ကမ္ဘာ့ဖလားခြေစစ်ပွဲကျပြီးနောက် အီတလီနည်းပြရာထူးမှ ဂတ်တူဆို ထွက်ခွာလာမည်
====================
ဂန်နာရိုဂတ်တူဆိုဟာ အီတလီကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပြီးနောက် နည်းပြရာထူးမှ ထွက်ခွာလာတော့မှာ ဖြစ်ပါတယ်။

အသက် ၄၈ နှစ်ရှိ အီတလီနည်းပြဟာ ဇီနီကာတွင် ကစားခဲ့တဲ့ ပလေးအော့ဖ်ဗိုလ်လုပွဲတွင် ဘော့စနီးယားကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီးနောက် မျက်ရည်ကျနေခဲ့ပါတယ်။

အီတလီဟာ ပွဲအစ ၁၅ မိနစ်မှာ မွိုက်စ်ကိန်းရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ အလီဆန်ဒရိုဘာစတိုနီ အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက် တာဘာကိုဗစ်ရဲ့ ပွဲပြီးရန် ၁၁ မိနစ်အလို ချေပဂိုးအား ပေးခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်တွင်တော့ အီတလီဟာ ပင်နယ်တီတစ်လုံးသာ ဝင်အောင် ကန်နိုင်ခဲ့ကာ ၄-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ယနေ့တွင် ထွက်ပေါ်လာတဲ့သတင်းအရ ဂတ်တူဆိုဟာ အီတလီနည်းပြရာထူးမှ ထွက်ခွာလာတော့မှာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်တွင် လစ်လပ်နေတဲ့ အီတလီနည်းပြရာထူးအတွက် နာပိုလီနည်းပြအန်တိုနီယိုကွန်တီနှင့် အေစီမီလန်နည်းပြမက်ဆီမိုအယ်လီဂရီတို့က ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။

ဂတ်တူဆိုအပြင် အီတလီအသင်းညှိနှိုင်းရေးမှူး ဘူဖွန်မှာလည်း ရာထူးမှ ထွက်ခွာလာပါမယ်။

အီတလီဟာ ၂၀၀၆ ကမ္ဘာဖ့လားချန်ပီယံဖြစ်ပြီးနောက် ကမ္ဘာ့ဖလားနိုင်ပွဲ ၁ ပွဲတည်းသာ ရရှိထားပြီး ကမ္ဘာ့ဖလား ၃ ကြိမ်ဆက် ခြေစစ်ပွဲကျထားပါတယ်။

ဂတ်တူဆိုဟာ အီတလီနည်းပြအဖြစ် ခန့်အပ်ခံရစဉ်ကတည်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်း မရှိပါက ရာထူးမှ ထွက်ခွာမယ်လို့ ဆိုထားသူ ဖြစ်ပါတယ်။

စပယ်လက်တီနေရာတွင် အစားထိုးခန့်အပ်ခြင်းခံရပြီးနောက် ဂတ်တူဆိုက "ရည်မှန်းချက် (ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်)လာရင် အကျိုးကျေးဇူးခံစားမယ်။ မဟုတ်ရင်တော့ အီတလီကနေ ထွက်ခွာမယ်"လို့ ဆိုထားခဲ့ပါတယ်။

ဘော့စနီးယားကို ရှုံးနိမ့်တဲ့ပွဲအပြီးတွင်လည်း ဂတ်တူဆိုက "ဒီကောင်လေးတွေ ဒါနဲ့ မထိုက်တန်ပါဘူး။ ကြိုးစားအားထုတ်ခဲကြတယ်၊ ချစ်ခင်မြတ်နိုးစိတ်နဲ့ ကစားခဲ့ကြတယ်၊ ပိုင်နိုင်တဲ့ ဆုံးဖြတ်ချက်နဲ့ ကစားခဲ့ကြတယ်။ ကျွန်တော်တို့ အခွင့်အရေး သုံးကြိမ်ရခဲ့တယ်။ သူတို့ရဲ့ ဖြတ်တင်ဘောတွေက ကျွန်တော်တို့ကို ဘာမှ မထိခိုက်စေခဲ့ဘူး။ ကျုပ်ကောင်လေးတွေအတွက် ဂုဏ်ယူနေတုန်းပါ။ တကယ်လို့ ဒီကနေ့ ကျုပ်ကို ဓားနဲ့ လာထိုးရင်တောင် ဘာမှ တုံ့ပြန်လာမှာ မဟုတ်ပါဘူး။ ကျုပ်သွေးတွေ ဘာမှ မရှိတော့ဘူး။ အီတလီဘောလုံးလောကအရွှေ့အတွက် အရမ်းကြီးခဲ့တာပါ။ ဒီလို ထွက်သွားရတာ မကောင်းဘူး"လို့ ပြောကြားသွားခဲ့ပါတယ်။

image

အာမက်ဖြစ်စဉ်တွင် ပင်နယ်တီ မပေးခဲ့မှုမှာ ဒိုင်လူကြီး မှန်ကန်
===================
Premier League's Key Match Incidents (KMI) Panel က ဘုန်းမောက်နှင့် ယူနိုက်တက်တို့ တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် အာမက်ဒီရယ်လို အဖြစ်အပျက်အတွက် ပင်နယ်တီမပေးခဲ့တဲ့ ဒိုင်လူကြီးနှင့် VAR တို့ရဲ့ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း ဆုံးဖြတ်လာပါတယ်။

အာမက်က ပင်နယ်တီဧရိယာအတွင်း ပြေးဝင်စဉ် ဘုန်းမောက်နောက်ခံလူအက်ဒရီယန်ထရူဖတ်က လက်နှစ်ဖက်ဖြင့် ဆွဲခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးစတူးအပ်အက်ဝဲလ်က ပင်နယ်တီပေးရန် ငြင်းဆိုခဲ့ပါတယ်။

ချက်ချင်းဆိုသလို ဘုန်းမောက်ဟာ ယင်းအဖြစ်အပျက်အပြီး ၆၇ မိနစ်တွင် ရိုင်ယန်ခရစ္စတီးက ချေပဂိုးသွင်းယူခဲ့ပါတယ်။

ယင်းဖြစ်စဉ်မှာ ပွဲရဲ့အရေးပါတဲ့ အဖြစ်အပျက်ဖြစ်ပြီး ပင်နယ်တီသာ ရရှိလာမည်ဆိုပါက ယူနိုက်တက်မှာ ၂-၀ ဖြင့် ဦးဆောင်နိုင်မယ့် အခွင့်အရေး ရလာပါမယ်။

ထရူဖတ်ရဲ့ ဖျက်ထုတ်မှုကို VAR ဒိုင်လူကြီးခရစ်ပေါ်ဆင်ကလည်း စစ်ဆေးခဲ့ပြီး ပင်နယ်တီမပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။

ယခုအခါ Premier League's Key Match Incidents (KMI) Panel က အာမက်အဖြစ်အပျက်အတွက် ပင်နယ်တီပေးသင့်မပေးသင့် မဲခွဲရာ ၃:၂ ဖြင့် မပေးတဲ့ဘက်က အနိုင်ရသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘုန်းမောက်နှင့် သရေကျတဲ့ပွဲအပြီးတွက် အာမက်ဒီရယ်လိုအဖြစ်အပျက်တွင် ပင်နယ်တီမပေးခဲ့မှုအပေါ် အကြီးအကျယ်ဒေါသထွက်ကာ ဒိုင်အဖွဲ့ချုပ်ထံ တိုင်ကြားမှု ပြုလုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

image

ယူနိုက်တက်အတွက် မကစားတာ ခြောက်လရှိပြီဖြစ်ပေမယ့် လုပ်ခတိုးမြှင့် ရရှိလာတော့မယ့် အင်ဒရေအိုနာနာ
=====================
ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး မျှော်လင့်ချက်လင်းလက်လာမှုနှင့်အတူ အင်ဒရေအိုနာနာမှာလည်း အကျိုးခံစားခွင့် ပိုမို ရရှိလာတော့မှာ ဖြစ်ပါတယ်။

အင်ဒရေအိုနာနာဟာ တူရကီကလပ်ထရက်ဇွန်စပေါ်တွင် တစ်ရာသီအငှားဖြင့် သွားရောက် ကစားနေသူ ဖြစ်ပါတယ်။

အိုနာနာရဲ့ အငှားစာချုပ်အတွင်းတွင် တူရကီကလပ်သို့အပြီးသတ်ပြောင်းရွှေ့နိုင်မယ့် အချက် မပါဝင်ပါဘူး။

ဒါကြောင့်လည်း အေဂျက်စ်နှင့် အင်တာမီလန်ဂိုးသမားဟောင်းဟာ လာမယ့် ဇူလိုင်လမှာ အိုးထရက်ဖို့ဒ်သို့ ပြန်လာမှာလည်း ဖြစ်ပါတယ်။

အိုနာနာဟာ ၂၀၂၅-၂၆ ရာသီတွင် ယူနိုက်တက်တို့ ဥရောပဝင်ခွင့် မရရှိမှုနှင့်အတူ ထရက်ဇွန်စပေါ်သို့ အငှားဖြင့် သွားကစားနေစဉ်အတွင်း လုပ်ခလျှော့ယူထားရပါတယ်။

ဒါပေမယ့် အိုနာနာဟာ ယခုရာသီတွင် ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာမည်ဆိုပါက လုပ်ခ ၂၅ ရာခိုင်နှုန်းတိုးမြှင့် ရရှိလာပါမယ်။

ယူနိုက်တက်ဟာ ကစားသမားများရဲ့ စာချုပ်အတွင်းတွင် ချန်ပီယံလိဂ်ဝင်ခွင့် မရပါက လုပ်ခ ၂၅ ရာခိုင်နှုန်းလျှော့ယူရမယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။

ဒါကြောင့်လည်း မိုက်ကယ်ကာရစ်သာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်လာနိုင်ပါက အိုနာနာမှာ ဇူလိုင်လတွင် ယူနိုက်တက်သို့ ပြန်ရောက်လာချိန်တွင် လုပ်ခ ၂၅ ရာခိုင်နှုန်းပြန်လည်တိုးမြှင့် ခံစားခွင့် ရရှိလာပါမယ်။

ယူနိုက်တက်ဘက်က နွေရာသီတွင် အိုနာနာကို အပြီးသတ် ရောင်းချရေး ကြိုးပမ်းလာမှာ ဖြစ်ပေမယ့် ကစားသမားဘက်ကတော့ အသင်းတွင် ဆက်ကစားကာ နေရာအတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားတယ်လို့လည်း သတင်းထွက်နေပါတယ်။

ဒါ့အပြင် အိုနာနာရဲ့ လုပ်ခတိုးမြှင့် ရရှိလာမှုနှင့်အတူ သူ့ကို ခေါ်ယူရေး ကလပ်များ လက်ရှောင်လာမှာကိုလည်း ယူနိုက်တက်ဘက်က စိုးရိမ်နေပါတယ်။

ယူနိုက်တက်ဟာ အိုနာနာအား အပြီးသတ် ရောင်းချရေး ကြိုးပမ်းမှု မအောင်မြင်လာပါကလည်း နောက်ထပ် အငှားချပြီး အသုံးစရိတ်ချွေတာလာနိုင်ပါတယ်။

အိုနာနာရဲ့ လက်ရှိ ယူနိုက်တက်နှင့် စာချုပ်မှာ ၂၀၂၈ ခုနှစ်တွင်မှ ကုန်ဆုံးပါမယ်။

image

ကမ္ဘာ့ဖလားခြေစစ်ပွဲကျပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့် ဘူဖွန်တို့ ရာထူးမှ နုတ်ထွက်လာ
=====================
အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂါဘရီလီဂရာဗီနာဟာ အီတလီအသင်း ကမ္ဘာ့ဖလား ၃ ကြိမ်ဆက် ခြေစစ်ပွဲကျပြီးနောက် ရာထူးမှ နုတ်ထွက်လာပါတယ်။

ကမ္ဘာ့ဖလား ၄ ကြိမ်ချန်ပီယံဟာ အင်္ဂါနေ့တုန်းက ဘော့စနီးယားကို ပလေးအော့ဖ်ဗိုလ်လုပွဲတွင် ပင်နယ်တီအဆုံးအဖြတ်တွင် ၄-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် ခြေစစ်ပွဲ ၃ ကြိမ်ဆက် ကျခဲ့တာလည်း ဖြစ်ပါတယ်။

အီတလီဟာ ကမ္ဘာ့ဖလားသမိုင်းတွင် ၃ ကြိမ်ဆက် ခြေစစ်ပွဲကျလာတဲ့ ပထမဆုံး ချန်ပီယံဟောင်း ဖြစ်လာပါတယ်။

ဒါ့အပြင် အီတလီလက်ရွေးစင်အသင်းတွင် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂန္ထဝင်ဂိုးသမားဘူဖွန်ဟာလည်း ခြေစစ်ပွဲကျပြီးနောက် ရာထူးမှ နုတ်ထွက်ကြောင်း အင်စတာဂရမ်မှ ကြေညာသွားပါတယ်။

အီတလီနှင့်အတူ ၂၀၀၆ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ဘူဖွန်က "အဓိကရည်မှန်းချက်က အီတလီကို ကမ္ဘာ့ဖလားသို့ ပြန်ပို့ဖို့ပါ။ ကျွန်တော်တို့ မအောင်မြင်ခဲ့ဘူး။ ဒီတော့ ကျွန်တော့်နေရာမှာ အကောင်းဆုံးဖြစ်မယ်သူလို့ ထင်တဲ့သူကို ရွေးချယ်ဖို့ ထားခဲ့တာ မျှတပါတယ်"လို့ ပြောကြားသွားပါတယ်။

အသက် ၇၂ နှစ်ရှိ ဂရာဗီနာဟာ ကြာသပတေးနေ့တုန်းက အီတလီဘောလုံးအဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်တဲ့ အစည်းအဝေးအပြီးတွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာသွားခဲ့ပါတယ်။

သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားကျပြီးနောက် ရာထူးမှ နုတ်ထွက်သွားတဲ့ ကာလိုတာဗီချီယိုနေရာတွင် အစားထိုးရွေးချယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဂရာဗီနာ လက်ထက်တွင် အီတလီအသင်းဟာ ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်ခဲ့ပေမယ့်လည်း ၂၀၂၂ ကမ္ဘာ့ဖလားကျခဲ့ကာ ၂ ကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့ပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ဟာ ဂရာဗီနာနေရာတွင် အစားထိုး ဥက္ကဌအဖြစ် ရွေးချယ်ရေးအတွက် လာမယ့် ဇွန်လ ၂၂ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပသွားပါမယ်။

အီတလီအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုက ယူအီးအက်ဖ်အေက အီတလီအနေဖြင့် ဘောလုံးအခြေခံအဆောက်အဦးများအား အဆင့်မြှင့်တင်မှု မပြုလုပ်ပါက ယူရို ၂၀၃၂ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရုတ်သိမ်းခံရမယ်လို့ သတိပေးခြင်းခံထားရတာ ဖြစ်ပါတယ်။

အီတလီဟာ ယူရို ၂၀၃၂ ပြိုင်ပွဲကို တူရကီနှင့် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားပေမယ့် ကွင်းများမှာ ခေတ်မီခြင်း မရှိတော့ပါဘူး။ ကလပ်အများစုမှာ ဒေသတွင်း အာဏာပိုင်များနှင့် သဘောထားမတိုက်ဆိုင်မှု ဖြစ်ကာ ကွင်းများကို အဆင့်မြှင့်တင်နိုင်ခြင်း မရှိပါဘူး။

အီတလီဘောလုံးအဖွဲ့ချုပ်ဟာ ယူရို ၂၀၃၂ ပြိုင်ပွဲအား လက်ခံကျင်းပမယ့် ကွင်း ၅ ကွင်းအား အောက်တိုဘာလနောက်ဆုံးထား တင်ပြရပါမယ်။

image

မေဆင်ဂရင်းဝုဒ်မှတ်ချက်အတွက် ပရိသတ်များကို တောင်းပန်လာတဲ့ ဒီဇာဘီ
======================
စပါးစ်နည်းပြသစ်ရောဘတ်တိုဒီဇာဘီဟာ မေဆင်ဂရင်းဝုဒ်နှင့်ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ ၎င်းရဲ့မှတ်ချက်များအတွက် ပရိသတ်များကို တောင်းပန်မှု ပြုလုပ်လာပါတယ်။

အီတလီလူမျိုးနည်းပြဟာ စပါးစ်နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပေမယ့်လည်း မာဆေးအသင်းကို ကိုင်တွယ်စဉ်တုန်းက ယူနိုက်တက်ကစားသမားဟောင်းမေဆင်ဂရင်းဝုဒ်နှင့်ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ စကားအတွက် စပါးစ်ပရိသတ်အဖွဲ့အချို့ရဲ့ ကန့်ကွက်ခြင်းခံနေရပါတယ်။

ဂရင်းဝုဒ်ဟာ ၂၀၂၂ ခုနှစ်တုန်းက ဗလက္ကာယပြုကျင့်ရန် ကြိုးပမ်းမှု၊ ထိန်းချုပ်မှု၊ ဒဏ်ရာအနာတရဖြစ်အောင် တိုက်ခိုက်မှုတို့အတွက် ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၂၃ ခုနှစ်တွင် အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ပါတယ်။

ရောဘတ်တိုဒီဇာဘီဟာ မေဆင်ဂရင်းဝုဒ်ကို မာဆေးသို့ ခေါ်ယူခဲ့တဲအပြင် ၂၀၂၅ ခုနှစ်တုန်းက ယူနိုက်တက်စတားဟောင်းမှာ လူကောင်းတစ်ယောက်ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ဖူးပါတယ်၊

ယခုအခါမှာတော့ ဘရိုက်တန်နည်းပြဟောင်းက "အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပြဿနာကို ဘယ်တုန်းကမှ လျှော့မတွက်ခဲ့သလို ဘယ်သူ့ကိုမဆို အကြမ်းဖက်မှုအပေါ်မှာလည်း လျှော့မတွက်ပါဘူး။ ကျွန်တော် အဆက်မပြတ်တိုက်ပွဲဝင်ခဲ့သလို အန္တရာယ်အပေးခံရဆုံးသူတွေဘက်က ရပ်တည်လာခဲ့တာပါ။ ကျွန်တော်က ပွဲတွေအနိုင်ရဖို့ ဆုဖလားရဖို့ ညှိနှိုင်းနေတတ်တဲ့သူမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော့်အကြောင်း ကောင်းကောင်းသိတဲ့သူတွေ သိပါတယ်။ ကျွန်တော့်စကားက တစ်ယောက်ယောက်ရဲ့ ခံစားချက်ကို ထိခိုက်စေခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်။ ကျွန်တော့်မှာလည်း သမီးရှိပါတယ်။ ဒီကိစ္စက အရမ်းထိခိုက်လွယ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

ရောဘတ်တိုဒီဇာဘီဟာ တနင်္ဂနွေနေ့တုန်းက ရာထူးမှ ထုတ်ပယ်ခြင်းခံရတဲ့ အိုင်ဂေါ်ကျူဒေါ်နေရာမှာ ၅ နှစ်စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

စပါးစ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်နေကာ တန်းဆင်းဇုန်နှင့် ၁ မှတ်အကွာတွင် ရပ်တည်နေပါတယ်။

image

ရိုဒရီကို စာချုပ်သစ်ကမ်းလှမ်းထားပေမယ့်လည်း နွေရာသီတွင် ရောင်းချသွားနိုင်တဲ့ မန်စီးတီး
====================
မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရန် တံခါးဖွင့်ထားကြောင်း ဖွင့်ဟပြောဆိုခဲ့တဲ့ ရိုဒရီကို စာချုပ်သစ်ကမ်းလှမ်းထားပေမယ့်လည်း နွေရာသီတွင် ရောင်းချသွားနိုင်ပါတယ်။

၂၀၂၄ ခုနှစ် Ballon d'Or ဆုရှင်ဟာ လက်ရွေးစင်အသင်းနှင့် ပူးပေါင်းနေစဉ် ရီးရဲလ်မက်ဒရစ်ဘက်ကသာ ကမ်းလှမ်းလာပါက ပယ်ချရန် ခက်ခဲကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။

ရိုဒရီဟာ ၂၀၂၂ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့တာ ဖြစ်ပြီး စာချုပ်သက်တမ်းမှာ တစ်နှစ်ကျော်သာ ကျန်ပါတော့တယ်။

မန်စီးတီးဟာ ကလပ်တွင် အနာဂတ်မရေမရာ ဖြစ်နေတဲ့ ရိုဒရီအား စာချုပ်သစ်ကမ်းလှမ်းထားပါတယ်။

စပိန်လက်ရွေးစင်ဟာ ၂၀၁၉ ခုနှစ်တွင် အက်သလက်တီကိုမှ ရောက်လာပြီးနောက် ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် ဆွတ်ခူးထားကာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။

လက်ရိအချိန်တွင် မန်စီးတီးဘက်က စာချုပ်သစ်ကမ်းလှမ်းထားပေမယ့်လည်း ရိုဒရီရဲ့ အဆုံးအဖြတ်အပေါ်တွင်သာ မူတည်နေပါတယ်။

မန်စီးတီးဟာ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရဖူးတဲ့ ရိုဒရီအား ၂၀၂၇ ခုနှစ်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ခံလာမှာ မဟုတ်ဘဲ စာချုပ်သစ်အား လက်မခံပါက နွေရာသီတွင် ရောင်းချရန် တံခါးဖွင့်ထားပါတယ်။

သူဟာ ယခုရာသီတွင်လည်း ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ရကာ ပရီးမီးယားလိဂ်ပွဲ ၁၄ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်ပါတယ်။

image

ကစားခွင့်မရဘဲ အင်္ဂလန်အသင်းနှင့် ပူးပေါင်းခဲ့တဲ့ ဘယ်လင်ဂမ်အပေါ် ရီးရဲလ်မက်ဒရစ် စိတ်ပျက်နေ
=====================
ရီးရဲလ်မက်ဒရစ်ဟာ ဥရုဂွေး၊ ဂျပန်တို့နှင့် နိုင်ငံတကာခြေစမ်းပွဲစဉ်များတွင် ပါဝင်ကစားခွင့်မရဘဲ အင်္ဂလန်အသင်းနှင့် သွားရောက် ပူးပေါင်းခဲ့တဲ့ ဂျူ့ဘယ်လင်ဂမ်ရဲ့ လုပ်ရပ်အပေါ် မပျော်မရွှင် ဖြစ်နေပါတယ်။

အသက် ၂၂ နှစ်ရှိ ဘယ်လင်ဂမ်ဟာ ဖေဖော်ဝါရီလအစောပိုင်းတုန်းက ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာမှ ပျောက်ကင်းလာပြီဖြစ်ပေမယ့် ကြံ့ခိုင်မှုပြည့်ဝရေး လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့နှစ်ပတ်တုန်းက အက်သလက်တီကိုနှင့် မက်ဒရစ်ဒါဘီပွဲတွင် အရန်ခုံမှ ထလာကာ မိနစ်အနည်းငယ်သာ ပါဝင်ကစားခဲ့သေးတာပါ။

တဖက်တွင် အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ ကြံ့ခိုင်မှမပြည့်ဝသေးတဲ့ ဘယ်လင်ဂမ်ကို ကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံးစခန်းသွင်းလေ့ကျင့်မှုအတွက် ကစားသမား ၃၅ ဦးစာရင်းတွင် ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။

အလယ်တန်းကစားသမားဟာ ဥရုဂွေးနှင့် ၁ ဂိုးစီသရေကျတဲ့ပွဲနှင့်ဂျပန်ကို ၁-၀ ဖြင့် ရှုံးနိမ့်တဲ့ပွဲမတိုငမီ အင်္ဂလန်နှင့်အတူ လေ့ကျင့်ခန်းဆင်းခဲ့ပေမယ့်လည်း ကစားခွင့်မရခဲ့ပါဘူး။

တူချယ်ဟာ ကြံ့ခိုင်မှုပြည့်ဝခြင်း မရှိသေးတဲ့ ဘယ်လင်ဂမ်ကို အရဲစွန့်အသုံးမပြုခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ယင်းသို့ တူချယ်က မိနစ်အနည်းငယ်တောင် အသုံးမပြုမှုအပေါ် စိတ်ပျက်နေပါတယ်။

ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူများက ဘယ်လင်ဂမ်မှာ အကျိုးကျေးဇူး တစုံတရာမရှိဘဲ အင်္ဂလန်အသင်းနှင့် သွားရောက်ပူးပေါင်းခြင်းသာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဒါ့အပြင် တူချယ်က ဘယ်လင်ဂမ်ကို စခန်းသွင်းလေ့ကျင့်မှုတွင် ရွေးချယ်မှုက ကစားသမား၊ ကလပ်နှင့် လက်ရွေးစင်အသင်းအားလုံးအတွက် အကျိုးရှိတယ်လို့ ယုံကြည်ပေမယ့် ကလပ်ဘက်ကတော့ ထည့်သွင်းရွေးချယ်မှုက မလိုအပ်တဲ့ လုပ်ရပ်လို့ ယုံကြည်နေပါတယ်။

image

ကမ္ဘာ့ဖလားဗိုလ်လုပွဲလက်မှတ်အား ဘောလုံးသမိုင်းတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ် ဒေါ်လာ ၁၀၉၉၀ အထိ သတ်မှတ်ကာ ဖီဖာရောင်းချလာ
=====================
ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲလက်မှတ်အား ပထမဆုံးအကြိမ် ရောင်းချလာရာမှာ ဘောလုံးသမိုင်းတွင် ပွဲတစ်ပွဲအတွက် အကြီးမားဆုံးဈေးနှုန်းအဖြစ် အထူးတန်းလက်မှတ်သတ်မှတ် ရောင်းချလာပါတယ်။

ဖီဖာဟာ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့ တနင်္ဂနွေနေ့တွင် MetLife Stadium တွင် ကစားမယ့် ဗိုလ်လုပွဲအတွက် ဈေးအကြီးဆုံးလက်မှတ်အား ဒေါ်လာ ၁၀၉၉၀ သတ်မှတ် ရောင်းချလာတာလည်း ဖြစ်ပါတယ်။

ဖီဖာဟာ ဒီဇင်ဘာလတုန်းက တန်ဖိုးအကြီးဆုံးလက်မှတ်ကို ဒေါ်လာ ၈၆၈၀ သတ်မှတ်ထားတယ်လို့ ကြေညာပြီးမှ ၃၈ ရာခိုင်နှုန်းအထိ ဈေးနှုန်းတိုးမြှင့်သတ်မှတ် ရောင်းချလာတာလည်း ဖြစ်ပါတယ်။

ဖီဖာဟာ လက်မှတ်ဈေးနှုန်းအား တောင်းဆိုမှု မြင့်မားတဲ့ အခြေအနေအပေါ် မူတည်ပြီး သတ်မှတ် ရောင်းချလာတာပါ။

ဖီဖာဟာ ဗုဒ္ဓဟူးနေ့တုန်းက အုပ်စုပွဲ ၇၂ ပွဲမှ ၁၇ ပွဲနှင့် ဗိုလ်လုပွဲအတွက် လက်မှတ်အား ရောင်းချလာတာ ဖြစ်ပြီး အခြား လက်မှတ်အမျိုးစား နှစ်ခုကိုလည်း ၃၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ကာ ၇၃၈၀ ဖြင့်လည်းကောင်း ရောင်းချလာသလို အခြားလက်မှတ်အမျိုးအစား ၃ ခုကိုလည်း ၃၈ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ကာ ဒေါ်လာ ၅၇၈၅ ဖြင့် ရောင်းချလာပါတယ်။

ဗိုလ်လုပွဲအတွက် ရောင်းချလာတဲ့ ဈေးနှုန်းအမြင့်မားဆုံးလက်မှတ်အမျိုးအစား ၃ ခုတို့ရဲ့ ဈေးနှုန်းမှာ ၂၀၂၂ ခုနှစ်တုန်းက အာဂျင်တီးနားနှင့် ပြင်သစ်တို့ ကစားခဲ့တဲ့ ဗိုလ်လုပွဲ အထူးတန်းလက်မှတ်ဈေးနှုန်းထက် အဆများစွာ မြင့်မားနေပါတယ်။ ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက အထူးတန်းလက်မှတ်အား ဒေါ်လာ ၁၆၀၄ သာ သတ်မှတ်ခဲ့တာပါ။

ဖီဖာဟာ ဗိုလ်လုပွဲလက်မှတ်ကို နောက်ဆုံးအကြိမ်အဖြစ် တိုက်ရိုက် ရောင်းချလာတာ ဖြစ်ပြီး လက်မှတ်ပြန်လည် ရောင်းချမှုကိုလည်း ကြာသပတေးနေမှ စတင်ဖွင့်လှစ်လာပါတယ်။

ကမ္ဘာတလွှားမှ ဘောလုံးပရိသတ်များဟာ ကမ္ဘာ့ဖလားပွဲလက်မှတ်များ ဝယ်ရေး ဝက်ဘ်ဆိုက်သို့ အလုအယက် ဝင်ရောက်ခဲ့ကြပေမယ့်လည်း ဝက်ဘ်ဆိုက်ပြဿနာကြောင့် အခက်အခဲများ ကြုံခဲ့ရပါတယ်။ ယခုအခါမှာတော့ ဝက်ဘ်ဆိုက်ပြဿနာများကို ဖြေရှင်းထားပြီးလည်း ဖြစ်ပါတယ်။

image

ပြင်သစ်နှင့် ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲအပြီးတွင် သုံးရက်တိုင်တိုင် ဆေးရုံတက်ခဲ့ရတဲ့ ကိုလံဘီယာစတားရိုဒရီဂွက်ဇ်
======================
ကိုလံဘီယာအသင်းခေါင်းဆောင်ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့အပတ် ပြင်သစ်နှင့် ခြေစမ်းပွဲအပြီးတွင် ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်းလက္ခဏာပြသနေမှုကြောင့် ဆေးရုံးတွင် သုံးရက်တိုင်တိုင် တက်ရောက်ခဲ့ရပါတယ်။

တနင်္ဂနွေနေ့တုန်းက မေရီလန်းတွင် ကစားတဲ့ ပွဲစဉ်တွင် ကိုလံဘီယာတို့ ပြင်သစ်ကို ၃-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ကြာသပတေးနေ့မှာတော့ ကိုလံဘီယာဘောလုံးအဖွဲ့ချုပ်က ရီးရဲလ်မက်ဒရစ်စတားဟောင်းမှာ မင်နီဆိုးတားရှိ ဆေးရုံတစ်ခုတွင် ၇၂ နာရီတိုင်တိုင် တက်ရောက်ခဲ့ရကြောင်း ကြေညာသွားပါတယ်။

ယခုနှစ်အစောပိုင်းတုန်းက မေဂျာလိဂ်ကလပ် မင်နီဆိုးတားယူနိုက်တက်သို့ ပြောင်းခဲ့တဲ့ အသက် ၃၄ နှစ်ရှိ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြင်သစ်နှင့်ပွဲစဉ်တွင် မိနစ်ခြောက်ဆယ်ကျော်သာ ကစားခဲ့တာလည်း ဖြစ်ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြင်သစ်နှင့်ပွဲစဉ်မတိုင်မီ ခရိုအေးရှားနှင့်ပွဲတွင်လည်း ကိုလံဘီဘာအတွက် ပါဝင်ကစားခဲ့ပါတယ်။

ယခုအခါမှာတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အခြေအနေ တည်ငြိမ်သွားမှုနှင့်အတူ ဆေးရုံမှ ဆင်းလာပြီလည်း ဖြစ်ပါတယ်။

ကိုလံဘီယာအတွက် ပွဲတစ်ရာကျော်ကစားထားတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကိုလံဘီယာကို ဦးဆောင်လာမယ့်သူ ဖြစ်ပါတယ်။

ကိုလံဘီယာဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းတွင် ပေါ်တူဂီ၊ ဒီမိုကရက်တစ်ကွန်ဂို၊ ဥဇဘက်ကစ္စတန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

image

နွေရာသီတွင် အက်စတွန်ဗီလာမှ ထွက်ခွာရန် တံခါးဖွင့်ပေးလာတဲ့ မော်ဂန်ရိုဂျာ
====================
မော်ဂန်ရိုဂျာဟာ နွေရာသီတွင် အက်စတွန်ဗီလာမှ ထွက်ခွာရန် တံခါးဖွင့်ပေးလာပါတယ်။ ယင်းသို့ ကစားသမားဘက်က အသင်းပြောင်းရေး တံခါးဖွင့်ပေးလာမှုနှင့်အတူ ချဲလ်ဆီး၊ လီဗာပူး၊ အာဆင်နယ်နှင့် ယူနိုက်တက်တို့လည်း အလယ်တန်းကစားသမားအား ခေါ်ယူရေး ကြိုးပမ်းလာကြဖို့ ရှိပါတယ်။

အသက် ၂၃ နှစ်ရှိ အလယ်တန်းကစားသမားရိုဂျာဟာ အလယ်တန်းတိုက်စစ်တွင်သာမက တောင်ပံကစားသမားအဖြစ်လည်း ကစားနိုင်စွမ်းရှိသူ ဖြစ်ပြီး သောမတ်စ်တူချယ်လက်ထက်တွင် အင်္ဂလန်အသင်းရဲ့အရေးပါတဲ့ ကစားသမားအဖြစ် ကစားခွင့် ရနေသူလည်း ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၄ ဂိုးသွင်းပြီး ၁၅ ကြိမ်အထိ ဖန်တီးမှု ပြုလုပ်နိုင်ပြီးနောက် ဗီလာရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစာသမားဆုအား ဆွတ်ခူးခဲ့သလို PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစာသမားဆုတို့ကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

သူဟာ ယခုရာသီတွင်လည်း ဗီလာနှင့် အတူ ဆက်လက်ခြေစွမ်းပြနေကာ ပရီးမီးယားလိဂ်တွင် ၈ ဂိုးအပါအဝင် ပြိုင်ပွဲအရပ်ရပ် ၁၀ ဂိုးအထိ သွင်းထားနိုင်မှုကြောင့် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။

ဗီလာဟာ အသင်းနှင့် ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ရိုဂျာကို ဆက်လက် ထိန်းထားလိုပေမယ့်လည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါက ဆက်လက်ထိန်းထားရေး ခက်ခဲလာပါမယ်။

တဖက်တွင် ဗီလာဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါက အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေလည်း ထိခိုက်လာမှာ ဖြစ်လို့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိလာပါက ရိုဂျာကို ရောင်းချလာဖို့ ရှိနေပါတယ်။

image