မာရာဒိုနာအတွက် ကာရာဘတ်နဲ့ပွဲကို အနိုင်ရချင်တယ်လို့ ကွန်တီ ပြောကြား

နာပိုလီနည်းပြ ကွန်တီက မနက်ဖြန်ည ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ မာရာဒိုနာအတွက် ကာရာဘတ်အသင်းကို အနိုင်ရချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
နာပိုလီအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်(၅)အဖြစ် အိမ်ကွင်းမှာ ကာရာဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နိုဝင်ဘာ(၂၅)က မာရာဒိုနာကွယ်လွန်တဲ့ (၅)နှစ်ပြည့်ဖြစ်ပါတယ်။
အာဂျင်တီးနားဂန္ထဝင်ကစားသမား မာရာဒိုနာဟာ နာပိုလီအသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုအပါအဝင် ပြည်တွင်းချန်ပီယံဆုတွေနဲ့ UEFA ဖလား ရယူခဲ့သူဖြစ်ပြီး အသက်(၆၀)အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။
''မနက်ဖြန်က မာရာဒိုနာ ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့ဆိုတာ ကျွန်တော် သိထားပါတယ်။ သူက နာပိုလီအသင်းအတွက် ဘယ်လိုအဓိပ္ပာယ်သက်ရောက်ခဲ့တယ်၊ သက်ရောက်ဆဲဆိုတာ ကျွန်တော်တို့အားလုံး သိထားပါတယ်။ နိုင်ပွဲကိုသာ သူ့အတွက် ရည်ညွှန်းနိုင်ခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပါ'' လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်(၄)ပွဲ ယှဉ်ပြိုင်အပြီးမှာ နာပိုလီအသင်းက (၄)မှတ်သာရရှိထားပြီး ကာရာဘတ်အသင်းက (၇)မှတ်ရရှိထားပါတယ်။
ကွန်တီက ကာရာဘတ်အသင်းဟာ အရည်အသွေးမြင့် ပြည်ပကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကောင်းတစ်သင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

image

ပြီးခဲ့တဲ့ရာသီကလို ထပ်ဖြစ်မှာကို ကြောက်ရွံ့
နေတယ်လို့ အာမိုရင်မ် ဝန်ခံ

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က အဲဗာတန်ကို ဝ-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပြီးခဲ့တဲ့ရာသီကလို ထပ်ဖြစ်မှာကို ကြောက်ရွံ့နေတယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက အဲဗာတန်နဲ့ပွဲမှာ သူ့ရဲ့အသင်းဟာ ရှုံးပွဲနဲ့ ထိုက်တန်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။
အဲဗာတန်ကွင်းလယ်ကစားသမား ဂေးယီဟာ ၁၃ မိနစ်မှာ အသင်းဖော်နောက်ခံလူ မိုက်ကယ်ကင်းကို ကိုယ်ထိလက်ရောက်ကျူးလွန်လို့ အနီကတ်ပြသ
ခံခဲ့ရပါတယ်။
အဲဒီကတည်းက မန်ယူနိုက်တက်အသင်း တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမဲ့ ၂၉ မိနစ်မှာ ဒူးစ်ဘူရီဟောလ်က အဲဗာတန်အတွက် အနိုင်ဂိုး
သွင်းခဲ့တာပါ။
''ကျွန်တော်တို့ ပွဲမဖြစ်ခဲ့ပါဘူး။ လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးနေရာတွေအတွက် တိုက်ခိုက်ဖို့
အနီးဆုံးအမှတ်မှာတောင် ရှိမနေခဲ့ပါဘူး။
ဒီရက်သတ္တပတ်ငါးပတ်မှာ လူတိုင်းက ကျွန်တော်
တို့ရဲ့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲတိုးတက်လာမှုကို ချီးကျူးကြပါတယ်။ ကျွန်တော် ပြောနေကျစကားကိုပဲ ထပ်ပြောပါမယ်။ ဒီကလပ်အသင်း
ရှိသင့်တယ်လို့ ယူဆရတဲ့ အခိုက်အတန့်အနီးမှာတောင် ကျွန်တော်တို့ ရှိမနေပါဘူး။ ပြီးခဲ့တဲ့ရာသီ
ကလို ခံစားချက်မျိုး ပြန်လာမှာကို ကျွန်တော် ကြောက်နေပါတယ်။ ဒါက ကျွန်တော့်ရဲ့ အကြီး
မားဆုံး စိုးရိမ်ပူပန်မှုပါပဲ''လို့ အာမိုရင်မ်က
ပြောခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် အရေးနိမ့်ခဲ့တာပါ။
အဲဗာတန်ကတော့ အဆင့် ၁၁ နေရာကို ရောက်လာပြီး မာဆေးဆိုက်ဒ်ဒါဘီပြိုင်ဘက် လီဗာပူးလ်အထက်မှာ ရပ်တည်နိုင်တာ ၂၀၁၅ နောက်ပိုင်း ပထမဆုံး ဖြစ်ခဲ့ပါတယ်။

image

အသင်းဖော် မိုက်ကယ်ကင်းကို တိုက်ခိုက်ခဲ့တဲ့ ဂေးယီ ပြန်လည်တောင်းပန်

အဲဗာတန်ကွင်းလယ်ကစားသမား ဂေးယီက
မန်ယူနိုက်တက်နဲ့ပွဲမှာ အသင်းဖော် မိုက်ကယ်ကင်းကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်
ပွဲအပြီးမှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။
ပွဲချိန် ၁၃ မိနစ်မှာ ဂေးယီနဲ့ မိုက်ကယ်ကင်းတို့ အချေအတင် ဖြစ်ပွားခဲ့ပြီး မိုက်ကယ်ကင်းက နှစ်ကြိမ်တိုင် တွန်းခဲ့ပြီးနောက် ဂေးယီက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာဖြစ်တယ်။
ဂိုးသမား ပစ်ဖို့ဒ်က သူတို့နှစ်ဦးအကြား လူစုခွဲခဲ့ပြီးနောက် ဒိုင်လူကြီးက ဂေးယီကို တိုက်ရိုက်အနီကတ်ပြသခဲ့ပါတယ်။
ပွဲအပြီးမှာ ဂေးယီက ''ပထမဆုံး ကျွန်တော့်အသင်းဖော် မိုက်ကယ်ကင်းကို တောင်းပန်လိုပါတယ်။ ဒီဖြစ်ရပ်အတွက် ကျွန်တော့်မှာ တာဝန်အပြည့်အဝ
ရှိပါတယ်။ ကျွန်တော့်အသင်းဖော်တွေ၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့ ကလပ်ကိုလည်း တောင်းပန်လိုပါတယ်။ ဖြစ်ပျက်ခဲ့တာတွေက ကျွန်တော် ဘယ်သူလဲ၊ ကျွန်တော့်ရှိခဲ့တဲ့ တန်ဖိုးတွေကို ထပ်ဟပ်
စေတာ မဟုတ်ပါဘူး။ စိတ်ခံစားချက်က အမြင့်ဆုံးအထိ ရောက်ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီအပြုအမူမျိုးက ဘာမှ အကြောင်းပြချက်ပေးလို့ မရပါဘူး။ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကျွန်တော် လုပ်ပါ့မယ်''လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အသင်းသားအားလုံးရှေ့မှာလည်း ဂေးယီက ဝန်ချတောင်းပန်ခဲ့ပြီး အသင်းဖော်တွေက လက်ခုပ်သြဘာပေးခဲ့တယ်လို့ အဲဗာတန်နည်းပြ ဒေးဗစ်မွိုက်စ်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒေးဗစ်မွိုက်စ်က အသင်းဖော်တွေအကြား ဒီလိုစိတ်ဆန္ဒပြင်းပြတဲ့ တိုက်ခိုက်မှုမျိုးကို နှစ်သက်တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

image

မိုင်နူးနှင့် ဇတ်ဇီးတို့အား ဇန်နဝါရီတွင် ထွက်ခွာခွင့်ပေးလာနိုင်ကြောင်း အမိုရမ် ပြောကြားလာ
===================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က ကမ္ဘာ့ဖလားပါဝင်ကစားခွင့်ရရှိရေး ပုံမှန်ပွဲထွက်ကစားခွင့် ရရှိဖို့ လိုအပ်နေတဲ့ ကိုဘီမိုင်နူးနှင့် ဂျိုရှာဇတ်ဇီးတို့အား ဇန်နဝါရီတွင် အငှားဖြင့် ထွက်ခွာခွင့်ပေးလာနိုင်ကြောင်း၊ သို့ရာတွင် ကလပ်ရဲ့ အကျိုးဆန္ဒသာ အရေးအကြီးဆုံးလို့ ဆိုသွားပါတယ်။
ယခုရာသီတွင် ကိုဘီမိုင်နူးရော ဇတ်ဇီးပါ ပရီးမီးယားလိဂ်တွင် တစ်ပွဲမျှ ပွဲထွက်ခွင့် မရသေးပါဘူး။ ဇတ်ဇီးမှာ ပရီးမီးယားလိဂ်တွင် ၈၂ မိနစ်တည်းသာ ကစားခွင့်ရထားသလို ကိုဘီမိုင်နူးမှာလည်း ဩဂုတ်လ ၃၀ ရက်နေ့တုန်းက ဘန်လေနှင့်ပွဲတွင် ဒုတိယပိုင်းပါဝင်ကစားခွင့်ရပြီးနောက် ၉၃ မိနစ်တည်းသာ ကစားခွင့်ရထားပါတယ်။
ကစားသမားနှစ်ဦးလုံးတို့ဟာ လက်ရှိအခြေအနေအပေါ်တွင် မပျော်မရွှင် ဖြစ်နေကြပါတယ်။ ၎င်းတို့ဟာ ကလပ်တွင် ပုံမှန်ကစားခွင့် မရရှိမှုနှင့်အတူ အင်္ဂလန်နှင့် နယ်သာလန်အသင်းတို့ရဲ့ ရွေးချယ်ခြင်းခံလာရခြင်း မရှိပါဘူး။
ယင်းသို့ အခြေအနေကြောင့် ၎င်းတို့ဟာ လာမယ့်နှစ် နွေရာသီ ကမ္ဘာ့ဖလားဝင်ခွင့် ရရှိရန်အတွက် ဇန်နဝါရီ အပြောင်းအရွှေ့တွင် ပုံမှန်ကစားခွင့် ရရှိဖို့ အာမခံချက်ပေးမယ့် ကလပ်သို့ ပြောင်းရန် လိုအပ်နေပါတယ်။
ဒါပေမယ့် အမိုရမ်က မိုင်နူးနှင့် ဇတ်ဇီးတို့မှာ ကလပ်အတွက် ကောင်းမွန်လာစေရန်အတွက်သာ ထွက်ခွာခွင့်ရမှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။
၎င်းက "ကျွန်တော်လည်း ဘောလုံးသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ အခြေအနေအားလုံးကို နားလည်တယ်။ ကျုပ်ကစားသမားတွေကို ဘယ်အခြေအနေမျိုးမှာမဆို ကူညီပေးချင်တယ်။ ကမ္ဘာ့ဖလားလည်း ရှိနေတယ်ဆိုတော့ ကစားသမားအချို့ရဲ့ စိတ်ပျက်မှုကို နားလည်ပါတယ်။ ဘယ်လောက် အရေးကြီးတယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် ကလပ်က ပထမဦးစားပေးပါ။ ကလပ်အတွက်သာ အကူအညီ ဖြစ်မယ်ဆိုရင် ကစားသမားတွေကို ထွက်ခွင့်ပေးပါမယ်။ မဟုတ်ဘူးဆိုရင်တော့ ကလပ်အတွက်ပဲ စဉ်းစားရပါမယ်"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် ဇတ်ဇီးနှင့် ကိုဘီမိုင်နူးတို့ဟာ တိုက်စစ်မှူးဘင်ဂျာမင်ဆက်စ်ကို ဒဏ်ရာရရှိနေမှု၊ ဘရိုင်ယန်အမ်ဘူမိုနှင့် အာမက်ဒီရယ်လိုတို့ အာဖရိကဖလားပြိုင်ပွဲသွားကစားရန် ရှိနေမှုတို့ကြောင့် ပွဲကစားခွင့် ပိုမို ရလာဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ ယနေ့ တနင်္လာနေ့ညတွင် အိုးထရက်ဖို့ဒ်ကွင်းမှာ အဲဗာတန်အား ဧည့်ခံကစားရမယ့်ပွဲမတိုင်မီ ၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရရှိထားပါတယ်။

image

ကမ္ဘာ့ကလပ်သက်တမ်းအရှည်ဆုံး နည်းပြ အသက် ၉၀ အရွယ်တွင် ကွယ်လွန်
==================

မာဆေးဆိုက်ကလပ် Marine AFC အား ၃၃ နှစ်ကြာ ကိုင်တွယ်ကာ ကလပ်တစ်ခုတည်းကို သက်တမ်းအရှည်ကြာဆုံး ကိုင်တွယ်သူအဖြစ် ကမ္ဘာ့စံချိန်ရေးထိုးထားတဲ့ နည်းပြရိုလီဟောင်းဝပ်ဟာ အသက် ၉၀ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
သူဟာ ခရော့စ်ဘီအခြေစိုက်ကလပ်အား ၁၉၇၂ ခုနှစ် ဩဂုတ်လမှ ၂၀၀၅ ခုနှစ် ဧပြီလအထိ ၃၃ နှစ်ကြာ ကိုင်တွယ်စဉ်အတွင်း ပွဲပေါင်း ၁၉၇၅ ပွဲ ကြီးကြပ်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ယင်းကလပ်တွင် နည်းပြအဖြစ်သာမက ကွင်းတာဝန်ခံအဖြစ်လည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် နေးရှင်းလိဂ်တွင် ကစားနေတဲ့ Marine AFC ဟာ အသက် ၉၀ နှစ်အရွယ် ဂန္ထဝင်နည်းပြကွယ်လွန်သွားပြီးနောက် စနေနေ့တုန်းက ပွဲစဉ်မတိုင်မီ တစ်မိနစ်ငြိမ်သက်ကာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ပါတယ်။
ဟောင်းဝပ်ကိုင်တွယ်စဉ်အတွင်း Marine AFC ဟာ အမှတ်ပေးဖလား ၅ ကြိမ်၊ ရှုံးထွက်ဖလား ၁၅ ကြိမ် ရရှိခဲ့ပါတယ်။
သူဟာ လီဗာပူးနှင့် အိုင်ယာလန်စတားဂျေဆင်မက်အတီးယားကို Marine AFC လူငယ်အသင်းတွင် ပြုစုပျိုးထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဟောင်းဝပ်ဟာ နည်းပြအလုပ်အပြင် ပြင်ပဘဝတွင် မှန်သန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်သူ ဖြစ်ပြီး လီဗာပူးနည်းပြဟောင်းကန်နီဒဲလ်ကလစ်ရှ်အတွက်လည်း အလုပ်လုပ်ပေးခဲ့ပါတယ်။
သူဟာ Marine AFC ကို ၃၃ နှစ်ကြာ ကိုင်တွယ်ခဲ့မှုနှင့်အတူ ဂရင်းနစ်ကမ္ဘာ့မှတ်တမ်း ရရှိထားပါတယ်။

image

အကယ်ဒမီစတား ၂ ဦးကို ပထမအသင်းတွင် အခွင့်အရေးပေးပြီး အာဖရိကပြိုင်ပွဲအတွက် စတားများကို စေလွှတ်ရမှုအတွက် ပြင်ဆင်လာမယ့် ယူနိုက်တက်နည်းပြအမိုရမ်
=====================

ရူဘင်အမိုရမ်ဟာ အာဖရိကဖလားပြိုင်ပွဲအတွက် အဓိကကစားသမားများကို စေလွှတ်ရမှာ ဖြစ်လို့ ယင်းအတွက် ပြင်ဆင်တဲ့အနေဖြင့် အကယ်ဒမီထွက် ကစားသမားများကို ပထမအသင်းတွင် အခွင့်အရေးပေးကာ ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။
ယူနိုက်တက်ဟာ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စတင်ကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲအတွက် အရေးပါတဲ့ ကစားသမားများဖြစ်ကြတဲ့ ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လိုနှင့် မာ့ဇ်ရာဝီတို့အား စေလွှတ်ရပါမယ်။
အမိုရမ်ဟာ အာဖရိကဖလားပြိုင်ပွဲအတွက် အရေးပါတဲ့ ကစားသမားများကို စေလွှတ်ရေး ပြင်ဆင်တဲ့အနေဖြင့် အကယ်ဒမီကစားသမားများဖြစ်ကြတဲ့ အသက် ၁၈ နှစ်ရှိ ဂျက်ဖလက်ချာနှင့် ရှီယာလေစီတို့အား ပထမအသင်းမှာ အခွင့်အရေးပေးလာပါမယ်။
၎င်းတို့နှစ်ဦးဟာ သောကြာနေ့ကတည်းက ယူနိုက်တက်ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းလာခဲ့ကြပြီး ယနေ့ည အဲဗာတန်နှင့် ရင်ဆိုင်ရမယ့် ပွဲအတွက် လူစာရင်းတွင် ပါဝင်လာကြပါမယ်။
အသက် ၁၈ နှစ်ရှိ ရှီယာမှာ အောက်တိုဘာလနိုင်ငံတကာပဲစဉ်များအတွင်းတွင် အင်္ဂလန်စီနီယာအသင်း၊ အင်္ဂလန်ယူ-၂၁ အသင်းတို့နှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့သူ ဖြစ်ပြီး အင်္ဂလန်ယူ-၂၀ ရဲ့ ဂျပန်နှင့်ပွဲစဉ်တွင် ဂိုးသွင်းခဲ့သူလည်း ဖြစ်ပါတယ်။
အာဖရိကဖလားပြိုင်ပွဲနှင့်ပတ်သက်ပြီး အမိုရမ်က "ခက်ခဲလာလိမ့်မယ်။ ဒါပေမယ့် ကောင်းတဲ့ အတွေ့အကြုံဖြစ်လာမှာပါ။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အကန့်အသတ်တွေ အများကြီးနဲ့ ရှင်သန်ခဲ့ရတယ်။ ဇန်နဝါရီမှာ အပြောင်းအလဲတွေ လုပ်တယ်။ ကစားသမားတွေ မခေါ်ယူခဲ့ဘူး။ နောက်တော့ အာမက် ဒဏ်ရာရပြီး ၄ လနားရတယ်။ တကယ်လို့ ဒါက(အာဖရိကဖလား)က ခက်ခဲလာမယ်ဆိုရင်တောင် ဒီအတွက် ပြင်ဆင်ထားပါတယ်။ ကွဲပြားတဲ့ အထုပ်အပိုးနဲ့ ပြင်ဆင်ထားတယ်။ ဂျက်ဖလက်ချာ၊ ရှီယာတို့လို အကယ်ဒမီကစားသမားတွေ နဲ့ ပြင်ဆင်ထားတယ်။ သူတို့လိုကစားသမားတွေ အများကြီး ရှိတယ်။ သူတို့ နေရာယူလာနိုင်တယ်။ အကယ်ဒမီမှာ ရှိတဲ့ကလေးတွေကို ဒီမှာရှိတဲ့ (သတင်းထောက်)သူတွေဆီက သတင်းစကားပါးလိုက်ပါတယ်။ ဒါက အနာဂတ်ဖြစ်တယ်ဆိုတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ရုန်းကန်လာရမယ်။ ပြီးတော့ ဒီအတွက်လည်း ပြင်ဆင်ထားမယ်"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဖွားလေဆီဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက ယူနိုက်တက်သို့ ရောက်လာခဲ့တာ ဖြစ်ပြီး ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ နှစ်ရာသီတွင် ၉ ပွဲတည်းသာ ပွဲထွက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ နွေရာသီတုန်းက မလေးရှား၊ ဟောင်ကောင်ခရီးစဉ်တွင် ယူနိုက်တက်အသင်းနှင့်အတူ လိုက်ပါခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။
နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်ဟာ ယနေ့ညတွင် အိုးထရက်ဖို့ဒ်ကွင်းမှာ ၆ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ပိုင်ဆိုင်ရေး အဲဗာတန်နှင့် ကစားရပါမယ်။

image

ပေါင် ၉ ဘီလီယံအထိ ကမ္ဘာ့စံချိန်တင် တန်ဖိုးသတ်မှတ်လာတဲ့ ရီးရဲလ်မက်ဒရစ်တွင် ရင်းနှီးမြှပ်နှံလာဖို့ ရှိနေတဲ့ ဥရောပရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်
=====================

ဖက်ရှင်ကုမ္ပဏီ Louis Vuitton ကို ပိုင်ဆိုင်တဲ့ ဘီလျှံနာဟာ ရီးရဲလ်မက်ဒရစ်အသင်းတွင် ရင်းနှီးမြှပ်နှံလာဖို့ ရှိနေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်က ကလပ်တွင် ပုဂ္ဂိုလ်ရင်းနှီးမြှပ်နှံမှုများ ဖိတ်ခေါ်ရန် စီစဉ်နေမှုနှင့်အတူ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်ကြီးဘားနတ်အာနော့လ်ဟာလည်း ကလပ်ရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ် အနီးကပ် လေ့လာဆန်းစစ်မှုများ ပြုလုပ်နေပါတယ်။
ပီရက်ဇ်ဟာ ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံးကလပ်အဖြစ် ရီးရဲလ်မက်ဒရစ်အား ပေါင် ၉ ဘီလီယံအထိ သတ်မှတ်ပါတယ်။
ပီရက်ဇ်ဟာ ကလပ်အတွက် ရေရှည်ငွေကြေးအင်အားတောင့်တင်းရေးကို ရှေ့ရှုကာ ပြင်ပ ရင်းနှီးမြှပ်နှံမှု ရယူလိုနေပါတယ်။
ပီရက်ဇ်ဟာ ကလပ်မှာ ကမ္ဘာ့ရင်းနှီးမြှပ်နှံရှင်များကို ဆွဲဆောင်နိုင်မှုက ကလပ်ကို နောက်ထပ် အဆင့်သို့အထိ မြှင့်တင်လာနိုင်စေတယ်လို့ ယုံကြည်ကာ ယခုကဲ့သို့ ရင်းနှီးမြှပ်နှံမှု လက်ခံရေး ကြိုးပမ်းနေတာပါ။
အာနော့လ်ဟာ ပေါင် ၁၄၅ ဘီလီယံကြွယ်ဝချမ်းသာသူ ဖြစ်ပြီး ဥရောပရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်တွင် ရင်းနှီးမြှပ်နှံရန် အထူးစိတ်ဝင်စားနနေပါတယ်။
အသက် ၇၆ နှစ်ရှိ ဘီလျှံနာဟာ လီဂူး ၁ ကလပ် ပဲရစ်အက်ဖ်စီရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ ကလပ်ကို ထိန်းချုပ်ထားသူ ဖြစ်ပြီး ယခုအခါ နောက်ထပ် ခြေလှမ်းသစ်အဖြစ် ကမ္ဘာ့အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်တွင် ရင်းနှီးမြှပ်နံရေး စိတ်ဝင်စားနေပါတယ်။
ပီရက်ဇ်က ကလပ်ရဲ့ ရှယ်ယာအချို့ကို ရောင်းချကာ ရင်းနှီးမြှပ်နှံမယ့်သူများအား ဖိတ်ခေါ်လာမှာ ဖြစ်ပေမယ့် ရှေးအစဉ်အလာအတိုင်း ကလပ်အား ကလပ်အဖွဲ့ဝင်များဖြင့် ဆက်လက် ထိန်းချုပ် အလုပ်လုပ်စေတဲ့ စနစ်ကိုပဲ ဆက်လက် သုံးလာမှာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း ကလပ်ဘက်က ရောင်းချလာတဲ့ ရှယ်ယာများကို ဝယ်ယူရင်းနှီးမြှပ်နှံမယ့်သူအနေဖြင့် ကလပ်ရဲ့ ဆုံးဖြတ်ချက်များတွင် ပါဝင်စွက်ဖက်ခွင့် မရှိပါဘူး။
တဖက်တွင် အာနော့လ်ကလည်း ရီးရဲလ်မက်ဒရစ်တွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာပါက လက်ရှိ ၎င်းပိုင် စီးပွားရေးအင်ပါယာကို ပိုမို ကျယ်ပြန့်အားကောင်းလာစေမယ်လို့လည်း ယုံကြည်နေပါတယ်။
လက်ရှိအချိန်တွင် အာနော့လ်ဟာ ရီးရဲလ်မက်ဒရစ်တွင် ရင်းနှီးမြှပ်နှံရေးအတွက် ဆွေးနွေးမှု ပြုလုပ်မှု အစောပိုင်းအဆင့်တွင်သာ ရှိပါသေးတယ်။

image

အိမ်ကွင်းတွင် ဗီလာအား ရှုံးနိမ့်တဲ့ပွဲကို လိဒ်နည်းပြဖာကီအား ရန်မူရန် ကြိုးပမ်းတဲ့ ပရိသတ်အား ရဲတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း
====================

ဒေါသထွက်နေတဲ့ လိဒ်ပရိသတ်တစ်ဦးဟာ တနင်္ဂနွေနေ့တုန်းက Elland Road တွင် အက်စတွန်ဗီလာအား ရှုံးနိမ့်တဲ့ပွဲစဉ်အပြီး လိဒ်နည်းပြဒါနီရယ်ဖာကီကို ရန်မူရန် ကြိုးပမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
အထက်ပါ မတော်တဆမှုမှာ အူနိုင်းအမ်မရီရဲ့ ဗီလာက လိဒ်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်အတွင်း ဖြစ်ပျက်ခဲ့တာလည်း ဖြစ်ပါတယ်။ လိဒ်ဟာ ဗီလာရှုံးပွဲကြောင့် ပရီးမီးယားလိဂ်အဖွင့်ပွဲ ၁၂ ပွဲတွင် ၁၁ မှတ်တည်းသာ ရရှိထားကာ တန်းဆင်းဇုန်အတွင်း ကျရောက်နေပါတယ်။
ပရီးမီးယားလိဂ်တန်းတက်ဟာ သုံးပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက် တန်းဆင်းဇုန်သို့ ကျရောက်လာတာလည်း ဖြစ်ပါတယ်။ ဖာကီရဲ့ လိဒ်တို့ နောက်ဆုံးအကြိမ် နိုင်ပွဲရခဲ့တာ အောက်တိုဘာလနှောင်းပိုင်းတုန်းက ဝက်စ်ဟမ်းကို အနိုင်ရခဲ့မှာပါ။
တနင်္ဂနွေနေ့ညက ပွဲစဉ်အတွင်းတွင် အသက် ၆၁ နှစ်ရှိ လိဒ်ပရိသတ်ဟာ Elland Road ကွင်းအတွင်းသို့ ဆင်းလာပြီးနောက် အိမ်ရှင်အသင်းနည်းပြအဖွဲ့ ထိုင်ခုံသို့ ချဉ်းကပ်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ကွင်းအတွင်းရှိ လုံခြုံရေးများက ဖမ်းဆီးနိုင်ခဲ့ပြီး အဝေးသို့ ခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်။
ယခုအခါ ဘီဘီစီရဲ့ ဖော်ပြမှုအရ ယင်းပရိသတ်ဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရကြောင်း သိရပါတယ်။
ယင်းပရိသတ်ဟာ ကွင်းအတွင်းဝင်ရောက်မှုအတွက် အရေးယူခြင်းခံလာရတော့မှာလည်း ဖြစ်ပါတယ်။
ပွဲအပြီးတွင် လိဒ်နည်းပြဖာကီက "အဲဒီဖြစ်ရပ်ကို မမြင်လိုက်ပါဘူး။ လူတိုင်းစိတ်ပျက်နေကြတာပါ။ ပရိသတ်တွေထဲက တစ်ယောက်ကိုမှ မပြောင်းလဲစေချင်ပါဘူး။ ဘယ်သူ့ကိုမှလည်းမပျော်စေချင်ပါဘူး(ရှုံးပွဲကြုံလို့)။ ကျွန်တော်တို့မှာ အရမ်းကို ချစ်ခင်အားပေးတဲ့ ပရိသတ်ထုရှိတယ်။ ဒါကလည်း ကျွန်တော်တို့ လိုချင်တဲ့အရာပါ။ ပရိသတ်တွေကို မပြောင်းလဲစေချင်ပါဘူး။ သူတို့ ဒေါသထွက်သင့်တယ်၊ စိတ်ပျက်သင့်တယ်။ ကျုပ်လည်း ဒီတိုင်းပါပဲ။ ဒီလိုဖြစ်လာဖို့လည်း မျှော်လင့်ထားပြီးသားပါ။ ဒီအခြေအနေကို လုံးဝ နားလည်ပါတယ်"လို့ ပြောကြားသွားပါတယ်။

image

ဖိအားများအောက်သို့ ကျရောက်ပြီးနောက် ဂုဏ်သိက္ခာကြီးမားတဲ့ ဆုပေးပွဲအခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့တဲ့ အန်းဆလော့
=====================

အန်းဆလော့ဟာ လီဗာပူးတို့ နောက်ဆုံးရှုံးပွဲကြုံတွေ့ပြီးနောက် ဂုဏ်သိက္ခာကြီးမားတဲ့ ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရေးအား ဖျက်သိမ်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့တဲ့ အန်းဆလော့ဟာ စနေနေ့တုန်းက အန်းဖီးလ်ကွင်းတွင် နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ပြီးနောက် ဖိအားများအောက်သို့ ကျရောက်လာပါတယ်။
တနင်္ဂနွေနေ့ညမှာတော့ အန်းဆလော့ဟာ Manager of the Season ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် ဒတ်ချ်လူမျိုးနည်းပြဟာ ယင်းပွဲသို့ ဖိတ်ကြားခြင်းခံခဲ့ရပေမယ့်လည်း တက်ရောက်လာခဲ့ခြင်း မရှိပါဘူး။
ယင်းဆုပေးပွဲအခမ်းအနားသို့ ပြီးခဲ့တဲ့နှစ်တုန်းက အဲရစ်တန်ဟက် တက်ရောက်ခဲ့ပြီး ပွဲအပြီး ၂ ပွဲအကြာမှာတော့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အန်းဆလော့ဟာ ယခုရာသီတွင် ပေါင်သန်း ၄၅၀ အသုံးပြုကာ ခေါ်ယူထားတဲ့ စတားကစားသမားများရဲ့ အကောင်းဆုံးစွမ်းရည်ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်ခြင်း မရှိမှုနှင့်အတူ ဖိအားအောက်သို့ ကျရောက်နေပါတယ်။
သူဟာ အလက်ဇန္ဒားအီဆက်ခ်နှင့် ဖလိုရီယန်ဝါ့ဇ်တို့ နှစ်ဦးတည်းအတွင်းပင် ပေါင်သန်း ၂၅၀ နီးပါး သုံးခဲ့တာပါ။ ဒါပေမယ့် ကစားသမား ၂ ဦးလုံးတို့မှာ ပရီးမီးယားလိဂ်တွင် ဖန်တီးမှု မပြုလုပ်နိုင်သေးလို ဂိုးသွင်းနိုင်ကြခြင်းလည်း မရှိပါဘူး။
လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီတုန်းက တစ်ရာသီလုံး ၄ ပွဲတည်းသာ ရှုံးနိမ့်ခဲ့ပေမယ့် ယခုရာသီတွင် ပွဲစဉ် ၁၂ အပြီးမှာပင် ၆ ပွဲအထိ ရှုံးနိမ့်ထားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းတိုဟာ ဂိုး ၂၀ အထိ ပေးထားရကာ ပြီးခဲ့တဲ့တစ်ရာသီလုံးပေးဂိုး (၄၁)ရဲ့ တစ်ဝက်အား ပေးထားရပြီးပါပြီ။
လက်ရှိအချိန်တွင် လီဗာပူးဟာ ဗုဒ္ဓဟူးနေ့ ပီအက်စ်ဗွီနှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲအတွက် ပြင်ဆင်နေပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ်မှာတော့ ၄ ပွဲကစားထားရာတွင် ၃ ပွဲ အနိုင်ရရှိထားပါတယ်။

image

၂ နှစ်ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်ကာ ဘောလုံးပြန်ကစားလာနိုင်ပြီဖြစ်တဲ့ မက်ဆီရဲ့ ကမ္ဘာ့ဖလားချန်ပီယံ အမေ့ခံကစားဖော်
==================

လီယွန်နယ်မက်ဆီရဲ့ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားကစားဖော်အလီဂျန်ဒရိုဂိုမက်ဇ်ဟာ ၂ နှစ်ပွဲပယ်ပြစ်ဒဏ်ကျခံပြီးနောက် အီတလီဒုတိယတန်းကလပ်အတွက် ပြန်ကစားလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ကာတာတွင် အာဂျင်တီးနားနှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံအသင်းတွင် ပါဝင်ခဲ့တဲ့ ဂိုမက်ဇ်ဟာ တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိရပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ဘောလုံးလောကနှင့် ဝေးကွာလာခဲ့သူလည်း ဖြစ်ပါတယ်။
ပါပါဂိုမက်ဇ်လို့ လူသိများတဲ့ အသက် ၃၇ နှစ်ရှိ ဂိုမက်ဇ်ဟာ သူ့ကလေး အသုံးပြုတဲ့ ချောင်းဆိုးပျောက်ဆေးကို သောက်သုံးရာမှ တားမြစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ထိုစဉ်တုန်းက သူဟာ ဆီဗီလာတွင် ကစားနေခဲ့တာ ဖြစ်ပြီး တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိရပြီးနောက် စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။
သူဟာ အမှုရင်ဆိုင်နေစဉ် မွန်ဇာတွင် ကာလတို ကစားခဲ့ပေမယ့်လည်း ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်ကာ ၂ နှစ်ပြစ်ဒဏ်ကျခံလာခဲ့ရပါတယ်။
ဂိုမက်ဇ်ဟာ စနေနေ့တုန်းက ကလပ်သစ် ပါဒိုဗာရဲ့ ဗီနီဇီယာနှင့် ကစားတဲ့ စီးရီးဘီပွဲစဉ်တွင် ပွဲချိန် ၅၈ မိနစ်မှာ လူစားဝင်ရောက်ကစားခဲ့ပါတယ်။
သူဟာ လူစားဝင်ရောက်လာချိန်တွင် ပရိသတ်များရဲ့ တခဲနက်အားပေးမှု ရရှိခဲ့ပေမယ့်လည်း အသင်းကို ၂-၀ ဂိုးဖြင့် ရှံးနိမ့်နေမှုမှ ကာကွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။
သူဟာ နှစ်နှစ်ကျော်ကာလအတွင်းတွင် ပထမဆုံးအကြိမ် ဘောလုံးပြန်ကစားလာတာလည်း ဖြစ်ပါတယ်။

image