ဂါဇာမှာ မိုးသည်းထန်စွာရွာသွန်းမှု ပါလက်စတိုင်းဒုက္ခသည်တွေအခြေအနေ ပိုဆိုးရွားလာ

ပြီးခဲ့အပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ရာပေါင်းများစွာသော ပါလက်စတိုင်း ဒုက္ခသည်တွေရဲ့ အခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
ယမန်နေ့ညက ရာသီဥတုဟာ အလွန်ဆိုးရွား ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုံးအနီးရှိ မြေပြင်ပေါ်မှာ ခြောက်လက်မအထိ ရေတက်ခဲ့တယ်လို့ ယူနီဆက်ဖ်ပြောရေးဆိုခွင့်ရှိသူ ဂျွန်နသန် ခရစ်ခ်စ်က ပြောပါတယ်။
စိုစွတ်သောအဝတ်အစားတွေနဲ့ ယာယီတဲတွေမှာ နေထိုင်တဲ့ ကလေးတွေဟာ ကိုယ်အပူချိန်ကျဆင်းတာ၊ အခြားရောဂါတွေကြောင့် သေဆုံးမှာကိုစိုးရိမ်ရတယ်လို့ ပြောပါတယ်။ ဂါဇာကျန်းမာရေးဝန်ကြီးဌာနကတော့ ကလေးငယ်တယောက် ကိုယ်အပူချိန်ကျဆင်းမှုကြောင့် သေဆုံးပြီး အနည်းဆုံး ၁၁ ယောက်ဟာ ပြင်းထန်တဲ့ရာသီဥတုကြောင့် အဆောက်အအုံပြိုကျမှုတွေအတွင်း သေဆုံးခဲ့တယ် ဆိုပါတယ်။
ဂါဇာအပစ်အခတ်ရပ်စဲရေး စတင်ပြီး ကိုးပတ်အကြာမှာ ကုလသမဂ္ဂအေဂျင်စီတွေဟာ တဲတွေ၊ စောင်တွေနဲ့ အဝတ်အစားတွေ ပို့ဆောင်မှုကို တိုးမြှင့်လုပ်ဆောင်ခဲ့ပေမယ့် အကူအညီတွေ မလုံလောက်သေးဘူလို့ ဆိုပါတယ်။
မိသားစု ငါးသောင်းငါးထောင် နီးပါးဟာ မိုးရွာသွန်းမှုကြောင့် ထိခိုက်ခဲ့ရပြီး ပစ္စည်းတွေနဲ့ တဲတွေပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကုလသမဂ္ဂနဲ့ မိတ်ဖက်တွေက ခန့်မှန်းထားပါတယ်။ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် အရေးပေါ်ခိုလှုံရာနေရာ ၄၀ ကျော်ဟာ ရေကြီးရေလျှံမှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လူအများအပြား ထပ်မံပြောင်းရွှေ့ပြောင်းရနိုင်တယ်လို့ ဆိုပါတယ်။
တဲတွေနဲ့ ယာယီခိုလှုံရာတွေမှာ နေထိုင်ကြတဲ့ ခန့်မှန်းခြေ လူတသန်းလောက်ထဲက အများစုဟာ အစ္စရေးနဲ့ ဟားမတ်စ်အကြား နှစ်နှစ်ကြာ စစ်ပွဲအတွင်း အကြိမ်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အဝတ်အစားလည်း လဲလှယ်တာ မရှိသလောက်ဖြစ်နေတယ်လို့ ယူနီဆက်ဖ်တာဝန်ရှိသူက ပြောပါတယ်။
"ညဘက် အပူချိန် ၇ ဒီဂရီစင်တီဂရိတ်၊ ၈ ဒီဂရီစင်တီဂရိတ် လောက်ရှိတာကြောင့် ကလေးတွေ ဖျားနာမှာ ဒါမှမဟုတ် ပိုဆိုးတာက ကိုယ်အပူချိန်ကျဆင်းမှုကြောင့် သေဆုံးမှာကို ကျွန်တော်တို့ အရမ်းစိုးရိမ်တယ်။" လို့ သူက ဆိုပါတယ်။
မိုးရွာပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် တာလပတ် ဒါမှမဟုတ် ပလတ်စတစ်တွေနဲ့ ပြုလုပ်ထားတဲ့ ယာယီအမိုးအကာတွေဟာ ပျက်စီးနိုင်ခြေရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နဲ့ ဆွေးနွေးဖို့ အဆင့်ရှိတယ်လို့ ဂျပန်ဝန်ကြီးချုပ် တာကာအိချီပြော

ထိုင်ဝမ်အရေးနဲ့ပတ်သက်တဲ့ မှတ်ချက်ကြောင့် ဂျပန်နဲ့ တရုတ်တို့အကြား သံတမန်ရေးတင်းမာနေပေမယ့် တရုတ်နဲ့ ဆွေးနွေးဖို့ အမြဲတမ်း အဆင်သင့်ရှိတယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
"တရုတ်နိုင်ငံဟာ ဂျပန်အတွက် အရေးကြီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး တည်ငြိမ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ လိုအပ်တယ်" လို့ တာကာအိချီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ "ဂျပန်နိုင်ငံအနေနဲ့ တရုတ်နဲ့ ဆွေးနွေးဖို့ အမြဲအဆင်သင့်ရှိနေပြီး တံခါးကို ပိတ်မထားပါ။" လို့ သူက ဆိုပါတယ်။
ထိုင်ဝမ်အပေါ် တရုတ်က တိုက်ခိုက်လာမယ်ဆိုရင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်တယ်လို့ ဝန်ကြီးချုပ် တာကာအိချီက နိုဝင်ဘာလမှာ မှတ်ချက်ပြု ပြောဆိုခဲ့တာကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။
ဒီလိုမှတ်ချက်တွေကြောင့် တရုတ်နိုင်ငံဘက်က ပြင်းထန်တဲ့ သံတမန်ရေးတုံ့ပြန်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး တရုတ်နိုင်ငံသားတွေ ဂျပန်ကိုမသွားဖို့ တိုက်တွန်းချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ တရားဝင်အချက်အလက်များအရ သတိပေးချက်ဟာ လာရောက်လည်ပတ်သူအရေအတွက်အပေါ် များစွာ သက်ရောက်မှုရှိကြောင်း ပြသနေပါတယ်။
ပြီးခဲ့တဲ့ လက တရုတ်ပြည်မကြီးမှ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်မှုဟာ ယခင်နှစ်ထက် သုံးရာခိုင်နှုန်းလောက်သာ မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အနိမ့်ဆုံးတိုးတက်မှုဖြစ်ကြောင်း ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့ (JNTO) ရဲ့ အဆိုအရ သိရပါတယ်။
ပြီးခဲ့တဲ့ လက တရုတ်နိုင်ငံမှ ခရီးသွား ငါးသိန်းခြောက်သောင်း ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီး နှစ်အလိုက် သုံးရာခိုင်နှုန်း တိုးလာကြောင်း JNTO က ပြောကြားခဲ့ပြီး ခရီးသွားသတိပေးချက်ဟာ အခုလို အနည်းငယ်သာ မြင့်တက်လာရခြင်းရဲ့ အချက်တချက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆီးဂိမ်းစ်အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာ ကြေးတံဆိပ် (၂) ခု ရရှိ

၂၀၂၅ ထိုင်းဆီးဂိမ်းစ် အမျိုးသမီးလက်ဝှေ့ (Boxing) ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာလက်ဝှေ့အားကစားအဖွဲ့ဟာ ကြေးတံဆိပ်ဆု (၂) ခု ထပ်မံရရှိခဲ့ပါတယ်။
ဆီးဂိမ်းစ်အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲ (၅၀) ကီလိုတန်းကို ကွာတားအဆင့်ကနေ စတင်ကျင်းပခဲ့ပြီး မြန်မာအမျိုးသမီးကစားသမား မြမိုးသူဟာ Bye ရကာ ဆီမီးအဆင့်ကနေ စတင်ကစားခဲ့ရပါတယ်။
မြမိုးသူဟာ ဆီမီးအဆင့်မှာ ဖိလစ်ပိုင်ကစားသမား ဖိလစ်ဂတ်အီရာကို (၀-၅) မှတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တတိယကြေးတံဆိပ်ဆုနဲ့ ကျေနပ်ခဲ့ရပါတယ်။
ဆီးဂိမ်းစ်အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲ (၅၇) ကီလိုတန်းကိုတော့ ဆီမီးအဆင့်ကနေ စတင်ကျင်းပခဲ့ပါတယ်။
မြန်မာကစားသမား ဆုမြတ်နိုးဟာ ဆီမီးအဆင့်မှာ ဗီယက်နမ်ကစားသမား ငုယင်ဟုရန်ထရန်ကို (၀-၅) မှတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တတိယကြေးတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
မြန်မာလက်ဝှေ့အားကစားအဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာလည်း အမျိုးသား (၆၀) ကီလိုတန်းကနေ နုတ်မာန်က တတိယကြေးတံဆိပ်ဆု ရယူပေးထားပါတယ်။

ဆီးဂိမ်းစ်ရွက်လှေပြိုင်ပွဲဝင် မြန်မာအမျိုးသားရွက်လှေအသင်း အဆင့် (၃) နေရာ ရပ်တည်နေ

၂၀၂၅ ထိုင်းဆီးဂိမ်းစ်ရွက်လှေပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာအမျိုးသားရွက်လှေအသင်းဟာ ဒီဇင်ဘာ (၁၇) ရက် Race-7 အပြီး ပြိုင်ပွဲဝင်နိုင်ငံများထဲ အဆင့် (၃) နေရာမှာ ရပ်တည်နေကြောင်း သိရပါတယ်။
ပြိုင်ပွဲကို (၄) ရက်ယှဥ်ပြိုင်ရမှာဖြစ်ပြီး မနက်ဖြန် (ဒီဇင်ဘာ ၁၈) မှာ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များအတွက် နောက်ဆုံးနေ့အဖြစ် Race-8 ကို ဆက်လက်ယှဥ်ပြိုင်ကြရမှာဖြစ်ပါတယ်။
ဒီကနေ့ (ဒီဇင်ဘာ ၁၇) မှာ Race-6 နဲ့ Race-7 တို့ကို ယှဥ်ပြိုင်ခဲ့ကြပြီး မြန်မာအမျိုးသားရွက်လှေအသင်းက Race-7 မှာ ဒုတိယနေရာ ရရှိခဲ့ပါတယ်။
Race-7 အပြီး (၃) ရက်တာ အမှတ်အားလုံးပေါင်းရာမှာ မြန်မာအမျိုးသားရွက်လှေအသင်းက အိမ်ရှင်ထိုင်း၊ မလေးရှားအသင်းတို့ရဲ့အောက် အဆင့် (၃) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာအမျိုးသားရွက်လှေအသင်းဟာ မနက်ဖြန်မှာ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များအတွက် အဆုံးအဖြတ်အဖြစ် Race-8 ကို ဆက်လက်ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

image

၂၀၂၅ ဆီးဂိမ်းစ် အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲမှာ နီလာဝင်း ကြေးတံဆိပ် ဆွတ်ခူး

ဒီနေ့ ယှဥ်ပြိုင်ခဲ့တဲ့ ၂၀၂၅ ဆီးဂိမ်းစ် အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲမှာ မြန်မာကစားသမား နီလာဝင်းက ကြေးတံဆိပ် ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။
နီလာဝင်းဟာ အမျိုးသမီး ကမ်းရိုးတန်း/ကမ်းခြေ တစ်ယောက်လှော်ပြိုင်ပွဲမှာ ကြေးတံဆိပ်ရရှိခဲ့တာဖြစ်ပြီး ဗီယက်နမ်က ရွှေတံဆိပ်၊ ဖိလစ်ပိုင်က ငွေတံဆိပ်ရရှိခဲ့ကြောင်း သိရပါတယ်။

image

အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်း ဆီမီးဖိုင်နယ်တက်

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။
မြန်မာအသင်းဟာ ဒီနေ့ ည ယှဥ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ဖိလစ်ပိုင်အသင်းကို နှစ်ပွဲပြတ်အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး မနက်ဖြန် မြန်မာစံတော်ချိန် ၁၂း၃၀ နာရီမှာ လာအိုအသင်းနဲ့ ယှဥ်ပြိုင်ရမယ်လို့ သိရပါတယ်။

image

Intercontinental Cup မှာ ပယ်နယ်တီနဲ့ ဗိုလ်စွဲခဲ့တဲ့ PSG

PSG အသင်းက Intercontinental Cup ဗိုလ်လုပွဲမှာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။
နည်းပြ အန်နရီကေး မဆုံချင်ဘူးပြောထားတဲ့
ဖလာမင်ဂိုအသင်းက PSG အသင်းကို ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်စေခဲ့တယ်။
PSG အသင်းဟာ အခုပွဲ line-up မှာ အူစမန်ဒမ်ဘီလီ မပါခဲ့ပေမဲ့ လူစုံနီးပါး ပွဲထုတ်ခဲ့တာပါ။
PSG အနေနဲ့ ၃၈ မိနစ်မှာ ခါဗာရာဆကယ်လီယာရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျော်ဂျင်ဟိုက ၆၂ မိနစ်မှာ ပယ်နယ်တီကနေ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။
ပယ်နယ်တီမှာ PSG ဂိုးသမား ဆာဖိုနော့ဗ်က မယုံနိုင်လောက်အောင် ပယ်နယ်တီ လေးလုံးအထိ လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။
PSG အသင်းဟာ အခုနှစ်အတွင်း ချန်ပီယံလိဂ်၊ ပြင်သစ်အမှတ်ပေး၊ ပြင်သစ်ဖလား၊ ပြင်သစ်စူပါဖလား၊ ဥရောပစူပါဖလားနဲ့ အခု Intercontinental Cup ဖလားတွေစတဲ့ ဖလားခြောက်လုံးအထိ
ရယူနိုင်ခဲ့ပါတယ်။

image

နှစ်ကူးအထိ ဒိုကူ အနားယူရမည်ဟု မန်စီးတီးနည်းပြဂွါဒီယိုလာ အတည်ပြုလာ
====================

မန်စီးတီးစတားဂျီရီမီဒိုကူဟာ ယနေ့ညတွင် ဘရန့်ဖို့ဒ်နှင့် ကစားရမယ့် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်လာမယ့်အပြင် မန်စီးတီးရဲ့ ခရစ္စမတ်ပွဲကြပ်ကာလပွဲများကိုလည်း လွဲချော်လာပါမယ်။
ဘယ်လ်ဂျီယံတောင်ပံကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့အပတ်တုန်းက ခရစ္စတယ်ပဲလေ့စ်အား အနိုင်ရတဲ့ ပွဲစဉ်မှ စတင်ကာ အနားယူလာခဲ့ရသူ ဖြစ်ပါတယ်။
ဒိုကူဟာ ယခုရာသီ မန်စီးတီးရဲ့အရေးပါတဲ့ ကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး ပဲလေ့စ်ပွဲမတိုင်မီ ၁၀ ပွဲတွင် ၉ ပွဲ ပွဲထွက်ကစားထားပါတယ်။ သူဟာ အလှည့်ကျစနစ် အသုံးပြုခဲ့တဲ့ လေဗာကူဆင်နှင့် ချန်ပီယံလိဂ်ပွဲတစ်ပွဲတည်းကိုသာ လွဲခဲ့ပါတယ်။
ယခုအခါ ဂွါဒီယိုလာက "ဘာလောက်နားရမလဲ အတိအကျတော့ မသိပါဘူး။ နှစ်ပတ်ကနေ သုံးပတ်အထိတော့ နားရနိုင်တယ်။ နှစ်သစ်အထိ နားရမယ်။ ဆန်းဒါးလန်းပွဲအထိပေါ့။ တချက်ကြည့်ရဦးမယ်"လို့ ပြောကြားသွားပါတယ်။
မန်စီးတီးဟာ နွေရာသီတုန်းက အသင်းရဲ့ နံပါတ်တစ်ဂိုးသမားနေရာအတွက် ဘန်လေသို့ ရောင်းချခဲ့တဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်အား ပြန်လည် ခေါ်ယူခဲ့ပေမယ့် အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်တွင် အီတလီလက်ရွေးစင်ဂိုးသမားဒွန်နာရမ်မာအား ခေါ်ယူခဲ့ပါတယ်။
ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ ဒွန်နာရမ်မာရောက်လာပြီးနောက် မန်စီးတီးတွင် နေရာပျောက်လာမှုနှင့်အတူ လာမယ့် ဇန်နဝါရီတွင် အသင်းပြောင်းမယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်နေပါတယ်။
ဒါပေမယ့် ဂွါဒီယိုလာက "ကစားသမား၊ အေးဂျင့်တွေဆီက ဘာမှ မကြားရဘူး။ သူက အရမ်းတော်တဲ့ ဂိုးသမားပါ။ သူ့အတွက် ကံဆိုးတာပါ။ ဂျီယန်လူဂီက ပထမဦးစားပေးဂိုးသမားပါ။ ဒါပေမယ့် သူကလည်း အရမ်းတော်တဲ့ဂိုးသမားပါ။ ဂိုးသမားနေရာက အရမ်းအရေးပါတယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူ ကျွန်တော်တို့နဲ့ ရှိနေပါမယ်။ ဒီရာသီမှာ ရှိနေပါမယ်။ ပြီးတော့မှ ဘာဖြစ်လာမလဲ ကြည့်ရပါမယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် မန်စီးတီးရဲ့ ဂျွန်စတုန်းနှင့် ရိုဒရီတို့ဟာလည်း ယနေ့ည ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်များအား လွဲချော်လာပါမယ်။
အာဖရိကဖလားပြိုင်ပွဲကစားရန် ထွက်ခွာသွားတဲ့ အိုမာမာမွတ်နှင့် ရာယန်အိတ်နူရီတို့မှာလည်း မန်စီးတီးတွင် ပါဝင်လာမှာ မဟုတ်ပါဘူး။

image

အရိုးအက်ဒဏ်ရာကြောင့် ခြောက်လကြာ အနားယူခဲ့ရပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီ ဖြစ်တဲ့ မူစီယာလာ
===================

ဘိုင်ယန်မြူးနစ်စတားဂျာမယ်လူစီယာလာဟာ အရိုးအက်ဒဏ်ရာကြောင့် ခြောက်လကြာ အနားယူခဲ့ရပြီးနောက် ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်ရှိ ဂျာမနီလက်ရွေးစင်ဟာ ဇူလိုင်လတုန်းက ပီအက်စ်ဂျီနှင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် အနားယူလာခဲ့ရတာလည်း ဖြစ်ပါတယ်။
မူစီယာလာဟာ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် အရိုးအက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ခြေကျင်းဝတ်အဆစ်လွဲ ဒဏ်ရာပါ ရရှိခဲ့တာ ဖြစ်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပါတယ်။
သူဟာ လအတန်ကြာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ပြုလုပ်ခဲ့ရပြီးတဲ့နောက် ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းထားနိုင်ပါတယ်။
ဗင်းဆင့်ကွန်ပနီဦးဆောင်တဲ့ ဘိုင်ယန်မြူးနစ်ဟာ ယခုရာသီတွင် မူစီယာလာ မပါဝင်ပေမယ့်လည်း ပြိုင်ပွဲအရပ်ရပ်တွင် ၁ ပွဲတည်းသာ ရှုံးနိမ့်ထားပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ မူစီယာလာ လေ့ကျင့်ခန်းစတင် ပြန်ဆင်းနိုင်ပြီ ဖြစ်ပေမယ့်လည်း အလျှင်စလို အသုံးပြုလာဖို့ မရှိဘဲ ဇန်နဝါရီလတွင်မှ စတင် အသုံးပြုရန် စီစဉ်ထားပါတယ်။

image

စနေနေ့ နယူးကာဆယ်နှင့် အဝေးကွင်းပွဲစဉ်တွင် အက်စ်တီဗာအို မပါဝင်ဘဲ ရင်ဆိုင်ရမယ့် ချဲလ်ဆီး
======================

ချဲလ်ဆီးဟာ စနေနေ့ နယူးကာဆယ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရမယ့်ပွဲစဉ်တွင် တောင်ပံကစားသမားအက်စ်တီဗာအိုဝီလီယံ မပါဝင်ဘဲ ရင်ဆိုင်ရပါမယ်။
အသက် ၁၈ နှစ်ရှိ ဘရာဇီးတောင်ပံကစားသမားဟာ အင်္ဂါနေ့ညတုန်းက ကာဒစ်ဖ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပါဝင်လာမယ်လို့ ယူဆထားရပေမယ့်လည်း ကြွက်သားဒဏ်ရာကြောင့် လူစာရင်းမှာပင် မပါဝင်နိုင်ခဲ့ပါဘူး။
ယခုအခါ ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက အက်စ်တီဗာအိုမှာ စနေနေ့ နယူးကာဆယ်နှင့် အဝေးကွင်းပွဲစဉ်ကိုလည်း လွဲချော်လာမှာ ဖြစ်ကြောင်း အတည်ပြုလာပြီ ဖြစ်ပါတယ်။
မာရက်စ်ကာက "သူ့မှာ ပြဿနာလေး ရှိနေတယ်။ ကြွက်သားပြဿနာပါ။ နယူးကာဆယ်နဲ့ပွဲမှာလည်း ပါလာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ချဲလ်ဆီးဟာ ယခုရာသီတွင် ကိုးလ်ပါလ်မာမှာ ပေါင်ခြံဒဏ်ရာရရှိနေမှုကြောင့် အထူးသတိထား အသုံးပြုနေရပါတယ်။ မာရက်စ်ကာရဲ့ အဓိကဗဟိုနောက်ခံလူလီဗီကိုလ်ဝဲလ်မှာလည်း ကလပ်ကမ္ဘာ့ဖလားအပြီး ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် ဒူးအရွတ်ဒဏ်ရာရရှိကာ အနားယူနေရပါတယ်။
ဒါ့အပြင် နွေရာသီတွင် ခေါ်ယူထားတဲ့ တိုက်စစ်မှူးလီယမ်ဒီလက်ပ်မှာလည်း ဒဏ်ရာကြောင့် ၆ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်ပါတယ်။
မွိုက်စ်ကိုင်စီဒို၊ အန်ဇိုဖာနန်ဒက်ဇ်နှင့် ဂျိုအာပီဒရိုတို့မှာလည်း ကြွက်သားပြဿနာများနှင့် ကြုံခဲ့ရပါတယ်။

image