အမျိုးသမီးများပေါ်အကြမ်းဖက်မှု လူအဖွဲ့အစည်းကိုပါ နစ်နာစေဟုဆို
-----------------------

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဟာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတစ်ယောက်ချင်းအပေါ်သာမက မိသားစုတွေ၊ လူမှုအသိုင်းအဝန်းနဲ့ လူ့အဖွဲ့အစည်းအတွက် ထိခိုက်မှု၊ နစ်နာဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောပါတယ်။
နိုဝင်ဘာ(၂၅)ရက်က နေပြည်တော်ရုံးအမှတ်(၂၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာ နစုပေါင်းအစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ၂၀၂၅ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက် ရေး ၁၆ ရက်တာလှုပ်ရှားမှု အခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းတွေ၊ ပဋိပက္ခတွေနဲ့ ရာသီဥတုပြောင်းလဲမှုတွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ထိခိုက်နစ်နာမှုကို ဖြစ်စေသလို အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကိုလည်း ပိုမို မြင့်တက်စေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်တွေ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနဲ့ အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်း ချက်တွေ၊ လုပ်ငန်းအစီအစဉ်တွေကို နိုင်ငံတော်ရဲ့မှုဝါဒနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါတယ်။
ဒါ့အပြင် အခုနှစ်ဆောင်ပုဒ်က အမျိုးသမီးများအပေါ်ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ပေး ဖြစ်ကြောင်းနဲ့ ဒစ်ဂျစ်တယ်အကြမ်းဖက်မှုဟာ ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာမဆို လွယ်ကူလျင်မြန် စွာ ဆောင်ရွက်နိုင်တဲ့အတွက် ဥပဒေတွေပြဋ္ဌာန်းပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

image

ဧပြီလတွင် ထရမ့် တရုတ်သို့ ချစ်ကြည်ရေးခရီး သွားရောက်မည်
---------------------

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတရှီနဲ့ ဖုန်းခေါ်ဆိုမှုအပြီးမှာ သံတမန်ဆက်ဆံရေး နက်ရှိုင်း စေဖို့အတွက် လာမဲ့ဧပြီလမှာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ ပြောဆိုလာတာကို Reuters သတင်း မှာ ဖော်ပြထားပါတယ်။
အဲဒီအပြင် လာမဲ့နှစ် နှောင်းပိုင်းမှာ တရုတ်သမ္မတရှီကို အမေရိကန်ကို လာရောက်ဖို့ ပြန်လည်ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ဖြူတော်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတိုကလည်း ခေါင်းဆောင်နှစ်ယောက်ဟာ ဖုန်းခေါ်ဆို မှုအတွင်း ကုန်သွယ်ရေး၊ ရုရှား-ယူကရိန်းစစ်၊ ဖန်တနိုင်း မူးယစ်ဆေးဝါးနဲ့ တရုတ်(တိုင်ပေ)အရေးတို့ ပါဝင် ပတ်သက်တဲ့ ဒေသတွင်းတင်းမာမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့ကြပြီး ထရမ့်ကလည်း Truth Social မှာ ရေးသားခဲ့ပါတယ်။
တရုတ်နိုင်ငံပိုင်သတင်းဌာနကလည်း နှစ်ဖက်စလုံးဟာ “အရှိန်အဟုန်”ကို ထိန်းသိမ်းပြီး “တန်းတူညီမျှမှု၊ လေးစား မှုနဲ့ အပြန်အလှန်အကျိုးရှိမှု”ကို အခြေခံကာ ပူးပေါင်းဆောင်ရွက်မှုဆီကို ဦးတည်လုပ်ဆောင်သင့်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

image

ထိုင်းတွင် ဆိုးရွားသည့်ရေဘေးကြောင့် သေဆုံးသူ ၁၈ ဦးရှိလာ
------------------------

ထိုင်း-မလေးရှားနယ်စပ်က ဆုန်ခလာခရိုင်အပါအဝင် ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွေမှာ အထပ်မြင့်အိမ်တွေ နစ်မြုပ်တဲ့အထိ ဆိုးရွားတဲ့ရေဘေးကြောင့် သေဆုံးသူ ၁၈ ယောက်ရှိလာပြီလို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန် လိုက်တာကို Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။
ဒီရေဘေးဟာ ထိုင်းတောင်ပိုင်းမှာ နှစ် ၃၀၀ အတွင်း မိုးရေချိန်အများဆုံးဖြစ်တာကြောင့် အဆိုးရွားဆုံး ရေကြီးမှုနဲ့ ကြုံတွေ့နေရတာဖြစ်တယ်လို့ ထိုင်းတော်ဝင်ဆည်မြောင်းဌာက ပြောပါတယ်။ ရေဘေးကြုံနေရတဲ့ ခရိုင် ၉ ခုထဲက ၅ ခုမှာ လူသေဆုံးတာတွေ ရှိလာပြီး အခုရေဘေးကို အိမ်ထောင်စု ၉ သိန်း ၈ သောင်းကျော်၊ လူဦးရေ ၂ ဒသမ ၇ သန်းကျော် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ရေကြီးမှုအဆိုးဆုံးဖြစ်နေတဲ့ ကုန်သွယ်ရေးနဲ့သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျတဲ့ ဟတ်ယိုင်ခရိုင်ခွဲကိုတော့ နိုဝင်ဘာ ၂၅ ရက်က အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ ဟတ်ယိုင်ထဲက စက်ရုံ၊အလုပ်ရုံနဲ့ စိုက်ပျိုး ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေလည်း ရေဘေးကြုံနေရတာ ဖြစ်ပါတယ်။ ရေဘေးကြောင့် အင်တာနက်နဲ့ ဖုန်းလိုင်းအခက်အခဲရှိနေပြီး သောက်သုံးရေ အခက်ကြုံနေရသူတချို့လည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

image

စစ်ရပ်စဲရေးကိစ္စ အမေရိကန်နှင့်ယူကရိန်း ဘုံနားလည်မှု ရရှိ
-----------------------

ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အမေရိကန်နဲ့ နားလည်မှုတစ်ခု ဆွေးနွေးရယူနိုင်ခဲ့ တယ်လို့ ယူကရိန်းက ထုတ်ပြန်ခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲ ရပ်စဲစေဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပေးပို့ခဲ့တဲ့ အဆိုပြုချက်၂၈ ချက်ကို ယူကရိန်းက ပြန်လည်ပြင်ဆင်ပြီး အမေရိကန်အစိုးရဆီ တင်ပြခဲ့တာပါ။ လူမှုကွန်ရက် မီဒီယာမှာလည်း ထရမ့်က သူ့ရဲ့ မူရင်းအဆိုပြုချက်တွေက ကောင်းမွန်ပြီးသား ဆိုပေမဲ့လည်း နှစ်ဖက်စလုံးက လိုလားချက်တွေကို ပြင်ဆင် ဖြည့်စွက်ဖို့ တောင်းဆိုတာတွေ ရှိခဲ့တယ်လို့ ရေးသားထားခဲ့ပါတယ်။
ယူကရိန်းဘက်က ဖြည့်စွက်တောင်းဆိုချက်တွေကို လက်ခံရရှိပြီးတဲ့နောက် သူ့ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ် ကော့ဖ်ကို ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံစေဖို့ မော်စကိုမြို့ကို စေလွှတ်သွားမယ်လို့ ထရမ့်က ပြောဆိုခဲ့သလို တခြားတစ်ဖက်မှာလည်း အမေရိကန်ရဲ့ ကြည်းတပ်ရေးရာအတွင်းဝန် ဒန်ဒရစ္စကိုးလ်ဟာ အခုသီတင်းပတ်ထဲမှာပဲ ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်ကို သွားရောက်မယ်လို့ ပြောပါတယ်။

image

လူစာရင်းအပြောင်းအလဲ လုပ်မှုအပေါ် ဂွါဒီယိုလာ ကာကွယ်
-------------------------

လေဗာကူဆင်ကို ရှုံးတဲ့ချန်ပီယံလိဂ်ပွဲမှာ အသင်းပွဲထွက်စာရင်းကို ၁၀ နေရာအထိ ပြောင်းလဲခဲ့ရတဲ့အကြောင်းကို မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရှင်းလင်းခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၁၈ နောက်ပိုင်း ချန်ပီယံလိဂ် အုပ်စု အဆင့်နဲ့ ပုံစံသစ်ချန်ပီယံလိဂ်ပြိုင်ပွဲ လိဂ်အဆင့် အိမ်ကွင်းပွဲမှာ ပထမဆုံးရှုံးနိမ့်မှုလည်း ဖြစ်ခဲ့ပါတယ်။ မန်စီးတီး အိမ်ကွင်းမှာ လေဗာကူဆင်အသင်းက ဂရီမယ်ဒို၊ ပက်ထရစ်ရှစ်ခ်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရသွားခဲ့တာဖြစ်ပြီး မန်စီးတီး ဟာ အခုရာသီ ချန်ပီယံလိဂ် ရပ်တည်မှုမှာ အဆင့် ၆ နေရာအထိ ဆင်းပေးလိုက်ရပါတယ်။
နည်းပြ ဂွါဒီယိုလာက လေဗာကူဆင်အသင်းနဲ့ပွဲထွက်စာရင်းမှာ နယူးကာဆယ်နဲ့ပွဲက ပွဲထွက်စာရင်းကို ၁၀ နေရာ လောက်အထိ အပြောင်းအလဲ ပြုလုပ်ထားခဲ့တာဖြစ်ပြီး အခုပွဲရှုံးနိမ့်မှုက လူစာရင်းအပြောင်းအလဲကြောင့် ဖြစ် တယ်လို့ ဝေဖန်နေ ကြတာဖြစ်ပါတယ်။ ကစားသမားတွေကို ပွဲကစားခွင့်ရစေချင်တဲ့ အကြောင်းပြချက်နဲ့ အခုလို မျိုး ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ၁၀ နေရာလောက်အထိ အပြောင်းအလဲက များလွန်းသလို သူ့ရဲ့နည်းပြဘဝ ပထမဆုံး အကြိမ် အခုလိုမျိုး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဂွါဒီယိုလာက ရှင်းလင်းသွားခဲ့ပါတယ်။
မန်စီးတီးအသင်း ဟာ ချန်ပီယံလိဂ် လိဂ်အဆင့် အုပ်စုလက်ကျန် ၃ ပွဲအဖြစ် ရီးရဲလ်၊ ဘိုဒို၊ ဂါလာတာစာရေး အသင်းတွေနဲ့ ကစားရဖို့ ကျန်နေပြီး လက်ကျန်ပွဲတွေ အတွက် သေချာအာရုံစိုက်ပြင်ဆင်ရတော့မှာဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။

image

ရွှေဘိုပေါ်ဆန်း (ဟောင်း) တစ်အိတ် ကျပ် ၁၈၀၀၀၀ ဖြင့် အိမ်အရောက်ပို့‌ ရောင်းချပေးမည်
------------------------------------------------------------------------------

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းပြီး အိမ်အ ရောက်စနစ်နဲ့ ပို့ဆောင်ရောင်းချပေးမဲ့ ပေါ်ဆန်းဆန်အပါအဝင် ဆန်အမျိုးအစား ၇ မျိုးအတွက် ဈေးနှုန်းတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်လိုက်ပါတယ်။
ဈေးနှုန်းသတ်မှတ်ချက်အရ ရွှေဘိုပေါ်ဆန်း (ဟောင်း) ၁၀၈ပေါင်/၂၄ ပြည်တစ်အိတ် ကျပ် ၁၈၀၀၀၀ ၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) ဟောင်း တစ်အိတ် ကျပ် ၁၅၀၀၀၀ ၊ ဧရာဝတီပေါ်ဆန်းကြားပျံအသစ် တစ်အိတ် ကျပ် ၁၃၀၀၀၀ ၊ ဧရာဝတီပေါ်ဆန်း(နယ်စုံ)ဟောင်းတစ်အိတ် ကျပ် ၁၂၅၀၀၀ ၊ ဧရာဝတီပေါ်ဆန်း(နယ်စုံ)အသစ် တစ်အိတ် ကျပ် ၁၁၅၀၀၀၊ ရက်၉၀ဆန် တစ်အိတ် ကျပ် ၇၅၀၀၀ ကျပ်နဲ့ ဧည့်မထ (၁၅ မှတ်) ဆန်တစ်အိတ် ကျပ် ၅၀၀၀၀နဲ့ ရောင်းချ‌ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
စားသုံးသူတွေအနေနဲ့ မှာယူလိုတဲ့ ဆန်အမျိုးအစားနဲ့ နေရပ်လိပ်စာ ၊ ဆက်သွယ်ရမဲ့ဖုန်းနံပါတ်တွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဖုန်း ၀၉၄၀၀၀၆၇၂၄၀၊ ၀၉၄၀၀၀၆၇၂၅၀ ၊ ၀၉၄၀၀၀၆၇၂၆၀တို့ကို SMS ဒါမှမဟုတ် Viber တို့ကနေ မှာယူရမှာဖြစ်ပါတယ်။
အဲဒီဖုန်းနံပါတ်တွေနေ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို ငွေကြိုတင်ပေးသွင်းရမဲ့ KBZ Pay နံပါတ်ကို စားသုံးသူဆီ ပြန်ကြားပေးမှာဖြစ်ပြီး ငွေပေးသွင်းပြီးတဲ့နေ့ကစပြီး ၃ ရက်အတွင်း ဆန်တွေကို Delivery အခမဲ့နဲ့ အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
ဒါပေမဲ့အထပ်မြင့်ကိုပို့ရရင်တော့ ထိုက်သင့်တဲ့ဝန်ဆောင်ခ ထပ်မံပေးရမယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေဖို့အတွက် နိုဝင်ဘာ ၂၆ရက်က စပြီး ၁၀၈ပေါင် ၂၄ ပြည်အိတ်အကြီးတွေကို အိမ်အရောက်ပို့စနစ်နဲ့ရောင်းချမှာဖြစ်ပြီး ဆန်အိတ်အသေးတွေကို ရပ်ကွက်တွေ ဈေးတွေကို လှည့်လည်ရောင်းချတာကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

image

ဩစတြေးလျအိုးပင်း အကြိုပြိုင်ပွဲ၌ ကာဂျီယော့စ်ဝင်ပြိုင်မည်
--------------------------

ဩစတြေးလျတင်းနစ်သမား နစ် ကာဂျီယော့စ်ဟာ လာမယ့်နှစ် ဩစတြေးလျအိုးပင်းမှာ ဝင်ပြိုင်ဖို့အတွက် ပြင်ဆင်မှုအဖြစ် ပြိုင်ပွဲအကြိုကျင်းပမယ့် ကူယောင်း ကလပ်စစ် တင်းနစ်ပြိုင်ပွဲကိုဝင်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ် ကာဂျီယော့စ်ဟာ အခုနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာတွေရဲ့ နှိပ်စက်မှုဒဏ်ကို ခံစားခဲ့ရပြီး ၂၀၂၅ ခုနှစ်အတွင်း တစ်ဦးချင်းပွဲစဉ် ၅ ပွဲသာ ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့အဆင့် ၆၆၆ မှာရပ်တည်နေတဲ့ ကာဂျီယော့စ်အနေနဲ့ ဩစတြေးလျအိုးပင်းနဲ့ ဂရင်းစလမ်ပြိုင် ပွဲတွေမှာ ဝင်ခွင့်ရဖို့အတွက် အေတီပီတိုးပွဲစဉ်တွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့ကို လိုအပ်နေတာဖြစ်ပါတယ်။ ဘရစ္စဘိန်းနိုင်ငံတကာပြိုင်ပွဲ ချန်ပီယံဟောင်းဖြစ်သလို ဩစတြေးလျအိုးပင်းကျင်းပရာ မဲလ်ဘုန်းပါ့ခ်မှာလည်း နာမည်ကျော်ကြားခဲ့ဖူးတဲ့ ကာဂျီယော့စ်ကို လာမယ့်နှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ အလိုအလျောက်ဝင်ခွင့် ပေးမယ်လို့လည်း သတင်းတွေ နေပါတယ်။
ကာဂျီယော့စ်ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် တင်းနစ်ပွဲတစ်ခုကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် ကူယောင်းကလပ်စစ်ပြိုင်ပွဲကို အီတလီ နာမည် ကြီးတင်းနစ်သမားတွေဖြစ်တဲ့ ကိုဘိုလီ၊ဘာရက်တီနီနဲ့ ကမ္ဘာ့အဆင့် ၈ မူဆက်တီတို့လည်း ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်း ပေးထားပါတယ်။

image

ပြည်ပသို့ ရော်ဘာတန်ချိန် ၁ သိန်းခွဲနီးပါး တင်ပို့ထား
--------------------------

အခု ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ နိုဝင်ဘာလအထိ ပြည်ပကို ရော်ဘာတန်ချိန် ၁ သိန်းခွဲနီးပါး တင်ပို့ နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကနေ သိရပါတယ်။ အခုဘဏ္ဍာနှစ်မှာ ရော်ဘာတန်ချိန် ၃ သိန်းခွဲလောက် တင်ပို့နိုင်ဖို့ လျာထားပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကတော့ ရော်ဘာတန်ချိန် ၃ သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ရရှိခဲ့ပါတယ်။
ရာသီဥတုအခြေအနေနဲ့ ရော်ဘာအစေးလှီးလုပ်သားရှားပါးတာနဲ့ ရင်ဆိုင်နေရဆဲဖြစ်လို့ ရော်ဘာအထွက်နှုန်း မကောင်းနိုင်သေးဘူးလို့ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း အထွေထွေ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရော်ဘာပေါက်ဈေးကျဆင်းနေသလို မြန်မာ့ ရော်ဘာပေါက်ဈေး လည်း ဈေးကောင်းရသင့်သလောက် မရဖြစ်နေတယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ ရော်ဘာသုံးစွဲမှုက နှစ်စဉ် တန်ချိန် ၂ သောင်းကျော်ရှိပြီး ပြည်ပကို တန်ချိန် ၃ သိန်းဝန်းကျင် တင်ပို့ နေပါတယ်။ ပြည်ပတင်ပို့ရာမှာ တရုတ်ကို ၇၅ ရာခိုင်နှုန်းတင်ပို့နေပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယ နဲ့ ဂျပန်နိုင်ငံတို့ကိုလည်း တင်ပို့နေတယ်လို့ သိရပါတယ်။ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းက ရော်ဘာတင်ပို့မှုကနေ တစ်နှစ်ကို ပျမ်းမျှ အမေရိကန် ဒေါ်လာ သန်း ၂၅၀ ကနေ သန်း ၄၅၀ အကြား ရရှိခဲ့တယ်လို့ သိရပါတယ်။

image

လားရှိုးကို အစိုးရက ပြန်ထိန်းချုပ်ပြီး​နောက် ပထမဆုံးအကြိမ် အမျိုးသမီးတဦး သေနတ်ပစ်ခတ်ခံရပြီး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ သိန္နီလမ်းပေါ်မှာ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က အမျိုးသမီးတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရသွား တယ်လို့ လားရှိုးမြို့ခံတွေဆီကနေ သိရပါတယ်။
ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသမီးကို သေနတ်နဲ့ သုံးချက် ပစ်ခတ်သွား တာဖြစ်ပြီး လက်မှာ ထိခိုက်သွားတယ်လို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။
“ငါးနာရီလောက်က ဖြစ်တာ၊ ညနေပိုင်း မိုးတအားမချုပ်ခင် ဖြစ်တာ။ ငွေကြေးကိစ္စနဲ့ ဆက်စပ်တယ်လို့ ပြောတာပဲ။ သူ့ကိုပဲ ရွေးပစ်သွားတာ”
သေနတ်ပစ်ခတ်ခံရတဲ့ အမျိုးသမီးကို ပရဟိတအဖွဲ့အကူအညီနဲ့ လားရှိုးဆေးရုံကို ပို့ပေးခဲ့တယ်လို့ အခင်းဖြစ်နေရာအနီးမှာရှိခဲ့တဲ့ လားရှိုးမြို့ခံ တွေဆီကနေ သိရပါတယ်။
“ရဲတွေ ရောက်လာပြီး စစ်ဆေးတာတော့ တွေ့ရတယ်။ အန်တီကြီးက အသက် ၅၀ ကျော်လောက် ရှိပြီ” လို့ လားရှိုးမြို့ခံတယောက်က ပြောပါ တယ်။
အခုလ ၂၄ ရက်နေ့ ညပိုင်းကလည်း လားရှိုးမြို့ ရပ်ကွက် (၁) ထင်းရှုးတောင် မှာ သေနတ်ပစ်ခတ်သံတွေ ကြားရလို့ ထိတ်လန့်ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ကို အစိုးရက ပြန်အုပ်ချုပ်ပြီးနောက်ပိုင်း မြို့တွင်းမှာ ပစ်ခတ်မှုတွေ ဖြစ်တာ ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပေမယ့် လားရှိုးမြို့ပေါ်မှာတော့ ပုံမှန်အတိုင်း ရောင်းဝယ်၊ သွားလာမှုတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

image

ပုသိမ် - မုံရွာ ကားလမ်းပေါ်မှာ ကုန်တင်ကားသမား ၄ ယောက်ကို ကားတွေနဲ့အတူ လက်နက်ကိုင်အဖွဲ့ကဖမ်းဆီး

ဧရာဝတီတိုင်း ၊ ပုသိမ် - မုံရွာ ကားလမ်းပေါ်မှာကုန်တင် ကားသမား ၄ ယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးထားတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲ့ဒီကုန်တင်ကားသမား ၄ ယောက်ကို ပုသိမ် - မုံရွာ ကားလမ်းပေါ်လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာ အနီးမှာ မနေ့ နိုဝင်ဘာလ ၂၅ ရက်ညနေပိုင်းက အသင့်စောင့်နေတဲ့ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတာလို့ သိရပါတယ်။
''ဘာလို့ ဖမ်းတာလည်းတော့ မသိဘူး ဖမ်းဆီးခေါ်ခံရတာ မှန်တယ်။ အဖမ်းခံရတဲ့ကားတွေကရန်ကုန်ကနေလာတဲ့ ကုန်ကားတွေလို့သိရပါတယ်။ ဘယ်ကိုဖမ်းခေါ်သွားတယ် ဆိုတာမသိသေးဘူး။ လက်နက်ကိုင်အဖွဲ့တခုကဖမ်း တာ။''လို့ အဖမ်းခံရတဲ့သူတွေနဲ့နီးစပ်သူ တယောက်ကပြောပါတယ်။
အဲ့ဒီ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကားသမားတွေဟာ လေးမျက်နှာနဲ့ ပုသိမ်-မုံရွာလမ်းပေါ်က ဈေးဆိုင်တွေက မှာယူထားတဲ့အိမ်သုံးစပ္စည်းတွေဆန်တွေ၊ စားသုံးဆီတွေ၊ စက်သုံးဆီတွေနဲ့အဝတ်အထည်တွေ တင်မောင်းလာတဲ့ ကားသမား တွေဖြစ်တယ်လို့သိရပါတယ်။
''အဲ့ဒီ ဖမ်းဆီးခံရတဲ့သူတွေက ကုန်တင်ကား ၂ စီးကို မောင်းတဲ့ယာဉ်မောင်း အမျိုးသား ၄ ယောက်ကိုပါ။ ကားတွေပါ သိမ်းယူထားတယ်လို့ သိရတယ်။ မိသားစုက မနေ့ကနေ့လယ်ပိုင်းအထိ ဖုန်းအဆက်အသွယ်ရသေးတယ်။ ညပိုင်းကျတော့ဖုန်းမရတော့။''လို့ ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်က ပြောပါတယ်။
အခုလို ကုန်တင်ကားသမားတွေ ဖမ်းဆီးခံရတဲ့ လေးမျက်နှာအပိုင်ထဲက စက်စက်ယိုကျေးရွာအပါအဝင် ဒေသအချို့ မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရက် ဆက်တိုက်ပွဲဖြစ်ပွားမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခေါ်ခံရတဲ့ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့အသီးသီးဘက်ကတော့ မှတ်ချက် တစုံတရာပေး သတင်းထုတ်ပြန်တာမရှိသေးတာတွေ့ ရပါတယ်။
အဲ့ဒီ လက်နက်ကိုင်အဖွဲ့တွေဖမ်းဆီးတဲ့ကုန်စည် ပစ္စည်းတွေအများစုဟာ အရပ်သားတွေ ပိုင်ဆိုင်တဲ့ကုန် ပစ္စည်းတွေဖြစ်သလို ကုန်ကားသမားတွေဟာလည်း ပုံမှန်ကုန်စည် သယ်ယူရေးလုပ်ငန်းလုပ်ဆောင်နေသူတွေဖြစ်တယ် လို့ ဒေသခံတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်ကလည်း အသက် ၇၀ ကျော်အရွယ် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ထဲက ကျေးရွာ အုပ်ချုပ်ရေးမှူးဦးတင်လှဟာ မန္တလေးတိုင်းကို ခရီးသွားစဉ် ကျောက်ပန်းတောင်းမြို့နယ် ဆိတ္တိန်းကျေးရွာအနီးအရောက်မှာ လက်နက်ကိုင်အဖွဲ့တခုကဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကလည်း မကွေးတိုင်း ချောက်မြို့နယ်၊ သွေးနက်ကျေးရွာမှာ နေထိုင်တဲ့ အသက် (၃၅)နှစ်အရွယ် ထွေအုပ်စာရေး ကိုနေမျိုးထွဋ်ဆို သူကို အမည်မသိသေနတ်သမားတွေက နေအိမ်အထိ လာဖမ်း ခေါ်ပြီးနောက် ချောက်မြို့နယ်၊သွေးနက်ကျေး ရွာနဲ့ ကြီးနီ ကျေးရွာလမ်းဆုံမှာပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

image