နိုင်ငံရေးနှင့် ဘောလုံးကို မရောယှက်သင့်ကြောင်း အာဂျင်တီးနားနည်းပြစကာလိုနီ ပြောကြားလာ
==================

အာဂျင်တီးနားနည်းပြလီယွန်နယ်စကာလိုနီက ဗုဒ္ဓဟူးနေ့ အင်္ဂလန်နှင့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ၎င်းမှာ နိုင်ငံရေးနှင့် ဘောလုံးကို မရောယှက်လာမည်မဟုတ်ကြောင်း ပြောကြားလာပါတယ်။
Atlanta Stadium တွင် နိုင်ငံတကာဘောလုံးဇာတ်ခုံပေါ်တွင် ခါးသီးတဲ့ ပြိုင်ဆိုင်မှုများစွာ ရှိနေတဲ့ အင်္ဂလန်နှင့် အာဂျင်တီးနားတို့ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်ရေး ဆီမီးဖိုင်နယ်ပွဲစဉ် ကစားရပါမယ်။
လက်ရှိ ချန်ပီယံ အာဂျင်တီးနားက ချန်ပီယံဘွဲ့ကို ကာကွယ်ရေး ဗိုလ်လုပွဲသို့ တက်နိုင်ရန် ကြိုးစားလာရမှာ ဖြစ်သလို အင်္ဂလန်ကလည်း ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရေး တိုက်ပွဲဝင်လာရပါမယ်။
အင်္ဂလန်နှင့် အာဂျင်တီးနားတို့ဟာ ဘောလုံးကွင်းအတွင်းတွင်သာ ခါးသီးတဲ့ သမိုင်းကြောင်း ရှိနေတာ မဟုတ်ပါဘူး။ အင်္ဂလန်နှင့် အာဂျင်တီးနားတို့ဟာ ၁၉၈၂ ခုနှစ်တုန်းက ၇၄ ရက်ကြာ ဖော့ကလန်တိုက်ပွဲ ဆင်နွဲခဲ့ကြဖူးပြီး အာဂျင်တီးနားစစ်သား ၆၄၉ ဦး၊ ဗြိတိသျှစစ်သား ၂၅၅ ဦးနှင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
အာဂျင်တီးနားက Las Malvinas လို့ သိထားတဲ့ ဖော့ကလန်ကျွန်းကို ဗြိတိန်က ပိုင်ဆိုင်တာ ဖြစ်ပြီး နှစ်နိုင်ငံအကြား ယင်းကျွန်းကို ပိုင်ဆိုင်ရေးအတွက် အငြင်းပွားလာခဲ့တာပါ။
စကာလိုနီက "တကယ့် အစစ်အမှန်က ဒါက ဘောလုံးပွဲတစ်ပွဲပါ။ ရောယှက်လို့ မရပါဘူး။ နှစ်ပေါင်းများစွာတွေတုန်းက ဖြစ်ပျက်ခဲ့တာတွေကို မလေးမစားလုပ်ပြီး ရောယှက်လို့ မရပါဘူး။ ကျွန်တော်တို့နိုင်ငံအတွက် တကယ့်ကို ဝမ်းနည်းစရာကာလပါ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ လုပ်လို့ မရပါဘူး။ ဒါက အမှန်တရားပါ။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတာတွေ အများကြီးပါ။ စစ်ပွဲတည်ရှိနေမှုကို ကျွန်တော်တို့ ဝေဖန်ခဲ့ကြတယ်။ ဒီလူတွေကို ကျွန်တော်တို့ အမှတ်ရနေမှာပါ။ ဒါပေမဲ့ ဒါက ဘောလုံးပွဲတစ်ပွဲမျှသာ ဖြစ်ပါတယ်။ ဒီနှစ်ခုကို ရောယှက်လို့ မရပါဘူး"လို့ ပြောကြားသွားပါတယ်။
စကာလိုနီက အင်္ဂလန်နှင့် အာဂျင်တီးနားပွဲတွင် ဖြစ်ပျက်လာနိုင်မှုကို တားဆီးနိုင်ရေး ကြိုးပမ်းနေပေမဲ့လည်း အာဂျင်တီးနားဒုတိယသမ္မတ ဗီလာရူးရယ်ကမူ" ဒါက နောက်ထပ် ဘောလုံးပွဲတစ်ပွဲ မဟုတ်ဘူး။ အင်္ဂလိပ်တွေကို ဆန့်ကျင့်ပြီး နိုင်ငံရေးအရ မှန်ကန်စွာ ပြောဆိုနေမှာ မဟုတ်ပါဘူး။ ဒါက မာလ်ဗီးနားစ်အတွက်၊ ဒီယေဂို(မာရာဒိုနာ)အတွက်။ ဒါက လီယို(မက်ဆီ)ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားအတွက်ပါ၊ ကျူးကျော်သူတွေကို သူတို့နေရာ ပြန်ပို့ဖို့ပါ။ အာဂျင်တီးနားသက်ကျော်ရာကျော်ရှည်ပါစေ။ ကျွန်တော်တို့ နောက်ဆုံးအသက်ရှူတဲ့အထိ ကိုယ့်ပိုင်ဆိုင်သမျှ ရယူဖို့ ကြိုးစားသွားမယ်"လို့ X တွင် လှုံဆော်ရေးသားသွားပါတယ်။

image