သီပေါတံတား ပိတ်ထားဆဲဖြစ်ပြီး လမ်းခရီး ညအိပ်ရတဲ့အပြင် ကုန်ကျစရိတ် နှစ်ဆကျော်များလို့ ခရီးသွားတွေ အခက်ကြုံ

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိက ကုန်သွယ်ရာ လမ်းမပေါ်ရှိ သီပေါ တံတား ဒီနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ အထိ ပိတ်ထားဆဲ ဖြစ်ပြီး လမ်းခရီး ညအိပ်ရတဲ့ အပြင် ကုန်ကျစရိတ် နှစ်ဆ အထက်များလို့ ခရီးသွားတွေ အခက်ကြုံနေကြရကြောင်း ခရီးသွားတွေဆီက သိရပါတယ်။
“သီပေါလမ်း မဖွင့်သေးပါဘူး။ နောင်ချို - ကျောက်ဂူ - နမ့်လန် လမ်းလည်း ထပ်ပိတ်သွားတယ်လို့ သိရတယ်။ ဇက်ကူးတဲ့ လူတွေကလည်း ၆ နာရီ အနည်းဆုံး စောင့်ရပါတယ်။ ည အိပ်စောင့် ရတဲ့သူတွေလည်း အများကြီး ရှိနေပါတယ်။” လို့ ခရီးသွား အမျိုးသား တယောက်က ပြောပါတယ်။
မန္တလေးကနေ မူဆယ်ကိုလာမယ်ဆိုရင် မန္တလေး - ကျောက်ဆည် - ရွာငံ - တောင်ကြီး - ကျေးသီး - မိုင်းရယ် လမ်းကနေ လာရတာကြောင့် လမ်းခရီး ဝေးလို့ ကားမောင်းတဲ့ပေါ်မူတည်ပြီး လမ်းမှာ တည ဒါမှ မဟုတ် နှစ်ည အိပ်ရတာ ရှိတယ်လို့ သူက ပြောပါတယ်။ ၏
ကျောက်မဲ - တာလုံ ဇက်ကူးလမ်းကနေ လာမယ်ဆိုရင် လမ်းခရီး စရိတ် နှစ်ဆ ကုန်တဲ့ အပြင် ကျောက်မဲနဲ့ လားရှိုးကြား ၁၂ နာရီ နဲ့ အထက် ကြာမြင့်ကာ ညအိမ်စောင့်ဆိုင်းနေရသူ အများအပြားရှိနေတာ ဖြစ်ပါတယ်။
“ဇက်ကူးခက အံစာတုံးကား ကုန်ပါးပါးပဲပါရင် တစီး တသိန်းပါ။ ကုန်ပါတဲ့ အပေါ်မူတည်ပါတယ်။ ကုန်ပါကားတွေက နှစ်စီး ငါးသိန်း ပေးရတာတွေလည်း ရှိတယ်။ ကုန်ပါတဲ့ အပေါ်မူတည်ပါတယ်” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
ကားသေးလတွေက တခါကို ခြောက်စီး၊ ခုနှစ်စီး တင်နိုင်ပြီး တခေါက်ကို နာရီဝက် ဝန်းကျင်ခန့်ကြာတာကြောင့် ကားအရေအတွက်များလို့ တန်းစီ စောင့်ဆိုင်းနေကြရတာဖြစ်ပြီး ညအိပ်စောင့်ဆိုင်းနေကြရသူတွေလည်း များတယ်လို့ သူကပြောပါတယ်။
လမ်းကျဉ်း၊ လမ်းဆိုးပြီး လမ်း တလျှောက် စားသောက် ဆိုင်တွေ မရှိတာကြောင့် ခရီးသွားတွေ အနေနဲ့ သောက်ရေ၊ စားစရာတွေ ယူဆောင်လာသင့်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုးကုတ် - ကျောက်မဲ လမ်းကိုလည်း သီပေါတံတား ပိတ်လိုက်ပြီးနောက် ထပ်ပိတ်လိုက်တာကြောင့် လမ်းမှာ ရပ်ထားရတဲ့ ကားတွေ ရှိသလို ကျောက်မဲမြို့ဘက် ဝင်လို့မရတော့တာကြောင့် တောလမ်းကနေ သွားလာရတယ်လို့ ခရီးသွား လူငယ် တယောက်ကလည်း ပြောပါတယ်။
တောင်တက်၊ တောင်ဆင်း၊ လမ်းကြမ်းတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက ကား မတက်နိုင်ပဲ နောက်ပြန်လှိမ့်လာတာကြောင့် ခရီးသွားတချို့ ဒဏ်ရာရခဲ့တာမျိုးဖြစ်ပွားခဲ့ပြီး 4 Wheel ပါတဲ့ ကားတွေမှ အဆင်ပြေတာမျိုး တွေ့ရတယ်လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ မိုးကုတ်ကနေ ရှမ်းမြောက်ဘက်လာမယ့် ကားတွေကို လေးရက် အတက်၊ သုံးရက် အဆင်း အလှည့်ကျ သတ်မှတ် ထားပေးတယ်လို့ သူက ရှင်းပြပါတယ်။
သီပေါတံတားကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကစ ရုတ်တရက် ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာဖြစ်ပါတယ်။

image

သရက်ချောင်းမြို့အထက်ကျောင်းက အထက်တန်းပြ ဆရာမ ၃ဦးကို လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေခံပညာအထက်ကျောင်းက ကျောင်းဆရာမ ၃ ယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ပညာရေးအသိုင်းအဝိုင်း ကနေ သိရပါတယ်။
''ဆရာမတွေက ရွေးကောက်ပွဲကိစွတာဝန်နဲ့ထားဝယ်မြို့ကနေ သရက်ချောင်းမြို့ကိုမော်တော်ယာဉ် တစီးနဲ့ နိုဝင်ဘာ ၁၆ ရက်က ထွက်လာရင်း အဖမ်းခေါ်ခံရတာ။ သင်းကျွန်း ကျေးရွာအနီးမှာ ဖမ်းခေါ်ခံရတာ။ ဘယ်အဖွဲ့က ဖမ်းတာလည်းဆိုတာ မသိရသေးပါဘူး''လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်ခံရတဲ့ ဆရာမ ၃ ယောက်ဟာ သရက်ချောင်းမြို့အခြေခံပညာအထက်တန်းကျောင်းက အထက်တန်းပြဆရာမတွေဖြစ်တဲ့ ပန်းတောရပ်ကွက်က ဒေါ်မီမီချို၊ မြို့မရပ်ကွက်က ဒေါ်ဆုဝါလှိုင်နဲ့ ဒေါ်ဆင့်ဆင့်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။
''သင်းကျွန်းကျေးရွာအနီးအရောက်မှာ လက်နက်ကိုင်တွေက မော်တော်ယာဉ်ကို တားဆီးရပ်တန့်ခိုင်းပြီးဖမ်းဆီးခေါ်သွားတာပါ။သက်ဆိုင်ရာက လိုအပ်တာတွေကို စစ်ဆေးဆောင်ရွက်နေပါတယ်။''လို့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဆရာမတွေဟာ ဒီနေ့ နိုဝင်ဘာလ ၁၉ ရက်အထိ ပြန်လွတ်လာတာမရှိသေးဘဲ ဖမ်းဆီးခံရတဲ့ ပညာရေးဝန်ထမ်းတွေကို ပြန်လည်ကယ်တင်နိုင်ရေး သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စုံစမ်းရှာဖွေနေ
တယ်လို့သိရပါတယ်။
ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းခေါ်တဲ့ဖြစ်စဉ် တွေမကြာခဏဖြစ်ပွားနေပြီး နိုဝင်ဘာလ ၁၆ ရက်က လည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အခြေခံပညာအထက်တန်းကျောင်းက အထက်တန်းပြ ကျောင်းဆရာမ ဒေါ်ရီရီဝင်းအပါအဝင် သိမ်ဇရပ်မြို့ပေါ်က အခြေခံပညာစာသင်ကျောင်းတွေက ကျောင်းဆရာမ ၉ ယောက်ဟာ သိမ်ဇရပ်မြို့ကနေ မော်တော်ယာဉ် ၁ စီးနဲ့ ကျိုက်ထိုမြို့ကိုသွားရောက်စဉ် လမ်းမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က မနက်ပိုင်းဖမ်းခေါ်ခဲ့ပြီး နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့မှု ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာက အသက် ၁၂ နှစ်အရွယ် ကလေးတယောက်အပါအဝင်လူ ၈ ယောက်ကိုလည်း လက်နက်ကိုင်အဖွဲ့တခုက နိုဝင်ဘာ ၅ ရက်က ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင်တဦးဖြစ်တဲ့ သက်ဝေထွန်းဆိုသူဟာ စလင်းမြို့နယ်ကနေ ဆင်ဖြူကျွန်းမြို့ကို ဆိုင်ကယ်နဲ့ တယောက်တည်းအသွား အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းက လက်နက်ကိုင်အဖွဲ့တခုက​နေ ဆိုင်ကယ်ကို တားဆီးကာ ဖမ်းဆီးခေါ်ဆောင်သွားသေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ထွေအုပ်ရုံးအကူ ဝန်ထမ်းဖြစ်တဲ့ ကိုအောင်ဇော်မိုးဆိုသူဟာ ရွှေဘိုတက္ကသိုလ်မှာ အဝေးသင်တက်ရောက်ဖို့သွားစဉ် မုံရွာမြို့အနီးမှာ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီး ခေါ်ဆောင်သွားသေးတယ်လို့ သိရပါတယ်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ တာဝန် ကျနေတဲ့ရဲတပ်သားစိုင်းခွန်ကျော်ရဲ့ဇနီးဖြစ်သူ ဒေါ်အေးအေးခိုင်ဆိုသူနဲ့ သားဖြစ်သူ အသက် ၁၀ နှစ်အရွယ် မောင်စိုင်းကိုကို၊ သမီးဖြစ်သူ အသက်ကိုးလအရွယ် မနန်းရွှေပိုးဖြူသန့်တို့ဟာ မလှိုင်မြို့နယ်ရှိ မလှိုင်မြို့မဈေးမှာ ဈေးဝယ်နေစဉ် မော်တော်ယာဉ် ၁ စီးနဲ့လာတဲ့ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခံရမှု ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

image

တိုက်ပွဲဖြစ်မှာ စိုးရိမ်တဲ့အတွက် မိုးကုတ်မြို့ခံအများအပြား မြို့ကို စွန့်ခွာနေ

မိုးကုတ်မြို့ကို အစိုးရတပ်က TNLA တပ်ဖွဲ့ထံကနေ လွှဲယူချိန် PDFs တပ်ဖွဲ့ တွေနဲ့ တိုက်ပွဲ ဖြစ်လာနိုင်တယ်ဆိုပြီး မြို့ခံတွေ အလုံးရင်းနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။
မိုးကုတ်မြို့ခံအများစုဟာ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေ၊ ကုန်တင်ကား တွေနဲ့ မဘိမ်း၊ နမ့်ဆန်၊ မန္တလေးမြို့တွေဘက်ကို ရွှေ့ပြောင်းနေကြပြီး မြို့အတွင်းမှာတော့ အိမ်စောင့် အနည်းငယ်သာ ကျန်ခဲ့တယ်လို့ မိုးကုတ်မြို့ ခံတွေ ထံက သိရပါတယ်။
“ပလောင်အဖွဲ့က ပြန်ပေးမယ်။ ကျန်တဲ့အဖွဲ့က ပြန်မပေးဘူးနဲ့ ရှုပ်နေတာ။ အခု စစ်တပ်က ပြန်ရောက်လာရင် တိုက်ပွဲက ဖြစ်လာနိုင်တယ်။ မြို့ခံတွေက ကြောက်တော့ ကြိုရှောင်ထားလိုက်တဲ့ သဘောပါ” ဟု မိုးကုတ်မြို့ခံ အမျိုးသားတယောက်ကပြောပါတယ်။
အထူးသဖြင့် ​ရှောင်ကြတဲ့အထဲမှာ CDM ဝန်ထမ်း​တွေအပြင် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့​တွေနဲ့ ဆက်စပ်သူ​တွေက အထူးစိုးရိမ်ပြီး မဖြစ်မ​နေ​ရှောင်ကြတယ်လို့ ​ပြောပါတယ်။
အခုရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ မိုးကုတ်ကို ရောက်လာမယ်လို့ သတင်းတွေ ထွက်နေပြီး TNLA ဘက်ကလည်း သူတို့ရဲ့ ရုံးတွေကို ပိတ်သိမ်းနေပြီလို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
“မြို့ထဲမှာ သူတို့ရုံးတွေ ပိတ်ပြီးတော့ ပစ္စည်းတွေ ရွှေ့သွားပြီ။ နည်းနည်းပဲ ကျန်တော့တယ်။ မြို့ပတ်ပတ်လည်မှာကတော့ သူတို့ရှိသေးတယ်” လို့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာနေထိုင်သူ တယောက်က ပြောပါတယ်။
အစိုးရနဲ့ TNLA တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ပိုင်းမှာ တရုတ်နိုင်ငံ အစိုးရရဲ့ အကူအညီနဲ့ အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။
ဒီပစ်ခတ်ရပ်စဲမှုအတွင်းမှာ TNLA ဘက်က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို ပြန်လွှဲ ပေးမယ်လို့ သဘောတူထားတာ ဖြစ်ပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့ကို သိမ်းပိုက်စဉ်က TNLA တပ်ဖွဲ့အပြင် တခြား တော် လှန်ရေး အဖွဲ့တွေလည်း ပါဝင်ခဲ့ပါတယ်။
အစိုးရတပ်နဲ့ TNLA တပ်ဖွဲ့တို့ရဲ့ သဘောတူညီချက်တွေကို နှစ်ဖက်လုံးက တိတိကျကျ ထုတ်ပြောတာ မရှိသလို တခြားတော်လှန်ရေးတပ်ဖွဲ့တွေလည်း မြို့အနီးမှာ ရှိနေတဲ့အတွက် မြို့ခံတွေကြားမှာ တိုက်ပွဲတွေ ဖြစ်မှာကို စိုးရိမ်နေရတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။

image

ဂျော်ဂျီယာရှိ ဟွန်ဒိုင်းစက်ရုံမှ တောင်ကိုရီးယားအလုပ်သမား ၃၀၀ ကိုဖမ်းဆီးမှု အိမ်ဖြူတော်တောင်းပန်

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်ရှိ ဟွန်ိဒိုင်းကုမ္ပဏီရဲ့ စက်ရုံတရုံတွင် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က ဖုန်းဆက်တောင်းပန်ခဲ့တယ်လို့ ဟွန်ဒိုင်းအမှုဆောင်အရာရှိချုပ် မူနော့ဇ် က ပြောပါတယ်။
ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း သူ့ထံ ဖုန်းဆက်ပြီး "ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါက ပြည်နယ်တရားစီရင်ပိုင်ခွင့်မဟုတ်ဘူး" လို့ ပြောကြားခဲ့ကြောင်း စင်ကာပူမှာ ကျင်းပတဲ့ စီးပွားရေးခေါင်းဆောင်တွေရဲ့ ညီလာခံတခုမှာ မစ္စတာ မူနော့ဇ်က ပြောပါတယ်။
ဟွန်ဒိုင်းနဲ့ အီလက်ထရွန်းနစ်ကုမ္ပဏီကြီး LG တို့ လည်ပတ်လုပ်ကိုင်နေတဲ့ ဂျော်ဂျီယာရှိ ဘက်ထရီစက်ရုံတရုံမှာ စက်တင်ဘာလအတွင်းက တောင်ကိုရီးယား အလုပ်သမား ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
စီးနင်းမှုအတွင်း တာဝန်ရှိသူတွေဟာ အလုပ်သမားတွေရဲ့ ခြေထောက်တွေကိုပါ ချည်နှောင်ထားပြီး စက်ရုံကြမ်းပြင်တွေပေါ်မှာ အတင်းအကြပ်ထိုင်ခိုင်းခဲ့တာတွေကြောင့် တောင်ကိုရီးယားဘက်က အမျက်‌ဒေါသထွက်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရဟာ အမေရိကန်နဲ့ အရေးပေါ်ဆွေးနွေးပွဲတွေ ပြုလုပ်ပြီးနောက် အလုပ်သမားတွေကို နေရပ်ပြန်ပို့ခဲ့ပါတယ်။ ပြန်မပို့ခင် တပတ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။ အလုပ်သမားရှားပါးနေချိန်မှာ ဒီစီးနင်းမှုဟာ စက်ရုံဖွင့်လှစ်ဖို့ကို နှောင့်နှေးစေတယ်လို့ ကုမ္ပဏီက သတိပေးခဲ့ပါတယ်။ံ
မစ္စတာ မူနော့ဇ်ကတော့ စက်ရုံမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ရှိနေသလို ထင်ရအောင် ဖုန်းခေါ်ဆို တိုင်ကြားမှု ပြုလုပ်ခဲ့တယ် လို့ ယုံကြည်ကြောင်း စင်ကာပူမှာ ပြုလုပ်တဲ့ စီးပွားရေးဆွေးနွေးပွဲမှာ ပြောပါတယ်။
"ဒီကိစ္စ လုံးဝမဟုတ်ပါဘူး" လို့ မစ္စတာ မူနော့ဇ်က ပြောပါတယ်။
စီးနင်းမှုဟာ "အံ့သြစရာကောင်းလောက်အောင် ဆိုးရွားပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ အမေရိကန်မှာ ထုတ်လုပ်ရေးအတွက် ဆက်လက်ကတိကဝတ်ပြုထားဆဲဖြစ်တယ် “ လို့ သူက ဆိုပါတယ်။
စီးနင်းမှုကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားကြား တင်းမာမှုတွေ မြင့်တက်လာပေမယ့် နှစ်နိုင်ငံဟာ ကျယ်ပြန့်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တရပ် ရရှိခဲ့တယ်လို့ အောက်တိုဘာလမှာ ကြေညာခဲ့ပါတယ်။

image

ပခုက္ကူနည်းပညာတက္ကသိုလ်ရဲ့ တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွား

မကွေးတိုင်း ၊ ပခုက္ကူနည်းပညာတက္ကသိုလ်က တာဝန်ခံကျောင်းအုပ်ကြီး အပါအဝင် လေး​ယောက်ကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ပခုက္ကူနည်းပညာတက္ကသိုလ် တာဝန်ခံကျောင်းအုပ်ကြီး ဒေါက်တာ မြမြမွှေး နဲ့ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင် ၊ နည်းပညာတက္ကသိုလ် အမှုတွဲထိန်းဖြစ်သူ ဦးသန်းလွင် နဲ့ တူတော်စပ်သူ ကိုမင်းကိုချစ် ဆိုသူတို့ ဖြစ်ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့က ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲကို တက်ရောက်ပြီးနောက် ရေစကြိုမြို့ကို ကားနဲ့ပြန်လာစဥ် လမ်းမှာ လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးသွားတာ ဖြစ်ကြောင်း ၊ ဖမ်းဆီးခံရပြီးကတည်းက အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။
" သူတို့စီးသွားတဲ့ ကားနှစ်စီးလည်း ယူသွားတယ် ။ သတင်းပေးရှိလို့ ကြိုစောင့်ဖမ်းတယ်လို့ ထင်တယ် ။ ရေစကြို နဲ့ ပခုက္ကူလမ်းပေါ်ရှိတဲ့ ကျောက်လှေခါးရွာနားမှာ ဖမ်းသွားတာပါ ။အဆက်အသွယ်တော့ မရသေးဘူး သိရတယ် ။ ဘယ်အဖွဲ့က ဖမ်းမှန်းမသိရသေးဘူး ။ " လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူ ကပြောပါတယ် ။
ဖမ်းဆီးခံရတဲ့ ကျောင်းအုပ်ကြီး အပါအဝင် လေးယောက်လုံးကို အမြန်ဆုံးရှာဖွေတွေ့ရှိပြီး ကယ်တင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ် ။
" ကျောင်းအုပ် ဆရာမကြီး အပါ လေးယောက်ဖမ်းခံရတယ် ဆိုတာ ဟုတ်ပါတယ် ။ ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာတော့ မသိပါဘူး ။ စစ်တပ်နဲ့ ရဲဘက်ကတော့ ကယ်နိုင်ဖို့ ရှာနေတယ် ။ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း ကျွန်တော်တို့တော့ သေချာမသိဘူး ။ " လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက်ကလည်း တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေခံပညာ အထက်ကျောင်းမှ ကျောင်းဆရာမ သုံးယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အဲဒီနေ့မှာပဲ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ အထက်တန်းပြ ကျောင်းဆရာမ တယောက် နဲ့ အခြေခံပညာစာသင်ကျောင်းတွေက ကျောင်းဆရာမရှစ်ယောက်ကိုလည်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့ပြီး နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ် ။
နိုဝင်ဘာလ ၆ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၅)မှ အငယ်တန်း အင်ဂျင်နီယာ တယောက်ကို ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးသွားပါတယ်။
VOM မှ စုစည်းရရှိထားတဲ့ အချက်အလက်အရဆိုရင် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာက ဦးအောင်ခင်ညွန့်နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မို့မို့ထွန်း၊ သားဖြစ်သူ မောင်မြတ်ဘုန်းခန့်(၁၂ နှစ်)၊ ဦးဇော်ဝင်းမောင်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းမူ၊ ဦးခင်မောင်အေး နဲ့ညီမဖြစ်သူဒေါ်နှင်းရီ၊ ဒေါ်ခင်ပိုတို့ ရှစ်ယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ် လို့သိရပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးသက်ဝေထွန်းဆိုသူကိုလည်း အောက်တိုဘာ ၃၁ ရက်နေ့က စလင်းမြို့နယ်ကနေ ဆင်ဖြူကျွန်းမြို့ကို ဆိုင်ကယ် နဲ့ သွားစဥ် လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

image

ရခိုင်ပြည်နယ်က စစ်ရှောင်တွေ စားဝတ်နေရေးကျပ်တည်းလာလို့ တောင်းရမ်းစားသောက်ရတဲ့အထိ ဖြစ်လာနေ

ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေမှာ စားဝတ်နေရေး ခက်ခဲကျပ်တည်းပြီး အငတ်ဘေးကြုံလာနေတာကြောင့် နီးစပ်ရာ ကျေးရွာတွေဆီ လှည့်လည်ပြီး တောင်းရမ်းစားသောက်ရ​တဲ့ အထိ ဖြစ်​​နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရတဲ့ နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူတွေမှာ ဝင်ငွေရတဲ့ အလုပ်အကိုင် အတည်တကျမရှိတာ ၊ လုပ်ကိုင်နိုင်တဲ့ လူငယ်လူရွယ် မရှိသလောက်နည်းတာ ၊ အလုပ်အကိုင်ရှားလာတာ​တွေကြောင့် စားဝတ်နေရေး အဆင်မပြေတဲ့အတွက် တောင်းရမ်းစားသောက်ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါအပြင် နေရပ်စွန့်ခွာပြီး စစ်ရှောင်ရတာ ကြာမြင့်လာမှုနဲ့အတူ စစ်ရှောင်စခန်းတွေအနေနဲ့ အကူအညီ အထောက်အပံ့ ရရှိမှုတွေလည်း မရှိသလောက် လျော့နည်းလာတာကြောင့် စစ်ရှောင်ပြည်သူတွေမှာ စားဝတ်နေရေး အငတ်ဘေးကြုံတဲ့အထိ ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
" စစ်ရှောင်စခန်းတွေမှာ အလှူငွေရရှိမှုတွေ နည်းလာတော့ စစ်ရှောင်တွေအတွက် ခက်ခဲလာတယ် ။အရင်လို အပြည့်အဝ ကူညီနိုင်မှုတွေ နည်းသွားတယ် ။ အခက်အခဲတွေ ဖြစ်လာတယ်။ ပထမ စားဝတ်နေရေး ခက်ခဲတယ် ။ဒုတိယ ဆေးဝါး လိုအပ်ချက်ရှိတယ်။ စစ်ရှောင်တဲ့ကာလကလည်း ကြာပြီဆိုတော့ လိုအပ်ချက်က ပိုများလာတယ်။အဲဒီတော့ တချို့လည်း ရွာနီးစပ်ကို လိုက်တောင်းကြတော့ ဆန်အပါအဝင် စားစရာတွေ လှူကြပါတယ်။ ဖြစ်နိုင်ရင် ရခိုင်စစ်ရှောင်တွေအတွက် လှူပေးကြဖို့ တောင်းဆိုပါတယ် ။ " လို့ ရခိုင်စစ်ရှောင်အရေး ကူညီနေသူက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ မြို့နယ်အလိုက်မှာ လူဦးရေသောင်းနဲ့ချီရှိနေပြီး စစ်ရှောင်အားလုံးမှာ စားဝတ်နေရေးခက်ခဲကာ အကူအညီ အထောက်အပံ့တွေ အရေးတကြီး လိုအပ်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
" ဂွ ဆိုရင် အဓိက ရေလုပ်ငန်းနဲ့ အသက်မွေးကြတာလေ ။အခုကျတော့ ပင်လယ်ပြင်လည်း ထွက်ဖို့ခက်တော့ စစ်မရှောင်တဲ့ ဒေသခံတွေလည်း စားဝတ်နေရေး ခက်ခဲလာတယ် ။ စစ်ရှောင်တွေလည်း စားဝတ်နေရေး ခက်ခဲလာလို့ အကူအညီတွေ လိုအပ်နေပါတယ် ။ လှူဒါန်းမှုတွေရှိပေမယ့်လည်း စစ်ရှောင်ရတဲ့ကာလက ဘယ်တော့ပြီးမယ်ဆိုတာ မသိနိုင်အတွက် လိုအပ်ချက်က ပိုများပါတယ် ။ " လို့ ဂွမြို့ စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။
ဂွမြို့နယ်မှာ နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူ အပါအဝင် စားဝတ်နေရေးခက်ခဲနေတဲ့ ဒေသခံ ဦးရေ ၈၀၀၀ နီးပါးရှိနေကြောင်း ဂွမြိုနယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ ရဲ့ ကောက်ခံထားမှု စာရင်းအရ သိရပါတယ် ။
စစ်ရှောင်ပြည်သူတွေရဲ့ အငတ်ဘေးပြဿနာကို ဖြေရှင်းဖို့အတွက် ဆန် နဲ့ ဆီ အဓိကလိုအပ်နေတာ​ကြောင့် စစ်ရှောင်အရေး ကူညီနေသူတွေက အလှူခံမှုတွေ ပြုလုပ်နေကြပါတယ်။
ငွေကြေး အလှူခံရရှိတဲ့အခါ ဆန်ကိုအဓိက ဝယ်ယူပြီး အိမ်ထောင်စုအလိုက် ဆန်ကို ခွဲဝေထောက်ပံ့ ပေးနေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ မြို့၊ ရသေ့တောင် အပါအဝင် ရခိုင်နဲ့ ပဲခူးတိုင်းအစပ်​ ဒေသတွေ ၊ ရခိုင်နဲ့ မကွေးတိုင်းအစပ်က ဒေသတွေ ၊ ရခိုင်နဲ့ ဧရာဝတီတိုင်း အစပ်က ဒေသတွေမှာ AA နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တွေ ၊ ကျောက်ဖြူ ၊ မာန်အောင် မြို့နယ်တွေကိုသာ အစိုးရတပ်တွေ ထိန်းချုပ်ထားပြီး ကျန်တဲ့ မြို့နယ်တွေကိုတော့ AA က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ စစ်ရှောင်နေရတဲ့ ပြည်သူ ရှစ်သိန်းလောက်ရှိကြောင်း နဲ့ စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း မရောက်ရှိတော့တာ ကြာပြီလို့ ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP အချက်အလက်အရ သိရပါတယ်။
နောက်ပြီး ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ နှစ်သန်းကျော်လောက် အငတ်ဘေးကြုံနိုင်ကြောင်းကိုလည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ UNDP က အစီရင်ခံစာ
ထုတ်ပြန် သတိပေး ခဲ့ပါတယ်။

image

တောင်ကိုရီးယား ခရီးသည်တင်သင်္ဘော သောင်တင်ပြီးနောက် လူ ၂၆၇ ယောက်ကို ကယ်ဆယ်

တောင်ကိုရီးယား ခရီးသည်တင် သင်္ဘောတစင်းဟာ နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းရှိ ကျောက်ဆောင်တွေပေါ်မှာ သောင်တင်ပြီးနောက် လိုက်ပါလာသူ ၂၆၇ ယောက်စလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
Queen Jenuvia 2 သင်္ဘောဟာ ကျောက်ဆောင်တခုပေါ်မှာ သောင်တင်ပြီး ရွေ့လျားနိုင်ခြင်း မရှိပေမယ့်လည်း လက်ရှိမှာ နစ်မြုပ်ခြင်း သို့မဟုတ် တိမ်းမှောက်မယ့် အန္တရာယ် မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီမတော်တဆမှုဟာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ဆီနန်ခရိုင်ရှိ ဂျန်ဆန်ကျွန်းအနီး ဖြစ်ပွားခဲ့တာပါ။ လူ ၂၇ ယောက် အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူမရှိဘူးလို့ ကမ်းခြေစောင့်တပ်က ဆိုပါတယ်။ ကျယ်လောင်တဲ့ အသံတခု ထွက်ပေါ်လာပြီးနောက် သင်္ဘော တိမ်းစောင်းသွားတယ်လို့ ခရီးသည်တယောက်က ပြောပါတယ်။
တန်ချိန် ၂၆၀၀၀ ရှိတဲ့ Queen Jenuvia 2 သင်္ဘောဟာ အပန်းဖြေကျွန်း ဂျယ်ဂျူးမှ ထွက်ခွာပြီးနောက် မော့ပိုဆိပ်ကမ်းမြို့သို့ ဦးတည်ခုတ်မောင်းခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကမ်းခြေစောင့်တပ်ကတော့ ဒီရေတက်ချိန်မှာ သင်္ဘောကို ကမ်းကို ဆွဲဖို့စီစဉ်ထားပါတယ်။
သောင်တင်ခဲ့တဲ့ နေရာဟာ ၂၀၁၄ ခုနှစ်က လူ ၃၀၀ ကျော် သေဆုံးခဲ့သော ဆီဝိုလ် ခရီးသည်တင်သင်္ဘော နစ်မြုပ်မှုဖြစ်ပွားရာနေရာအနီးမှာရှိပြီး အဲဒီဖြစ်စဉ်မှာ ကျောင်းခရီးစဉ်အတွက် သွားရောက်နေတဲ့ ကျောင်းသားကလေးငယ် အများစုသေဆုံးခဲ့ကြပါတယ်။
ပြန်လည်ဆယ်ယူထားတဲ့ အဲဒီသင်္ဘောပျက်ကို သုံးနှစ်နီးပါးအကြာမှာ မော့ပိုဆိပ်ကမ်းကို ပြန်လည်သယ်ဆောင်ခဲ့ပါတယ်။

image

ရုရှားထောက်လှမ်းရေးသင်္ဘော လမ်းကြောင်းမပြောင်းရင် စစ်ရေးရွေးချယ်စရာ အသင့်ရှိတယ်လို့ ဗြိတိန် သတိပေး

ရုရှားထောက်လှမ်းရေး သင်္ဘောတစင်းဟာ ဗြိတိန်ရေပိုင်နက်အနီး သူ့လှုပ်ရှားမှုတွေကို ခြေရာခံနေတဲ့ ဗြိတိန်တော်ဝင်လေတပ် လေယာဉ်မှူးတွေကို နှောင့်ယှက်ဖို့ ပထမဆုံးအကြိမ်အဖြစ် လေဆာနဲ့ ထိုးခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ယန်တာသင်္ဘောရဲ့ အန္တရာယ်များတဲ့ လုပ်ဆောင်မှုအတွက် ဗြိတိန်အစိုးရအနေနဲ့ အလွန်သတိထားစောင့်ကြည့်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေက သတင်းထောက်တွေကိုပြောပါတယ်။
သင်္ဘောဟာ စကော့တလန်မြောက်ပိုင်းမှာ ရှိနေခဲ့ပြီး လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းက ဗြိတိန် ရေပိုင်နက်ထဲကို ဒုတိယအကြိမ် ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဗြိတိန်အနေနဲ့ သင်္ဘောကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး လမ်းကြောင်းမပြောင်းရင် စစ်ရေးရွေးချယ်စရာတွေ အသင့်ရှိတယ်လို့ ဂျွန်ဟီလေကပြောပါတယ်။
ရုရှားဘာလုပ်နေလဲဆိုတာကို မိမိတို့ သိရှိ မြင်တွေ့နေသည်ကြောင်း ရုရှားနဲ့ ပူတင်ကို သတင်းစကားပါးလိုတယ်လို့ သူကဆိုပါတယ်။ တော်ဝင်ရေတပ် ဖရီးဂိတ်သင်္ဘောတစင်းနဲ့ Poseidon P-8 လေယာဉ်တွေက ရုရှားသင်္ဘော ယန်တာနောက်ကို လိုက်ပါစဉ် လေဆာနဲ့ထိုးခဲ့တာလို့ ပြောပါတယ်။
၂၀၁၅ ခုနှစ်မှာ စတင်အသုံးပြုခဲ့တဲ့ အဲဒီသင်္ဘောဟာ ရုရှားရဲ့ အဓိကပင်လယ်ရေနက် သုတေသနညွှန်ကြားရေးမှူးရုံးရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ပုံမှန်အခြေအနေမှာ စောင့်ကြည့်ထောက်လှမ်းတာနဲ့ ပဋိပက္ခတွေအတွင်း ဖျက်ဆီးမှုတွေ ပြုလုပ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတယ်လိုပ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ရုရှားကတော့ ဗြိတိန်ရဲ့ ရေအောက်ဆက်သွယ်ရေးကို စိတ်မဝင်စားဘူးလို့ ကြေညာချက်ုထုတ်ပြန်ပါတယ်။ မိမိုတို့ရဲ့ လုပ်ဆောင်ချက်ဟာ ဗြိတိန်အကျိုးစီးပွားနဲ့ လုံခြုံရေးကို ထိခိုက်စေဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါပေမယ့် ဗြိတိန်ရဲ့ ရုရှားကိုကြောက်ရွံ့စိတ်၊ စစ်ရေးအရ ထိတ်လန့်မှုတွေက ဥရောပလုံခြုံရေးကို ပိုမိုယိုယွင်းစေပြီး အန္တရာယ်ရှိတဲ့ အခြေအနေသစ်အတွက် လမ်းကြောင်းပေးနေတယ်လို့ သတိပေးထားပြီး ဒီလိုအခြေအနေတွေကို ရပ်တန့်ဖို့ တိုက်တွန်းထားပါတယ်။

image

မတရားအမြတ်တင်ရောင်းချမှုများအား ထိထိရောက်ရောက်စစ်ဆေးထိန်းသိမ်းရန် နိုင်ငံတော်ဝန်ကြီးချုပ်မှာကြား

ကုန်စည်ဈေးနှုန်းတွေနဲ့ပတ်သက်ပြီး ဈေးကွက်စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေးနဲ့ မတရားအမြတ်တင်ရောင်းချမှုတွေကို ထိထိရောက်ရောက် ထိန်းသိမ်းစစ်ဆေးသွားဖို့လိုတယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောပါတယ်။
နိုဝင်ဘာ၁၉ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။
ပြည်သူတွေရဲ့ နေထိုင်စားသောက်ရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေဖို့နဲ့ ကုန်စည်ဈေးနှုန်းတည်ငြိမ်ဖို့လည်းလိုအပ်တယ်လို့ ပြောပါတယ်။
သီးနှံအထွက်နှုန်းတိုးမြှင့်ရေးဟာ နိုင်ငံရဲ့အဓိကပန်းတိုင်ဖြစ်တယ‌်လို့လည်း ဆိုပါတယ်။
စိုက်ပျိုးသီးနှံတွေအထွက်တိုးလာမှသာ ပြည်သူတွေရဲ့လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံအတွက်လိုအပ်တဲ့ စားနပ်ရိက္ခာတွေလည်း လုံလောက်မှုရရှိနိုင်မှာဖြစ်တဲ့အတွက် စိုက်ပျိုးရေးကဏ္ဍကိုအခြေခံပြီး စီးပွားရေးကွင်းဆက်တစ်ခုလုံးကို ခိုင်မာအောင်တည်ဆောက်ဖို့လိုအပ်တယ်လို့လည်း နိုင်ငံတော်ဝန်ကြီးချုပ်ဦးညို‌စောက ပြောပါတယ်။

image

ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရသူများကို ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်မည်ဟု ယာယီသမ္မတပြောကြား
--------------------------------------------

ထိုင်းနိုင်ငံမှာကျင်းပမဲ့ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)မှာ အောင်မြင်မှုရသူတွေကို ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ‌ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
နိုဝင်ဘာ၁၉ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံမှာကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မဲ့ မြန်မာအားကစားအဖွဲ့ကို အောင်နိုင်ရေးအလံပေးအပ်တဲ့အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။
ဆီးဂိမ်းပြိုင်ပွဲဝင်မဲ့ လက်ရွေးစင်အားကစားသမားတွေအတွက် ဆေးပစ္စည်းတွေ၊ လေ့ကျင့်ရေးသုံးပစ္စည်းတွေနဲ့ စားစရိတ်တွေကိုလည်း နိုင်ငံတော်ဘဏ္ဍာထဲကနေ ကျခံသုံးစွဲပေးခဲ့ပြီး နိုင်ငံခြားသားနည်းပြငါးဦးကိုလည်း နိုင်ငံတော်စားရိတ်နဲ့ ငှားရမ်းလေ့ကျင့်စေခဲ့တယ်လို့ ဆိုပါတယ်။
ဆီးဂိမ်းပြိုင်ပွဲကနေတဆင့် အာရှနဲ့ ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲတွေအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မျှော်မှန်းကြိုးပမ်းကြစေလိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
(၃၃)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ၉ရက်ကနေ ၂၀ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ပြိုင်ပွဲမှာ အားကစားနည်း၅၄မျိုးထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက အားကစားနည်း၃၈မျိုးမှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

image