တီးတိန်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်

တီးတိန်မြို့ကိုဗဟိုပြု၍ ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
တီးတိန်မြို့၏ အရှေ့မြောက်ဘက်(၁၃)မိုင်ခန့်အကွာ၊ အနက်(၆၄)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက် ၁ နာရီ ၂၅ မိနစ် ၆ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုအား တမူးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

image

လူကယ်ပြန် ပြည်ထောင်စုဝန်ကြီ းဒေါက်တာစိုးဝင်းမှ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ကို တွေ့ဆုံ

လူကယ်ပြန် ဝန်ကြီးဌာနနှင့် UNFPA ကြားပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အား ဒီဇင်ဘာ ၁ ရက်မွန်းလွဲပိုင်းက တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် UNFPA မှ ငလျင်ဘေးသင့်ဒေသများအတွက် Dignity Kits များထောက်ပံ့ပေးခဲ့မှု၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား ဝန်ဆောင်မှုပေးသည့်စင်တာ (OSWSC)များတွင် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် UNFPA မှ ထောက်ပံ့ပေးနေမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် UNFPA ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ခွင့်ဗီဇာများ ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုနှင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNFPA တို့ကြား ကျား၊ မ တန်း တူညီမျှရေးနှင့် အမျိုးသမီးများစွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းအစီအစဉ် Workplan အား သက်တမ်းတိုးလက်မှတ်ရေးထိုး၍ လုပ်ငန်းများဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

image

လက်ကျန်နည်းပြီး ဝယ်လိုအားကောင်းနေသည့်အတွက် စျေးကွက်အတွင်း ပဲကြီးဈေးမြင့်တက်လာ

ဒီဇင်ဘာလပထမပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ ပဲကြီးလက်ကျန်နည်းနေပြီး ပြည်တွင်းပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များမှ ဝယ်ယူမှုရှိနေသည့်အတွက် ဈေးမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၆၁၀,၀၀၀ မှ ၆၃၀,၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၀၀,၀၀၀ မှ ၆၁၀,၀၀၀ ၊ ယခင်လ ကျပ် ၄၇၀,၀၀၀ မှ ၄၈၀,၀၀၀ ဖြစ်သည်။
ယခင်တစ်ပတ်ထက် ကျပ် ၁၀,၀၀၀မှ ၂၀,၀၀၀၊ ယခင်လထက် ကျပ် ၁၄၀,၀၀၀ မှ ၁၅၀,၀၀၀ခန့် ဈေးမြင့်တက်လာသည်။
ပဲကြီး(လတ်) ၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၅၀,၀၀၀ မှ ၅၇၀,၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၅၀,၀၀၀ မှ ၅၆၀,၀၀၀ ၊ ယခင်လ ကျပ် ၄၃၀,၀၀၀ မှ ၄၅၀,၀၀၀ ဖြစ်သည်။
ယခင်တစ်ပတ်ထက် အနိမ့်စ ဈေးငြိမ်နေပြီး အမြင့်စ ၁၀,၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၁၀၀,၀၀၀ မှ ၁၂၀,၀၀၀ ခန့် ဈေးမြင့်တက်လာသည်။
ပဲကြီး(သေး) ၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၅၂၀၀၀၀ ကျပ်၊ ယခင်တစ်ပတ် ကျပ် ၅၂၀,၀၀၀ မှ ၅၃၀,၀၀၀ ၊ ယခင်လ ကျပ် ၃၃၀,၀၀၀ မှ ၃၅၀,၀၀၀ ဖြစ်သည်။
ယခင်တစ်ပတ်ထက် ၁၀,၀၀၀ ကျပ် ဈေးနိမ့်လာပြီး၊ ယခင်လထက် ကျပ် ၁၇၀,၀၀၀ မှ ၁၉၀,၀၀၀ ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။

image

ဒုဋ္ဌဝတီမြစ်အနီး၌ ကျားဖြန့်(အွန်လိုင်းလိမ်လည်မှု) လုပ်ငန်းများ လုပ်ကိုင်နေသူများအား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တောင်ထိပ်ကျေးရွာ၊ ဒုဋ္ဌဝတီမြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများအား အဆောက်အအုံများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ(၃၀)ရက်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ပြည်ပနိုင်ငံသား(၂၈)ဦး နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လူနေအဆောက်အအုံများနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၃၀ ရက်တွင် ကျောက်မဲမြို့နယ်၊ တောင်ထိပ်ကျေးရွာ၏တောင်ဘက် ဒုဋ္ဌဝတီမြစ်အနီးသို့ရောက်ရှိစဉ် မသင်္ကာဖွယ်ရာအဆောက်အအုံများကို တွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့်နေရာဖြစ်ကြောင်းတွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင်နေကြသူများအား မတွေ့ရှိရဘဲ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ရှိ သွပ်မိုး ၃ ထပ်သားကာ အိပ်ဆောင် ၆ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ရှိ သွပ်မိုး ၃ ထပ်သားကာ လုပ်ငန်းဆောင် ၅ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ရှိ သွပ်မိုး ၃ ထပ်သားကာ အစားအစာသိုလှောင်ရုံ ၆ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ရှိ ဆောက်လုပ်ဆဲလုပ်ငန်းဆောင် ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ ရှိ ဆောက်လုပ်ဆဲအိပ်ဆောင် ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၁၅ ပေ ရှိအထွေထွေသုံးအဆောင် ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၁၀ ပေ ရှိ ၃ထပ်သားကာ တန်းလျားရှည်အိမ်သာ အိမ်သာ ၁ လုံး၊ အလျား ၃၀ ပေ၊ အနံ ၁၀ ပေ ရှိ အိပ်ခန်းတွဲ ၄ ခန်းတွဲအိပ်ဆောင် ၁ လုံး၊ အိပ်ခန်း ၄ ခန်းတွဲ(ရိက္ခာစတိုပါ) နှစ်ထပ်ဆောင် ၁ လုံး၊ မီးစက်အကြီး ၁ လုံး၊ ၁၅ ပေအမြင့် ကင်းစောင့် သစ်သား မျှော်စင် ၅ လုံး၊ အလျား ၂၀ ပေ၊ အနံ ၁၀ ပေ၊ အိပ်ဆောင်တန်းလျား ၁ လုံး၊ အလျား ၇၀၀ ပေ၊ အနံ ၄၀၀ ပေ၊ သွပ်ကာခြံဝန်း ၁ ခု၊ ALL IN ONE DESKTOP ကွန်ပျူတာ ၃၀ လုံး၊ STAR LINK ဗန်း ၁၀ ခု AIR COOLER ၁ လုံး၊ XIAOMI ဝိုင်ဖိုင်စက် ၂ လုံး၊ SOUND BOX ၁ လုံး၊ POWER STATION ၃ လုံး၊ ငွေရေတွက်စက် ၁ လုံး၊ ငွေကဒ်ဖြတ်စက် ၃ လုံး၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများနှင့် အခြားလျှပ်စစ်သုံးပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ ခြင်းလည်း ဖြစ်သည်။
ထိုနောက် ဆက်လက်ရှာဖွေခဲ့စဉ် ဒီဇင်ဘာ(၁)ရက်နေ့၌ တောင်ထိပ်ကျေးရွာအနီး မြောက်ဘက်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသူများဖြစ်သည့် တရုတ်နိုင်ငံသား ၁၀ ဦး ၊ တောင်ဘက်တွင် တရုတ်နိုင်ငံသား ၁၀ ဦး နှင့် တောင်ထိပ်ကျေးရွာ မြောက်ဘက်ရှိ ပုံဝိုးကျေးရွာအနီးတွင် တရုတ်နိုင်ငံသား ၈ ဦးတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အဆိုပါသိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လူနေအဆောက်အအုံများ၊ နေရာထိုင်ခင်းများအား မီးရှို့ဖျ-က်ဆီးခဲ့ပြီး ဖမ်းဆီးရမိသူများနှင့် ပါဝင်ပတ်သက်သူများအား စနစ်တကျစိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရေးနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

လီဗာပူးလ်အတွက် ပထမဆုံးပရီးမီးယားလိဂ်ဂိုး သွင်းယူခဲ့ပြီးနောက် ပခုံးပေါ်က ဖိအားကို ဖယ်ရှားနိုင်ခဲ့ပြီလို့ အီဆက်ခ် ပြောကြား

လီဗာပူးလ်အသင်းရဲ့ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်က ပရီးမီးယားလိဂ်မှာ အသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပြီးတဲ့နောက် ပခုံးပေါ်က ဖိအားကို ဖယ်ရှားနိုင်ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။
အီဆက်ခ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ နယူးကာဆယ်ကနေ လီဗာပူးလ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူပါ။
အီဆက်ခ်(၂၆ နှစ်)ဟာ ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲမှာ လီဗာပူးလ်ကစားသမားဘဝ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပြီးဖြစ်ပေမဲ့ ပရီးမီးယားလိဂ်ဂိုးကိုတော့ အခုတစ်ပတ် ဝက်စ်ဟမ်းနဲ့ပွဲမှာမှ သွင်းယူနိုင်ခဲ့တာပါ။
''ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ အဝေးကြီးလိုနေသေးတယ်ဆိုပေမဲ့ ဂိုးသွင်းနိုင်တဲ့အတွက် ကျေနပ်မိပါတယ်။ ဒီနေ့အတွက် အကောင်းဆုံးခံစားမှုကတော့ အသင်းအနိုင်ရခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်က တိုက်စစ်မှူးတစ်ယောက်ဖြစ်တာကြောင့် ဂိုးတွေ အမြဲသွင်းနိုင်ဖို့ လိုအပ်ပါတယ်'' လို့ အီဆက်ခ်က ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်နည်းပြ အာနယ်ဆလော့ဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကျဆင်းနေတာကြောင့် ဝက်စ်ဟမ်းနဲ့ပွဲမှာ အဓိကတိုက်စစ်မှူး ဆာလာကို အရန်ခုံပို့ခဲ့ပြီး ဒါဟာ လီဗာပူးလ်အသင်းကို သူ ကိုင်တွယ်တဲ့ သက်တမ်းအတွင်း ပရီးမီးယားလိဂ်မှာ ဆာလာကို ပထမဆုံးအနားပေးတဲ့ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒါပေမဲ့ အာနယ်ဆလော့က ဆာလာဟာ လီဗာပူးလ်အသင်းရဲ့ အလွန်အရေးပါတဲ့ ကစားသမားအဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

image

လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တဲ့ ဘွန်မာတီ Nations League ဗိုလ်လုပွဲဒုတိယအကျော့နဲ့ လွဲချော်မယ်

စပိန်အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ ဘာစီလိုနာအမျိုးသမီးအသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ဘွန်မာတီဟာ လေ့ကျင့်ရေးကွင်းမှာ ခြေဖျံရိုးကျိုးတဲ့ဒဏ်ရာ ရရှိခဲ့တာကြောင့် Nations League ဗိုလ်လုပွဲဒုတိယအကျော့နဲ့ လွဲချော်ရမယ်လို့ သိရပါတယ်။
ဘွန်မာတီဟာ မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အဲဒီဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အနားယူရမယ့်ကာလကိုတော့ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ သိရှိရမယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က ဖော်ပြခဲ့ပါတယ်။
ဘွန်မာတီအနေနဲ့ ခွဲစိတ်ကုသမှုခံယူဖို့ မလိုအပ်ဘူးဆိုရင် နှစ်လအတွင်း ပြန်ကစားနိုင်မှာဖြစ်ပြီး ခွဲစိတ်ကုသရမယ်ဆိုရင်တော့ နှစ်လထက်ပိုပြီး အနားယူရလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဘွန်မာတီဟာ အမျိုးသမီး Ballon d'Or ဆုကို ၂၀၂၃၊ ၂၀၂၄ နဲ့ ၂၀၂၅ သုံးနှစ်ဆက်တိုက်ရရှိထားသူဖြစ်တာကြောင့် သူ့ရဲ့ ဒဏ်ရာပြဿနာက ကလပ်အသင်းကိုရော လက်ရွေးစင်အသင်းကိုပါ ထိခိုက်နစ်နာစေပါတယ်။
စပိန်အမျိုးသမီးအသင်းဟာ Nations League ဗိုလ်လုပွဲပထမအကျော့မှာ ဂျာမနီနဲ့ ဂိုးမရှိသရေကျထားပြီး ဒုတိယအကျော့ကို ဒီဇင်ဘာ(၂)ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

image

လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တဲ့ ဘွန်မာတီ Nations League ဗိုလ်လုပွဲဒုတိယအကျော့နဲ့ လွဲချော်မယ်

စပိန်အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ ဘာစီလိုနာအမျိုးသမီးအသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ဘွန်မာတီဟာ လေ့ကျင့်ရေးကွင်းမှာ ခြေဖျံရိုးကျိုးတဲ့ဒဏ်ရာ ရရှိခဲ့တာကြောင့် Nations League ဗိုလ်လုပွဲဒုတိယအကျော့နဲ့ လွဲချော်ရမယ်လို့ သိရပါတယ်။
ဘွန်မာတီဟာ မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အဲဒီဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အနားယူရမယ့်ကာလကိုတော့ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ သိရှိရမယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က ဖော်ပြခဲ့ပါတယ်။
ဘွန်မာတီအနေနဲ့ ခွဲစိတ်ကုသမှုခံယူဖို့ မလိုအပ်ဘူးဆိုရင် နှစ်လအတွင်း ပြန်ကစားနိုင်မှာဖြစ်ပြီး ခွဲစိတ်ကုသရမယ်ဆိုရင်တော့ နှစ်လထက်ပိုပြီး အနားယူရလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဘွန်မာတီဟာ အမျိုးသမီး Ballon d'Or ဆုကို ၂၀၂၃၊ ၂၀၂၄ နဲ့ ၂၀၂၅ သုံးနှစ်ဆက်တိုက်ရရှိထားသူဖြစ်တာကြောင့် သူ့ရဲ့ ဒဏ်ရာပြဿနာက ကလပ်အသင်းကိုရော လက်ရွေးစင်အသင်းကိုပါ ထိခိုက်နစ်နာစေပါတယ်။
စပိန်အမျိုးသမီးအသင်းဟာ Nations League ဗိုလ်လုပွဲပထမအကျော့မှာ ဂျာမနီနဲ့ ဂိုးမရှိသရေကျထားပြီး ဒုတိယအကျော့ကို ဒီဇင်ဘာ(၂)ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

image

Set-piece နဲ့ ဂိုးသွင်းတာကို ပြိုင်ဘက်တွေဆီက ခိုးယူထားခြင်းဖြစ်တယ်လို့ အာမိုရင်မ် ပြောကြား

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က set-piece နဲ့ ဂိုးသွင်းတာကို ပြိုင်ဘက်တွေဆီက ခိုးယူထားခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ set-piece ကနေ (၁၀)ဂိုး သွင်းယူထားနိုင်ပြီး အာဆင်နယ်နဲ့အတူ set-piece ဂိုးအများဆုံးသွင်းယူနိုင်တဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက ပရီးမီးယားလိဂ်မှာ set-piece ကနေ ဂိုးသွင်းခံခဲ့ရတာ (၁၇)ဂိုးအထိရှိခဲ့ပြီး အများဆုံးသွင်းယူခံရတဲ့ ပြက္ခဒိန်နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ဖူးကြောင်းလည်း သိရပါတယ်။
ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ နှစ်ဂိုးစလုံးကို set-piece ကနေ သွင်းယူနိုင်ခဲ့ပြီးနောက် အာမိုရင်မ်က ''ကျွန်တော်တို့ အလုပ်အများကြီးလုပ်နေသလို၊ သင်ယူမှုတွေလည်း အများကြီးပြုလုပ်နေပါတယ်။ တခြားအသင်းတွေ ဘယ်လိုလုပ်သလဲဆိုတာ သင်ယူပြီး ဂိုးသွင်းဖို့ နည်းလမ်းများစွာကို ကျွန်တော်တို့ ခိုးယူနေပါတယ်။ လက်ပစ်ဘောတွေ၊ ဖရီးကစ်တွေ၊ ထောင့်ကန်ဘောတွေက ဒီလိဂ်မှာ အရမ်းအရေးကြီးပါတယ်။ ခင်ဗျားအနေနဲ့ set-piece အတွက် အလုပ်မလုပ်ထားရင် မပြိုင်ခင်က ရှုံးနှင့်ပြီးသားဖြစ်နေပါလိမ့်မယ်'' လို့ အာမိုရင်မ်က ပြောကြားခဲ့ပါတယ်။
ဘောလုံးသုံးသပ်သူတချို့ကတော့ ပရီးမီးယားလိဂ်မှာ set-piece ဂိုးတွေကို အားပြုလာကြခြင်းအတွက် ပြိုင်ပွဲရဲ့အရည်အသွေးကို ထိခိုက်စေနိုင်ကြောင်း ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

image

၂၀၂၆ ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ဥရောပမှာ ပြန်ကစားဖို့ ရာမို့စ် ကြိုးပမ်းနေ

မက္ကဆီကိုကလပ် မွန်တာရေးအသင်းမှာ ကစားနေတဲ့ စပိန်နောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ဥရောပမှာ ပြန်ကစားဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
လာမယ့်မတ်လမှာ အသက်(၄၀)ပြည့်မယ့် ရာမို့စ်ဟာ ၂၀၂၁ နောက်ပိုင်း စပိန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမခံရတော့တာကြောင့် ၂၀၂၃ ခုနှစ်မှာ လက်ရွေးစင်ကစားသမားဘဝက အနားယူကြောင်း ကြေညာထားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ စပိန်လက်ရွေးစင်အသင်းအတွက် ပြန်ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ဒါကြောင့် မွန်တာရေးအသင်းနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘဲ အခုနှစ်ကုန်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာပြီး ဥရောပကလပ်အသင်းတစ်သင်းမှာ ပြန်ကစားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ရာမို့စ်ဟာ အေစီမီလန်အသင်းမှာ ပြောင်းရွှေ့ကစားဖို့ ကမ်းလှမ်းမှုပြုလုပ်ထားသလို၊ အသင်းဟောင်း ရီးယဲလ်မှာ ပြန်ကစားခွင့်ရဖို့လည်း မျှော်လင့်နေကြောင်း သိရပါတယ်။
ရာမို့စ်ဟာ စပိန်လက်ရွေးစင်အသင်းရဲ့ ပွဲအများဆုံးကစားသမားအဖြစ် (၁၈၀)ပွဲနဲ့ မှတ်တမ်းဝင်နေသူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ(၄)ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။

image

ဆီးဂိမ်းစ်ယှဥ်ပြိုင်ဖို့ မြန်မာအမျိုးသမီး အပြီးသတ်ကစားသမား (၂၃) ဦး ရွေးချယ်

၃၃ ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသမီးအသင်းနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ယုကီတက်ဆူရိုဟာ အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်ထုတ်ပြန် လိုက်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ၃၃ ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲဝင်ဖို့ ဒီဇင်ဘာ၂ ရက်မှာ ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။
ထိုင်းဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲကို မူလက အသင်းရှစ်သင်း ပါဝင်ယှဉ်ပြိုင်ဖို့ရှိသော်လည်း ယခုအခါ ကမ္ဘောဒီးယားအမျိုးသမီးအသင်း နုတ်ထွက်သွားတာကြောင့် အသင်းခုနစ်သင်းသာ ပါဝင်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင် အသင်းခုနစ်သင်းကို အုပ်စုနှစ်ခု ခွဲထားပြီး အုပ်စု (A) မှာ အိမ်ရှင်ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အုပ်စု ( မှာ ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့ ပါဝင်​နေပါတယ်။
အမျိုးသမီးဘောလုံးပြိုင်ပွဲကို ချောင်ဘူရီမြို့ရှိ ကွင်းနှစ်ကွင်းမှာ ကျင်းပမှာ​ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီခွဲမှာ ဖိလစ်ပိုင်အသင်း၊ ဒီဇင်ဘာ ၈ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီခွဲမှာ မလေးရှားအသင်း၊ ဒီဇင်ဘာ ၁၁ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီခွဲမှာ ဗီယက်နမ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းကို အုပ်ချုပ်သူအဖြစ် ဦးကြည်လွင်၊ နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယုကီတက်ဆူရို၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်သူဇာထွေး၊ ဒေါ်စန်းစန်းသိန်း၊ ဒေါ်သက်သက်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေးတို့က တာဝန်ယူ ကိုင်တွယ်နေကြောင်း သိရပါတယ်။

image