ဖိအားများနှင့် ရင်ဆိုင်နေရတဲ့ ဝုဗ်ဥက္ကဌ ရာထူးမှ နုတ်ထွက်
======================

ဖိအားများနှင့် ရင်ဆိုင်နေရတဲ့ ဝုဗ်ဥက္ကဌဂျက်ဖ်ရှီဟာ ရာထူးမှ နုတ်ထွက်လာပါတယ်။
အသက် ၄၈ နှစ်ရှိ ဂျက်ဖ်ရှီဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် ရမှတ် ၂ မှတ်တည်းသာ ရရှိကာ အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေပြီးနောက် ၁၀ နှစ်နီးပါး တာဝန်ထမ်းဆောင်လာတဲ့ ဝုဗ်ဥက္ကဌရာထူးမှ နုတ်ထွက်လာပါတယ်။
သူဟာ ဝုဗ်ကို ပိုင်ဆိုင်တဲ့ Fosun Sports Group ရဲ့ ဥက္ကဌနှင့် စီအီးအိုအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လာမှာ ဖြစ်ပေမယ့်လည်း ဝုဗ်တွင် တစုံတရာ တာဝန်ထမ်းဆောင်လာတော့မှာ မဟုတ်ပါဘူး။
သူ့နေရာတွင် ဂျက်ဖ်ရှီနှင့် တစုံတရာ ဆက်စပ်မှု မရှိတဲ့ နသန်ရှီက ယာယီဥက္ကဌအဖြစ် ဆောင်ရွက်လာပါမယ်။ နသန်ရှီမှာလည်း ၂၀၁၆ ခုနှစ်ကတည်းက Fosun Sports Group ပိုင်ရှင်များအတွက် အလုပ်လုပ်လာသူ ဖြစ်ပါတယ်။
ရှီဟာ Fosun Sports Group လက်အောက်တွင် ဝုဗ်မှာ တစုံတရာ တိုးတက်ခြင်း မရှိဘဲ တဖြည်းဖြည်းဆုတ်ယုတ်လာမှုကြောင့် ပရိသတ်များရဲ့ အပြင်းအထန် ဝေဖန်မှုများနှင့် ကြုံလာရသူလည်း ဖြစ်ပါတယ်။
ရှီရဲ ဦးဆောင်မှုအောက်တွင် ဝုဗ်ဟာ ၂၀၁၈ ခုနှစ်တုန်းက ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ၂၀၂၀ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်၊ ၂၀၁၉ ခုနှစ် အက်ဖ်အေဖလားဆီမီးဖိုင်နယ်သို့ တက်နိုင်ခဲ့တဲ့အပြင် အဆင့် ၇ နေရာတွင် ၂ ရာသီဆက် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဝုဗ်ပရိသတ်များဟာ ယခုရာသီ ရလဒ်ဆိုးရွားနေမှုနှင့်အတူ ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက ယူနိုက်တက်နှင့် ၄ ဂိုးစီသရေကျတဲ့ပွဲတွင် အဖွင့်ပွဲ ၁၅ မိနစ်အား မကြည့်ဘဲ ဥက္ကဌရှီကို သပိတ်မှောက်ခဲ့ကြပါတယ်။
ဝုဗ်ဟာ ယနေ့ညတွင် အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်အား ဧည့်ခံကစားရပါမယ်။

image

ပြန်ရောင်းလက်မှတ်ဖိုးငွေများအား ပရိသတ်များကို ပြန်ပေးရမယ့် အကြွေး‌များစွာ ရှိနေတဲ့ ဖီဖာ
===================

ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားလက်မှတ်ပိုင်ဆိုင်သူများက တရားဝင် Marketplace တွင် ပြန်လည် ရောင်းချထားတဲ့လက်မှတ်ဖိုးငွေအမြောက်အမြားတို့အား ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း သိရပါတယ်။
ဖီဖာဟာ လက်မှတ်ပြန်ရောင်းချလာတဲ့ ပရိသတ်များကို ရက် ၆၀ အတွင်း ငွေပြန်အမ်းမယ်လို့ ဆိုထားပေမယ့်လည်း အောက်တိုဘာလအစောပိုင်းကတည်းက လက်မှတ်ပြန်ရောင်းချထားသူအချို့တို့ဟာ ယခုတိုင် လက်မှတ်ဖိုးငွေ ပြန်မရသေးပါဘူး။
လက်မှတ်ဈေးနှုန်းမြင့်မားစွာ သတ်မှတ်မှုကြောင့် အပြင်းအထန် ဝေဖန်မှုများ ကြုံခဲ့ရတဲ့ ဖီဖာဟာ လက်မှတ်ဖိုးငွေ ပြန်မအမ်းသေးမှုနှင့်ပတ်သက်ပြီး တစုံတရာ ပြောဆိုခြင်း မရှိသေးပါဘူး။
တဖက်တွင် ဖီဖာဟာ ဘဏ်အချက်အလက်များ လိုအပ်နေခြင်းကြောင့် ပရိသတ်များကို လက်မှတ်ဖိုးငွေ ပြန်မအမ်းသေးတာလို့ ယူဆရပါတယ်။
ဖီဖာဟာ စက်တင်ဘာလတုန်းက အကြိုရောင်းချမှုအနေဖြင့် လက်မှတ်စောင်ရေ ၁ သန်း ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းလက်မှတ်များကို Visa ကတ်ကိုင်ဆောင်ထားသူများသာ ဝယ်ယူထားနိုင်တာ ဖြစ်ပြီး ယခု ငွေပြန်မအမ်းမှုကြောင့် ပရိသတ် အရေအတွက် ဘယ်လောက် ထိခိုက်နစ်နာသလဲဆိုတာ အတိအကျ ပြောရခက်ပါတယ်။
အင်္ဂလန်ပရိသတ် အီယန်ကတော့ တိုရန်တိုတွင် ကစားမယ့် ကနေဒါရဲ့ အဖွင့်ပွဲအတွက် လက်မှတ်တစ်စောင်အား ပေါင် ၆၅၀ ဖြင့် လွန်ခဲ့တဲ့ ၆၅ ရက်ကတည်းက ရောင်းချခဲ့ခြင်း ဖြစ်ပေမယ့်လည်း ယခုတိုင် ငွေ မရသေးပါဘူး။
ဒါ့အပြင် အမည်မဖော်လိုသူ မက္ကဆီကို ပရိသတ်တစ်ဦးကလည်း လွန်ခဲ့တဲ့ ရက် ၆၀ ကျော်ကတည်းက လက်မှတ် ပေါင် ၈၀၀၀ ကျော်ဖိုး ပြန်ရောင်းခဲ့ပေမယ့် ငွေ ပြန်မရသေးပါဘူး။
ငွေမရသူအချို့တို့ကို ပြီးခဲ့တဲ့လတုန်းက ဖီဖာက ဘဏ်ဆိုင်ရာအချက်အလက်များအား ပေးပို့ရန် အီးမေးလ်ပို့ခဲ့ပြီး ယင်းငွေများကို နဂို ဘဏ်စာရင်းထဲသို့ ပြန်ထည့်သွင်းပေးမယ်လို့ ဆိုထားပါတယ်။
ဖီဖာဟာ လက်မှတ်ပြန်လည်ရောင်းချနိုင်မယ့် ဈေးကွက်အား အောက်တိုဘာလ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဖီဖာဟာ ကမ္ဘာဖ့လားလက်မှတ်များ မှောင်ခိုဈေးကွက်သို့ မရောက်စေရေးအတွက် ယင်းဈေးကွက်ကို ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဖီဖာဟာ ရောင်းသူ ဝယ်သူတို့ထံမှ ၁၅ ရာခိုင်နှုန်းကိုလည်း ရယူပါတယ်။
သို့သော် ပရိသတ်အချို့တို့က ပြန်ရောင်းချလာတဲ့ လက်မှတ်များကို တရားမဝင်မှောင်ခိုလက်မှတ်ဝက်ဘ်ဆိုက်များတွင် ပြန်လည်ရောင်းချနေတာလည်း တွေ့ရပါတယ်။

image

မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးရေးအတွက် မြင်းစီးဝါသနာကို စွန့်လွှတ်ထားတဲ့ ဆာဗင်ဟို
=====================

ဆာဗင်ဟိုဟာ မန်စီးတီးအား ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေး ကူညီနိုင်ရန်အတွက် သူ့ဝါသနာရင်းဖြစ်တဲ့ မြင်းစီးမှုအား စွန့်လွှတ်ထားပါတယ်။
ဆာဗင်ဟိုရဲ့ မန်စီးတီးဟာ ယနေ့တွင် အီတီဟတ်ကွင်းတွင် ဝက်စ်ဟမ်းကို ဧည့်ခံကစားရမှာ ဖြစ်ပြီး အနိုင်ရရှိပါက အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းကာ အာဆင်နယ်ကို ဖိအားပေးလာနိုင်ပါမယ်။
လက်ရှိအချိန်တွင် ဂျီရီမီဒိုကူမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့အပြင် အိုမာမာမွတ်ရှ်မှာလည်း အီဂျစ်နှင့်အတူ အာဖရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် ထွက်ခွာသွားရာ ဆာဗင်ဟိုမှာ မန်စီးတီးတိုက်စစ်တွင် အရေးပါသူ ဖြစ်လာပါမယ်။
အသက် ၂၁ နှစ်ရှိ ဂီရိုနာတောင်ပံကစားသမားဟောင်းက "ဒီနေ့တွေမှာ မြင်းမစီးဖြစ်တော့ပါဘူး။ ဒါပေမယ့် အရင်တုန်းကတော့ အများကြီး စီးဖြစ်တယ်။ ဒီအတွက်ပဲ အိမ်ပြန်ရတာ ပျော်တယ်။ မြင်းစီးရတာ သဘောကျတယ်။ အခု ဘောလုံးအပေါ်မှာပဲ အာရုံစိုက်တယ်။ ဒါပေမယ့် မြင်းက ကျွန်တော့်ဘဝကြီးပြင်းမှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဆာဗင်ဟိုက အချိန်ကြာမြင့်စွာ လုပ်ချင်လာခဲ့တဲ့ နွားရိုင်းစီးမှုအား တချိန်တွင် ပြုလုပ်လာနိုင်ကြောင်းလည်း ဆိုသွားပါတယ်။
ဆာဗင်ဟိုက "တခါမှတော့ မကြိုးစားဖူးဘူး။ အရမ်းအန္တရာယ်များလို့ပါ။ ဘောလုံးသမားသာ မဟုတ်ဘူးဆိုရင် ကြိုးစားချင်မိမှာပဲ။ ယာထဲမှာ ကြီးပြင်းလာတာဆိုတော့ ဒီကြောင်း အားလုံးသိပါတယ်"လို့ ပြောကြားသွားပါတယ်။
ဆာဗင်ဟိုဟာ နွေရာသီတုန်းက စပါးစ်သိ့ ပြောင်းလုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း နောက်ဆုံးတွင် မန်စီးတီးနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။

image

အရှင်တေဇောသာရ(ဘုရားရှင့်ခိုးမေတ္တာပို့)
အရှင်တေဇောသာရ(ဘုရားရှင့်ခိုးမေတ္တာပို့)
#တရားတော်များ
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

ဖီဖာရဲ့ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခြင်းခံရမှုကြောင့် ထိုးနှက်ချက် ကြုံလာရတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr
======================

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် မဖွင့်မီ ဖီဖာရဲ့ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံလာရမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
ဖီဖာဟာ ကစားသမားသစ်မှတ်ပုံတင်ခွင့် မပေးတဲ့ ကလပ်စာရင်းကို ကြေညာလာရာ ခရစ္စတီယာနိုရော်နယ်ဒို ဦးဆောင်နေတဲ့ Al Nassr လည်း ပါဝင်နေပါတယ်။
Al Nassr ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားခေါ်ယူခွင့်သာ ပိတ်ပင်ခံရတာ မဟုတ်ပါဘူး။ ၎င်းတို့ဟာ ဖီဖာက အရေးယူမှု မဖယ်ရှားသရွှေ့ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံလာရမှာလည်း ဖြစ်ပါတယ်။
Al Nassr နှင့်အတူ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံရတဲ့ ဆော်ဒီကလပ်များအဖြစ် Al Shabab ၊ Damac နှင့် Al Riyadh တို့လည်း ပါဝင်နေပါတယ်။
Al Nassr ဟာ ခရစ္စတီယာနိုရော်နယ်ဒို ရောက်လာပြီး လအနည်းငယ်အကြာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကလည်း အာမက်မူဆာအတွက် အပိုဆုကြေးအား လက်စတာကို ပေးရန် ငြင်းဆိုမှုကြောင့် ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခြင်းခံခဲ့ရဖူးပါတယ်။
Al Nassr ဟာ ၂၀၁၈ ခုနှစ်တုန်းက မူဆာကို ပေါင် ၁၄ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် အမှတ်ပေးဖလား ဆွတ်ခူးခဲ့ပေမယ့်လည်း စာချုပ်ပါအချက်အတိုင်း စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ထပ်မံပေးရမယ့် ပေါင် ၃၉၀၀၀၀ အား လက်စတာအား ပေးရန် ပျက်ကွက်ခဲ့တာပါ။
Al Nassr ဟာ ၂၀၂၁ ခုနှစ်တွင် ဖီဖာရဲ့ ပြင်းထန်စွာ သတိပေးခြင်းခံခဲ့ရပေမယ့် ပေးရန် ဆက်လက် ပျက်ကွက်မှုကြောင့် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံလာရတာပါ။
Al Nassr ဟာ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံရပြီးနောက် စုစုပေါင်း ယူရို ၂ သန်းအထိ ပေးကာ ဖြေရှင်းခဲ့ရပါတယ်။
ယခုတစ်ကြိမ်တွင် Al Nassr ဟာ ဘယ်လိုအကြောင်းကြောင့် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံလာရသလဲဆိုတာ အတိအကျတော့ မသိသေးပါဘူး။
Al Nassr ဟာ ယခုရာသီတွင် ဆော်ဒီပရိုလိဂ်အဖွင့်ပွဲ ၉ ပွဲလုံးအနိုင်ရရှိကာ ၂၇ မှတ်ဖြင့် ဦးဆောင်ထားနိုင်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုရာသီတွင် Al Nassr အတွက် ၁၂ ပွဲကစားထားရာတွင် ၁၁ ဂိုးသွင်းကာ ၂ ကြိမ် ဖန်တီးထားနိုင်ပါတယ်။

image

၂၀၂၈ ခုနှစ်မှ စတင်ကာ အာဖရိကဖလားပြိုင်ပွဲကို လေးနှစ်တစ်ကြိမ်စနစ်ဖြင့် ကျင်းပသွားမည်
======================

အာဖရိကဖလားပြိုင်ပွဲကို ၂၀၂၈ ခုနှစ်မှ စတင်ကာ လေးနှစ်တစ်ကြိမ် ကျင်းပသွားတော့မှာ ဖြစ်ကြောင်း အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဌပက်ထရစ်မော့ဆီပီက ကြေညာလာပါတယ်။
အာဖရိကဖလားပြိုင်ပွဲကို ၁၉၆၈ ခုနှစ်မှ စတင်ကာ နှစ်နှစ် တစ်ကြိမ် ကျင်းပလာခဲ့တာ ဖြစ်ပြီး ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်တုန်းကမူ တစ်နှစ်သာ ခြားကာ ကျင်းပခဲ့ပါတယ်။
ဒါပေမယ့် အာဖရိကဖလားပြိုင်ပွဲကို ၂၀၂၇ ခုနှစ်ပြိုင်ပွဲနှင့် ၂၀၂၈ ခုနှစ်ပြိုင်ပွဲအပြီးမှာတော့ လေးနှစ်တစ်ကြိမ်စီ ကျင်းပလာတော့မှာ ဖြစ်ပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၉ ခုနှစ်မှ စတင်ကာ အာဖရိကနေးရှင်းလိဂ်ပြိုင်ပွဲကျင်းပလာပါမယ်။
တဆက်တည်းတွင် အာဖရိကဘောလုံးအဖွဲချုပ်က လာမယ့် ၂၀၂၅ ခုနှစ် အာဖရိကဖလားချန်ပီယံအား ဒေါ်လာ ၇ သန်းမှ ဒေါ်လာ ၁၀ သန်းသို့အထိ တိုးမြှင့်ချီးမြှင့်လာမယ်လို့လည်း ကြေညာသွားပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ တနင်္ဂနွေနေ့တွင် ရာဘက်တွင် အာဖရိကဖလားပြိုင်ပွဲ စတင်မီ အမှုဆောင်ကော်မတီတွေ့ဆုံဆွေးနွေးမှုအပြီးတွင် ၂၀၂၈ ခုနှစ်နောက်ပိင်းတွင် လေးနှစ်တစ်ကြိမ်စီကျင်းပမယ့်အကြောင်းနှင့် ဆုကြေးတိုးမြှင့်ကြောင်း ကြေညာလာတာပါ။
အာဖရိကဖလားပြိုင်ပွဲကို ဥရောပဘောလုံးရာသီ တစ်ဝက်တွင် ကျင်းပခြင်းဖြစ်ရာ ဥရောပအခြေစိုက်ကလပ်များ အခက်တွေ့လာခဲ့တာ ကြာမြင့်လာပြီလည်း ဖြစ်ပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၁၉ ခုနှစ်တုန်းက ဇွန်လနှင့် ဇူလိုင်လတို့တွင် ကျင်းပရန် စီစဉ်ခဲ့ပေမယ့်လည်း ကိုဗစ်ကပ်ရောဂါ၊ ရာသီဥတုအခြေအနေတို့ကြောင့် ၂၀၂၁ နှင့် ၂၀၂၃ ခုနှစ် ကင်မရွန်း၊ အိုင်ဗရီကိ့စ်တို့ အိမ်ရှင်ကျင်းပတဲ့ ပြိုင်ပွဲများအား ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် ကျင်းပခဲ့ရပါတယ်။
တဖက်တွင် ဖီဖာဟာ ဇွန်လနှင့် ဇူလိုင်လတုန်းက ကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအား ၃၂ သင်းဖြင့် တိုးမြှင့်ကျင်းပလာမှုနှင့်အတူ အာဖရိကဖလားပြိုင်ပွဲကိုလည်း ရာသီတစ်ဝက်ကျိုးချိန်တွင် ကျင်းပလာရပြန်ပါတယ်။
ဒါ့အပြင် ယခုနှစ် မော်ရိုကိုတွင် ကျင်းပလာမယ့် အာဖရိကဖလားပြိုင်ပွဲကို ခရစ္စမတ်မတိုင်မီ စတင်ကျင်းပလာရပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် ဗိုလ်လုပွဲ ကျင်းပလာပါမယ်။
လက်ရှိအချိန်တွင် အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၇ ခုနှစ် ကန်ညာ၊ တန်ဇာနီးယား၊ ယုဂန္ဒာတို့က အိမ်ရှင်အဖြစ် ကျင်းပလာမယ့် ပြိုင်ပွဲကျင်းပမယ့် ကာလကို မကြေညာသေးပါဘူး။
လေးနှစ်တစ်ကြိမ် ကျင်းပလာမယ့် အာဖရိကဖလားပြိုင်ပွဲမတိုင်မီ နောက်ဆုံး ယှဉ်ပြိုင်လာမယ့် ၂၀၂၈ ခုနှစ် ပြိုင်ပွဲအတွက် အိမ်ရှင်ကိုလည်း ရွေးချယ်ရခြင်း မရှိသေးပါဘူး။
ယင်းနောက် အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၉ ခုနှစ်မှ စတင်ကာ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အာဖရိကနေးရှင်းလိဂ်ကစားသွားပါမယ်။
ယင်းပြိုင်ပွဲတွင် အာဖရိကဘောလုံးအဖွဲ့ချုပ်ဝင် ၅၄ သင်းအား ဇုန် ၄ ခုဖြင့် ကျင်းပလာပါမယ်။
ပွဲများကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကစားစေကာ ဇုန်တစ်ခုစီမှ ချန်ပီယံအား နိုဝင်ဘာလတွင် အဖြေထုတ်ကစားစေပါမယ်။ ယင်းနောက်မှာမှ နောက်ထပ် ဗိုလ်လုပွဲ ကစားစေပါမယ်။

image

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂိုးသွင်းစံချိန်အား ကိုင်လီယန်ဘက်ပေးလိုက်မီလာ
=======================

ကိုင်လီယန်ဘက်ပေးဟာ စနေနေ့ညတုန်းက ဘာနေဗျူးကွင်းတွင် ဆီဗီလာအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပင်နယ်တီမှ တဆင့် ဂိုးသွင်းယူပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ တစ်နှစ်အတွင်း ၅၉ ဂိုးသွင်းယူတဲ့ စံချိန်အား လိုက်မီလာကာ အသက် ၂၇ နှစ်ပြည့် မွေးနေ့အား အလှပဆုံးအောင်ပွဲခံလာပါတယ်။
ဘက်ပေးဟာ ဆီဗီလာနှင့်ပွဲတွင် အခွင့်အရေးများစွာ ဖြုန်းတီးပစ်ခဲ့ပြီးတဲ့နောက် ပွဲပြီးရန် ၄ မိနစ်အလိုတွင် ပင်နယ်တီမှ တဆင့် ရီးရဲလ်မက်ဒရစ်ရဲ့ ဒုတိယအနိုင်ဂိုးအား သွင်းယူလာခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းဂိုးက ကိုင်လီယန်ဘက်ပေးအတွက် ယခု ၂၀၂၅ ခုနှစ်အတွင်း ပြိုင်ပွဲအရပ်ရပ် ၅၉ ဂိုးမြောက်ဂိုးသွင်းယူလာခဲ့တာလည်း ဖြစ်ပါတယ်။ ဘက်ပေးဟာ ၂၀၁၃ ခုနှစ်တုန်းက ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ၅၉ ဂိုးစံချိန်ကို လိုက်မီလာတာလည်း ဖြစ်ပါတယ်။
ဘက်ပေးက "ဒီကနေ့က ကြီးကျယ်တဲ့နေ့တစ်နေ့ပါ။ ဒီစံချိန်ကြောင့်ပါ။ ကျွန်တော့်ပထဆုံးနေ့မှာပဲ ခရစ္စတီယာနိုလုပ်ခဲ့တာကို လုပ်နိုင်ခဲ့တယ်။ ကျွန်တော့်စံပြကစားသမားပါ။ ရီးရဲလ်မက်ဒရစ်ရဲ့ အကောင်းဆုံးကစားသမားစာရင်းဝင်ပါ။ ကမ္ဘာ့ဘောလုံးလောကရဲ့ စံနမူနာပါ။ ကျွန်တော့်အတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
မနေ့ညကပွဲတွင် ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးအား ဂျူ့ဘယ်လင်ဂမ်က ရိုဒရီဂိုရဲ့ ဖရီးကစ်ကနေ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဆီဗီလာဟာ ပွဲချိန် ၂၂ မိနစ်တွင် မာကာအို နှစ်ဝါတစ်နီဖြင့် အထုတ်ခံရပြီးနောက် တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပါတယ်။
ဇာဘီအလွန်ဆိုဟာ ရလဒ်ဆိုးရွားမှုကြောင့် အနာဂတ် မရေမရာ ဖြစ်ခဲ့ပြီးနောက် နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပါတယ်။

image

ပေါင် ၁၂၅ သန်းတန်တိုက်စစ်မှူးအီဆက်ခ်ရဲ့ ဒဏ်ရာအခြေအနေအား အန်းဆလော့ ပြောကြားလာ
=======================

လီဗာပူးနည်းပြအန်းဆလော့ဟာ စနေနေ့တုန်းက စပါးစ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိကာ လူစားလဲခဲ့ရတဲ့ ပေါင် ၁၂၅ သန်းတန် တိုက်စစ်မှူးအလက်ဇန္ဒားအီဆက်ခ်ရဲ့ အခြေအနေအား ပြောကြားလာပါတယ်။
လီဗာပူးဟာ မြောက်လန်ဒန်တွင် ၉ ယောက်ကျန် စပါးစ်အား အလက်ဇန္ဒားအီဆက်ခ်၊ ဟူဂိုအီကီတီကီတို့ရဲ့ ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အလက်ဇန္ဒားအီဆက်ခ်ဟာ ပွဲချိန်မိနစ် ၆၀ တွင် ဒဏ်ရာရရှိကာ ဂျီရီမီဖရမ်းပေါင်နှင့် လူစားလဲလှယ်မှု ပြုလပ်ခဲ့ရပါတယ်။
ယခုအခါ အန်းဆလော့က "ပွဲပြီးခါစဆိုတော့ ပြောဖို့ နည်းနည်းစောသေးတယ်။ ဒါပေမယ့် ကစားသမားတစ်ဦး လူစားလဲလိုက်ရတာ ဘယ်တုန်းကမှ မကောင်းပါဘူး။ ဆယ်ယောက်တည်းနဲ့ မကစားချင်လို့ ဖရမ်းပေါင်ကို လူစားလဲလိုက်တာပါ။ ဒီတော့ ဒဏ်ရာက အဆင်ပြေပါတယ်။ အခြားနှစ်ယောက်(အီဆက်ခ်နဲ့ကော်နာဘရက်ဒလေ)အခြေအနေကိုတော့ စောင့်ကြည့်ရမယ်။ တခုကောင်းတာက နောက်တစ်ပွဲကစားဖို့ တစ်ပတ်အချိန်ရသေးတာပါ။ လာမယ့်အပတ်ပွဲအတွက် ကစားသမားတွေ အလုံအလောက် ရှိနေဖို့ မျှော်လင့်ပါတယ်"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ ခရစ္စမတ်ပွဲကြပ်ကာလအဖြစ် ၁၂ ရက်အတွင်းတွင် ပရီးမီးယားလိဂ်ပွဲ ၃ ပွဲကစားရပါမယ်။ ၎င်းတို့ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အန်ဖီးလ်မှာ ဝုဗ်ကို ဧည့်ခံကစားရမှာ ဖြစ်ပြီး နှစ်သစ်ကူးနေ့တွင် လိဒ်အား ဧည့်ခံကစားရပါမယ်။ ပြီးလျှင် လီဗာပူးဟာ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖူလ်ဟမ်နှင့်လည်းကောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် အာဆင်နယ်ကိုလည်းကောင်း အဝေးကွင်းသို့ သွားရောက် ကစားရပါမယ်။

image

ဒိုင်လူကြီးသာ သူ့အလုပ်သူလုပ်လျှင် ရိုမီယို အနီကတ်ပြသခံရမည်မဟုတ်ဟု စပါးစ်နည်းပြဖရန့် ဝေဖန်လာ
====================

စပါးစ်နည်းပြသောမတ်စ်ဖရန့်က ဒိုင်လူကြီးဂျွန်ဘရော့ခ်သာ သူ့အလုပ်သူ လုပ်လျှင် ခရစ္စတီယန်ရိုမီယိုမှာ အနီကတ်ပြသခံရမည်မဟုတ်ကြောင်း ပြောကြားလာပါတယ်။
စပါးစ်ဟာ မနေ့ညတုန်းက လီဗာပူးအား ဧည့်ခံကစားရတဲ့ပွဲစဉ်တွင် ဇာဗီးဆိုင်မွန် အနီကတ်ပြသခြင်းခံခဲ့ရလို့ ပထမပိုင်းမှာပင် တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပါတယ်။
လီဗာပူးဟာ ဒုတိယပိုင်းတွင် အလက်ဇန္ဒားအီဆက်ခ်နဲ့ ဟူဂိုအီကီတီကီတို့ရဲ့ ဂိုးတွေကြောင့် ပွဲကို ၂-၁ ဖြင့် ဦးဆောင်လာနိုင်ခဲ့ပြီး ၈၃ မိနစ်တွင် ရီချက်လီဆင်ရဲ့ ချေပဂိုးကြောင့် စပါးစ်တို့ မျှော်လင့်ချက် အနည်းငယ်လင်းလက်လာခဲ့ပါတယ်။
ဒါပေမယ့် နာကျင်အချိန်ပိုမှာတော့ စပါးစ်တို့ ချေပဂိုးရရှိရေး ကြိုးပမ်းနေချိန်တွင် အသင်းခေါင်းဆောင်ရိုမီယိုမှာ အီဘရာဟမ်ကိုနာတေးအား ဖျက်ထုတ်မှုအတွက် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရပါတယ်။
ရိုမီယိုဟာ ပထမဆုံးအဝါကတ်အား ဟူဂူအီကီတီကီမှာ လီဗာပူးရဲ့ ဒုတိယဂိုးအား မသွင်းမီ သူ့ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး စောဒကတက်ခဲ့မှုကြောင့် ပြသခြင်းခံခဲ့ရတာပါ။
ဖရန့်က "ဂျွန်ရဲ့ ကြီးမားတဲ့အမှားတစ်ခု ဖြစ်တယ်။ အီကီတီကီက လက်နှစ်ဖက်ရဲ့ တွန်းခဲ့တာ။ သူ ဘာလို့ မဖြစ်လဲ နားမလည်နိုင်အောင်ပဲ။ ကံကောင်းတာက ကျွန်တော်တို့မှာ VAR ရှိတယ်။ လိုအပ်တဲ့အချိန် ထုတ်သုံးတယ်။ ဒါပေမယ့် သူတို့ မသုံးခဲ့ဘူး။ ဒါက ဒုတိယအမှားပါ။ ပြန်ပြောရရင်(လီဗာပူးရဲ့ဒုတိယဂိုး) ဒိုင်သာ သူ့အလုပ်သူ လုပ်ခဲ့ရင် သူ(ရိုမီယို)လည်း ပထမအဝါကတ်ပြသခံရမှာ မဟုတ်ပါဘူး။ ဒီလိုပြောတာ မမှန်ဘူးလား"လို့ ပြောကြားသွားပါတယ်။
စပါးစ်ဟာ လီဗာပူးကို ရှုံးနိမ့်ပြီးနောက် ၂၀၂၅ ခုနှစ်အတွင်းတွင် ပရီးမီးယားလိဂ်အိမ်ကွင်း ၁၁ ပွဲ ရှုံးနိမ့်လာခဲ့တာ ဖြစ်ပြီး သမိုင်းတွင် တစ်နှစ်အတွင်း အများဆုံးအိမ်ကွင်းရှုံးပွဲ ကြုံတွေ့လာတာလည်း ဖြစ်ပါတယ်။
နွေရာသီတုန်းကလည်း ပိုစတီကိုဂလူနေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတဲ့ သောမတ်စ်ဖရန့်မှာလည်း လီဗာပူးရှုံးပွဲကြောင့် ဖိအားများ ပိုမိုကျရောက်လာပြီ ဖြစ်ပါတယ်။
နွေရာသီတုန်းက စပါးစ်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ရိုမီယိုဟာ စပါးစ်အတွက် ပရီးမီးယားလိဂ်ပွဲ ၁၁၄ ပွဲ ကစားထားရာမှာ အဝါကတ် ၃၄ ကတ်၊ အနီကတ် ၃ ကတ်ပြသခြင်းခံထားရပြီလည်း ဖြစ်ပါတယ်။
စပါးစ်ဟာ ဘုန်းမောက်နှင့်အတူ ယခုရာသီတွင် အဝါကတ် ၄၂ ကတ်ဖြင့် အများဆုံးပြသခြင်းခံထားရတဲ့အသင်းအဖြစ် ပူးတွဲ ရပ်တည်နေပြီး ယင်းမှ ၉ ကတ်က ရိုမီယိုပြသခြင်းခံထားရတာပါ။

image

ဘယ်အသင်းမှ မလိုချင်တဲ့ စံချိန် ပိုင်ဆိုင်လာတဲ့ နိုင်ပွဲပျောက် ဝုဗ်
=====================

ဝုဗ်ဟာ စနေနေ့ညတုန်းက Molineux Stadium တွင် ဘရန့်ဖို့ဒ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဘယ်အသင်းမှ မလိုချင်တဲ့ စံချိန်ဆိုးကို ပိုင်ဆိုင်လာခဲ့ရပြီ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ဟာ ကိန်းလီဝစ်ပေါ်တာရဲ့ အနိုင်ဂိုး ၂ ဂိုးဖြင့် ဝုဗ်ကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ကိန်းလီဝစ်ပေါ်တာဟာ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဂိုးသွင်းလာခဲ့တာလည်း ဖြစ်ပါတယ်။
ဝုဗ်ဟာ ဂျော်ဂျင်စထရန်းလာဆင်ရဲ့ နောက်ကျပင်နယ်တီ ကာကွယ်ခံရမှုနှင့်အတူ ချေပဂိုးတောင် မရဘဲ အရေးနိမ့်ခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် ဝုဗ်ဟာ ပရီးမီးယားလိဂ် ၁၀ ပွဲဆက်တိုက် ရှုံးနိမ့်လာကာ ရာသီအစ ၁၇ ပွဲဆက် နိုင်ပွဲပျောက်မှုအများဆုံးစံချိန်တစ်ခုကို လိုက်မီလာပါတယ်။
ဝုဗ်ဟာ ၂၀၂၀-၂၁ ရာသီတုန်းက ရှက်ဖီးလ်ယူနိုက်တက်ရဲ့ ရာသီအစ ၁၇ ပွဲဆက်နိုင်ပွဲပျောက်တဲ့ စံချိန်ကို လိုက်မီလာခဲ့တာလည်း ဖြစ်ပါတယ်။
ရမှတ် ၂ မှတ်ဖြင့် အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေတဲ့ ဝုဗ်ဟာ ဒါဘီကောင်တီရဲ့ ပရီးမီးယားလိဂ္ ၁၁ ပွဲဆက် ရှုံးပွဲစံချိန်ကို လိုက်မီဖို့ ၁ ပွဲတည်းသာလိုပါတော့တယ်။
၎င်းတို့ဟာ ယခုနှစ်မကုန်ခင် လီဗာပူး၊ ယူနိုက်တက်တို့အား အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်လို့ အခြေအနေ ပိုမိုဆိုးရွားလာနိုင်တဲ့ အခြေဆိုက်နေပါတယ်။

image