီချီရိုမာဘာကရီသည် ဂမ်ဘီယာသို့ နိုဝင်ဘာ ၂၃ ရက်တွင် ရောက်ရှိလာကာ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ အကြောင်းပြချက်များဖြင့် နေထိုင်ခွင့်ပြုခဲ့ကြောင်းဂမ်ဘီယာ ပြန်ကြားရေးဝန်ကြီးဌာနကပြောသည်။
ရွေးကောက်ပွဲအပြီး အကြမ်းဖက်ဆန္ဒပြပွဲများကို လှုံ့ဆော်မှုဖြင့်ကင်မရွန်းအစိုးရက ၎င်းအား တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ၎င်းကစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ဆန္ဒပြသူများကို နှိမ်နင်းမှုအတွက် လုံခြုံရေးတပ်ဖွဲ့များကို အပြစ်တင်ခဲ့သည်။
ရွေးကောက်ပွဲအပြီး အကြမ်းဖက်မှုများတွင် သေဆုံးသူဦးရေကိုအစိုးရက ၁၆ ဦးဟု ထုတ်ပြန်ထားသော်လည်း အခြားအဖွဲ့အစည်းများကမူသေဆုံးသူဦးရေ ပိုမိုများပြားကြောင်းပြောကြားခဲ့သည်။
ကမ္ဘာ့ အသက်အကြီးဆုံးသမ္မတ ပေါလ်ဘိုင်ယာသည် ၄၃နှစ်ကြာအာဏာရခဲ့ပြီး အောက်တိုဘာ၁၂ရက် ရွေးကောက်ပွဲ တွင် ထောက်ခံမဲ ၅၃ ဒသမ ၇ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။

image

အကူအညီနောက်ကျသည် ဟုဆိုကာကယ်ဆယ်ရေးသမားများကို ရေဘေးသင့်ထိုင်းအမျိုးသား သေနတ်ဖောက်ခြိမ်းခြောက်

ထိုင်းနိုင်ငံ၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့ရှိ ပြင်းထန်သော ရေကြီးမှုတွင် ပိတ်မိနေသည့် ထိုင်းအမျိုးသားတစ်ဦးက ကယ်ဆယ်ရေး နောက်ကျသည်ဟု ယူဆပြီး ဂျက်စကီးများဖြင့် လာရောက်သော ကယ်ဆယ်ရေးသမားများအား လေထဲသို့ သေနတ်သုံးချက်ပစ်ဖောက်၍ ခြိမ်းခြောက်ခဲ့သည်။
ဆူရတ်ဌာနီခရိုင်မှ ကယ်ဆယ်ရေးသမားတစ်ဦးက ယ မန်နေ့ (နိုဝင်ဘာ ၂၅ ရက်) ည ၈ နာရီခန့်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကို Tee Inkjet အမည်ရှိ ၎င်း၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် ဖော်ပြခဲ့သည်။
ဒေသခံများအား စိတ်တည်ငြိမ်စွာ နေထိုင်ကြရန် တိုက် တွန်းသည့် စာသားနှင့်အတူ ၎င်း၏ ဂျက်စကီး ဓာတ်ပုံကိုလည်း မျှဝေခဲ့သည်။
“ဟတ်ယိုင် ဒေသခံများခင်ဗျာ၊ ကျေးဇူးပြု၍ စိတ်ငြိမ်ငြိမ်ထားပေးပါ။ ကျွန် တော် တစ်ယောက်ချင်းစီကို တစ်ပြိုင် တည်း မကူညီနိုင်ပေမယ့်၊ မကူညီချင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်မှာ အစားအသောက်ဘူး ၃၀၀ ပါပေမယ့် အိမ်သုံးလုံးကို သွားရောက်ပြီးတဲ့နောက်မှာ ကုန်သွားခဲ့ပါတယ်၊ ဘာ လို့လဲဆိုတော့ အိမ်တိုင်းမှာ လူတွေ အများကြီး ရှိနေလို့ပါ။ ကျွန်တော့်ရဲ့ နောက်ကနေ သေနတ်သံတွေ ကြား လိုက်ရတော့ တုန်လှုပ်သွားခဲ့ရပါတယ်” ဟု ၎င်းက ရေး သားထားသည်။
နောက်ပိုင်းတွင် ၎င်းက ပို့စ်တစ်ခု ထပ်မံတင်ခဲ့ပြီး ဆုန်ခလာရှိ ရေဘေးသင့်သူများကို ကူညီရန် ဆူရတ်ဌာနီမှ လာရောက်ခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့် ခြိမ်း ခြောက်ခံရမည်ဟု မမျှော်လင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော် ဂျက်စကီးတွေကို သိမ်းပြီး အိမ်ပြန်ပါပြီ၊ တောင်းပန်ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။
ယင်းဖြစ်စဉ်တွင်ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။
နောက်ပိုင်းတွင် သေနတ်သမားက ကယ်ဆယ်ရေးအဖွဲ့အား ဖုန်းခေါ်၍ ၎င်းနှင့်မိသားစုကို ဘေးကင်းရာသို့ အမြန်ဆုံး ရွှေ့ပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။
သေနတ်ပစ်ခတ်သူ၏ အချက်အလက်များကို ထုတ်ဖော်ခြင်းမရှိသေးသော် လည်း ယင်းဖြစ်ရပ်ကြောင့် ကယ်ဆယ်ရေးသမားများ စိတ်ထိခိုက် တုန်လှုပ်ခဲ့ရသည်။
ရေဘေးတွင် ပိတ်မိနေသည့် TikTok အသုံးပြုသူ အများအပြားက ၎င်းတို့၏ ဗီဒီယိုများကို မျှဝေခဲ့ ကြရာတွင် ကယ် ဆယ်ရေးအဖွဲ့များ ဖြတ်သွားချိန်၌ ဒေသခံများက အကူ အ ညီပေးရန် အော်ဟစ်တောင်း ဆိုနေကြပုံ၊ ၎င်းတို့လို အပ်ချက်များကို ပြောဆိုပြီး ရွှေ့ပြောင်းပေးရန် တောင်းဆိုနေကြပုံတို့ကိုတွေ့ရ သည်။
ထို့နောက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို နားလည်ပေးရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အနှောင့်အယှက် မပြုလုပ်ကြရန် ကယ်ဆယ်ရေးသမားများက ဒေသခံများကိုတိုက်တွန်းပြောကြားသည်။
အချို့ကယ်ဆယ်ရေးသမားများကမူ ၎င်းတို့သည် အရေးပေါ် ကူညီပေးလိုသော်လည်း ရေစီးအားပြင်းထန်မှုနှင့် ရေမျက်နှာပြင်မြင့်တက်မှုတို့ကြောင့် အဟန့်အတားများ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထိုင်းတောင်ပိုင်း ပြည်နယ် ၁၀ ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခဲ့ရာ မလေးရှားနိုင်ငံနှင့်နယ်စပ်စီးပွားရေးတွင် အရေးပါသည့် ဟတ်ယိုင်မြို့တွင် တစ်ရက်တည်း မိုးရေချိန် ၃၃၅ မီလီမီတာ ရွာသွန်းခဲ့ပြီး နှစ်ပေါင်း ၃၀၀ အတွင်း အများဆုံးမိုးရေချိန်ပမာဏဖြစ်သည်။
ထိုင်းနိုင်ငံ၌ ရေကြီးမှုများကြောင့် လူပေါင်းနှစ်သန်းခန့် ထိခိုက်ခဲ့သည်။

image

တောင်ငူ၌ ကိုယ်ပိုင်ယာဥ်တစ်စီး ဖက်ရှင်ဆိုင်ကိုဝင်တိုက်၊ ဆိုင်ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

တောင်ငူမြို့၊ ဗိုလ်မှူးဖိုးကွန်းလမ်း မြန်မာ့စီးပွားရေးဘဏ်နားအနီး ယမန်နေ့ (နိုဝင်ဘာ ၂၅ ရက်) မွန်လွဲ ၃ နာရီ ၂၀ မိနစ်ခန့်ကကိုယ်ပိုင်ယာဉ်တစ်စီးအရှိန်လွန်ပြီး ဖက်ရှင်အရောင်းဆိုင်ထဲသို့ဝင်တိုက်မိရာ ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရွှေမင်ဝင်ပရဟိတအသင်းထံမှသိရသည်။
Mitsubishi အမျိုးအစားကိုယ်ပိုင်ယာဉ်တစ်စီးသည်တောင်ငူမြို့လယ်မှ မြို့ပြင်ထွက်သည့်လမ်းအတိုင်းမောင်းနှင်လာစဉ် အရှိန်လွန်ပြီး ဖက်ရှင်ဆိုင်ထဲသို့ဝင်တိုက်မိခြင်းကြောင့် ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဆိုင်လုံးနီးပါးပျက်စီးသွားကြောင်းသိရသည်။
"ဆိုင်ထဲကို ကားတစ်စီးဝင်တိုက်မိတယ်ဆိုတာသတင်းရလို့သွားရောက်ကူညီပေးခဲ့တာပါ။ ကားမောင်းတဲ့သူကတော့လီဗာနဲ့ဘရိက်ကိုမှားနင်းပြီးအရှိန်လွန်ပြီးဝင်တိုက်မိလိုက်တာတော့ပြောတယ်။ ဖက်ရှင်ဆိုင်ကတော့အတော်လေးပျက်စီးသွားပါတယ်"ဟု ရွှေမင်ဝင်ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဆိုင်ဝန်ထမ်းသည် ခြေနှင့်လက်တို့တွင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဆိုင်အတွင်းရောက်နေသည့် ကားကိုအပြင်သို့ထုတ်ရာတွင် ဝိုင်းဝန်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ အသင်းကဆိုသည်။

image

ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့်မြန်မာအလုပ်သမား ၃၁ ဦး
လုပ်ခ ဘတ်လေးသိန်းကျော် မရ

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ခေါင်နွဲ့မြို့ရှိ ဆောက် လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ၃၁ ဦးသည် လုပ်အားခ ဘတ်လေးသိန်းကျော် (၄၀၃၀၀၀) မရသည့်အတွက် ကူညီ ဆောင်ရွက်ပေးနေကြောင်း WAG အဖွဲ့မှ သိရသည်။
မြန်မာအလုပ်သမားများသည် ၎င်းစက်ရုံတွင် လုပ်သက် တစ်နှစ်မှ လေးနှစ်အထိ သက်တမ်းရှိကြပြီး လစဉ် ၅ ရက်နေ့တွင် လုပ်အားခရှင်းပေးမည်ဟု ပြောဆို ထားသော်လည်း ရရှိခြင်းမရှိကြောင်း သိရသည်။
အလုပ်သမား ၃၁ ဦး၏လုပ်အားခ တစ်လကျော်စာ ထိုင်း ဘတ် စုစုပေါင်း ၄၀၃၀၀၀ မရသည့် အတွက် နိုဝင်ဘာ ၂၅ ရက်တွင် အလုပ်သမားများနှင့် အတူ နယ်မြေခံ ဆဝါဒိကန်ရုံးတွင် သွား ရောက်တိုင်ကြားခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။

image

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် ရွေးချယ်တင်မြှောက်ရေးလုပ်ငန်းစဉ် တရားဝင်စတင်

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်သစ် ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်ကို ကုလသမဂ္ဂက နိုဝင် ဘာ ၂၅ ရက်တွင် စတင်လိုက်ပြီဖြစ် ကြောင်း သိရသည်။
ကုလ အကြီးအကဲသစ် ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ် အရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အတွင်းရေးမှူးချုပ်လောင်း များကို အမည်စာရင်း ပေးသွင်းကြရ မည်ဖြစ်သည်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေး ကောင်စီနှင့် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ အထွေထွေညီလာခံ ဥက္ကဋ္ဌတို့၏ ပူးတွဲ ပေးစာ၌ အတွင်းရေးမှူးချုပ်လောင်း များကို အမည်စာရင်း ပေးသွင်းကြရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းထားသည်။
အဖွဲ့ဝင်နိုင်ငံများက တင်သွင်း သော အတွင်းရေးမှူးချုပ်လောင်းများ အမည်စာရင်းကို လုံခြုံရေးကောင်စီ က စိစစ်၍ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်း တွင် အတွင်းရေးမှူးချုပ်လောင်း တစ်ဦးကို ရွေးချယ်ပြီး အထွေထွေ ညီလာခံ၌ တရားဝင် တင်သွင်းမည် ဖြစ်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်သစ် ရာထူးအတွက် ပါဝင်ယှဉ် ပြိုင်ရန် တရားဝင်ကြေညာထားသူများ ထဲတွင် ချီလီသမ္မတဟောင်း ဘာချေး လက်၊ ကော်စတာရီကာ၊ ဒုတိယသမ္မ တ ဟောင်း ရီဘက်ကာဂရင်စပင်းနှင့် အာဂျင်တီးနားဝါရင့်သံတမန် ရာဖေး ဂရော့ဆီတို့လည်း ပါဝင်ကြောင်း သိရသည်။
ကုလအတွင်းရေးမှူးချုပ်သစ် ကို ခန့်အပ်နိုင်ရေးအတွက် လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ငါး နိုင်ငံတို့၏ သဘောတူညီချက်လိုအပ် မည်ဖြစ်သည်။
ရွေးကောက် တင်မြှောက်ခံ ရမည့် ကုလအတွင်းရေးမှူးချုပ် သစ်သည် လက်ရှိအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ နေရာတွင် ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အစားထိုး ဝင်ရောက်ရမည်ဖြစ်သည်။

image

အကြိမ်(၆၀)မြောက် ကျောက်မျက်ရတနာပြပွဲ ပြီးစီး

ပုလဲအတွဲ(၄၃၀)ကျော်၊ ကျောက်မျက်အတွဲ ၆၇ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း(၄၁၀၀)ကျော် ရောင်းချနိုင်ခဲ့
အကြိမ်(၆၀)မြောက် ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ(၁၇)ရက်မှ စတင်ကျင်းပခဲ့ပြီး ယမန်နေ့ နိုဝင်ဘာ(၂၆)ရက်နေ့က ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြပွဲအတွင်း ပုလဲအတွဲပေါင်း (၄၈၉)တွဲ အနက် (၄၄၃)တွဲရောင်းချနိုင်ခဲ့ပြီး ကျောက်မျက်အတွဲပေါင်း(၁၆၀) အနက် (၆၇)တွဲရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ ကျောက်စိမ်းအတွဲပေါင်း အုပ်စု(အေနှင့်ဘီ)တို့မှာ အတွဲပေါင်း (၂၉၀၀)အနက် (၂၁၁၀)တွဲ ရောင်းချခဲ့ရပြီး အုပ်စီစီ မှ ကျောက်စိမ်းအတွဲ‌ပေါင်း (၂၁၈၅)တွဲ အနက် (၂၀၇၃) တွဲ၊စုစုပေါင်း ကျောက်စိမ်းအတွဲပေါင်း(၄၁၈၃)တွဲရောင်းချခဲ့ရကြောင်း သိရသည်။
အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ရန် နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိနိုင်စေရေး ကျင်းပခြင်းလည်း ဖြစ်သည်။
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူပြုနိုင်ရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည် ။

image

တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ ဒုတိယအဆင့် အခြောက်ခံစက် တည်‌ဆောက်ပြီးစီး

ယခင် လျှပ်စစ်ဓာတ်အား ၉၀ မဂ္ဂါဝပ်မှ ၁၂၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်မည်
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ၏ ဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ပြီးစီးပြီဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယခုဖွင့်လှစ်သည့် ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်းကြောင့် အသုံးပြုလျက်ရှိသော ဒေသထွက်ကျောက်မီးသွေး၏ စိုထိုင်းဆများပြားမှုကို လျှော့ချကာ အပူစွမ်းအင်ကို တိုးမြှင့်နိုင်ခဲ့သဖြင့် ယခင်လျှပ်စစ်ဓာတ်အား ၉၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ခဲ့ရာမှ ယခုအခါ စက်တပ်ဆင်အင်အားပြည့် ၁၂၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်၍ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၃၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက “ နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ကာလတို/ ကာလလတ်/ ကာလရှည်အစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိတယ်” ဟု ဖွင့်ပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ထိုပြင် ကျောက်မီးသွေးလောင်စာအသုံးပြု၍ ဓာတ်အားထုတ်လုပ်ခြင်းသည် နိုင်ငံတော်ဓာတ်အားစနစ်အတွက် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်သော်လည်း လက်ရှိမြန်မာနိုင်ငံတွင် ကျောက်မီးသွေးအသုံးပြုပြီး ဓာတ်အားထုတ်လုပ်လျက်ရှိသည့် ပမာဏသည် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံဒေသတွင်း နိုင်ငံတို့ နှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံတွင် ကျောက်မီးသွေး သယံဇာတများစွာရှိသည့်အနက် ဆပ်ဘစ်တူးမင်းနပ်စ် (Sub-bituminous) အမျိုး အစားကျောက်မီးသွေးများအား အများဆုံးတွေ့ရှိရကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်လိုအပ်ချက်ကို ပြည့်မှီစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျောက် မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း သိရသည်။

image

ယာယီနေရပ်စွန့်ခွာသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း UEC ထပ်မံအသိပေး

ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ် ပြင်ပရောက် ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ပုံစံ(၁၅)ဖြင့် ရောက်ရှိရာဒေသ၊ မြို့နယ်၊ ကော်မရှင်အဖွဲ့ခွဲ့၌ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ(၂၇)ရက်နေ့၌ ထပ်မံအသိပေးထုတ်ပြန်ထားသည်။
လာမည် ဒီဇင်ဘာ(၂၈)ရက်နေ့ စတင်ကျင်းပမည် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို နိုဝင်ဘာ(၂၅)ရက်ကစတင်ပြီး နိုဝင်ဘာ(၂၉)ရက်နေ့အထိ ကြိုတင်မဲပေးနိုင်ကြောင်း သိရသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပတွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ကြိုတင်မဲပေးနိုင်ကြောင်း အသိပေးထားခြင်းလည််း ဖြစ်သည်။
လာမည်ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့ ၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

image