လန်းစ်အသင်း ပြင်သစ်လိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို (၂၁)နှစ်အတွင်း ပထမဆုံးအကြိမ် ရယူ

လန်းစ်အသင်းဟာ အခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လီဂူးပြိုင်ပွဲမှာ အန်ဂါစ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပြင်သစ်လိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို (၂၁)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။
အခုတစ်ပတ် ပြင်သစ်လီဂူးပွဲစဉ်(၁၄)မှာ PSG က မိုနာကိုကို ရှုံးနိမ့်ခဲ့သလို၊ မာဆေးလ်ကလည်း တူးလူးနဲ့ သရေကျခဲ့တာကြောင့် (၄)ပွဲဆက်အနိုင်ရခဲ့တဲ့ လန်းစ်အသင်းက ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လန်းစ်အသင်းဟာ နောက်ဆုံး(၁၀)ပွဲမှာလည်း (၈)ပွဲအထိ အနိုင်ရခဲ့ပြီး ဒီရာသီ ပြင်သစ်လိဂ်မှာ နိုင်ပွဲ(၁၀)ပွဲပြည့်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
လန်းစ်အသင်းဟာ ၂၀၀၄ ခုနှစ် သြဂုတ်လတုန်းက အမှတ်ပေးဇယားထိပ်ဆုံးနေရာ ရောက်ရှိခဲ့ပြီးနောက် (၂၁)နှစ်ကြာမှ တစ်ကျော့ပြန်တက်လှမ်းနိုင်ခဲ့တာပါ။
လန်းစ်အသင်းကို ဒီနွေမှာမှ စတင်ကိုင်တွယ်ခဲ့တဲ့ ပြင်သစ်နည်းပြ ပီးယားဆက်ကတော့ (၁၄)ပွဲအပြီး ထိပ်ဆုံးနေရာရောက်ရှိတာဟာ အလုပ်ပြီးမြောက်တာမဟုတ်ပေမဲ့ စိတ်ကူးယဉ်ခွင့်ရရှိတဲ့အတွက် အလွန်ပျော်ရွှင်တယ်လို့ ပြောကြားခဲ့ပါတယ်။

image

ဆီးဂိမ်းစ်မှာ မြန်မာနဲ့ အဖွင့်ပွဲဆုံမယ့် ဖိလစ်ပိုင်အသင်း အာရှခြေစစ်ပွဲဝင်အသင်းကို အခြေခံလာမယ်

၂၀၂၅ ဆီးဂိမ်စ်ဘောလုံးပြိုင်ပွဲမှာ မြန်မာ ယူ-၂၂အသင်းနဲ့ အုပ်စုအဖွင့်ပွဲတွေ့ ဆုံမယ့် ဖိလစ်ပိုင် ယူ-၂၂အသင်းဟာ ၂၀၂၆ အာရှဖလား ယူ-၂၃ ပြိုင်ပွဲခြေစစ်ပွဲဝင်အသင်းကို အခြေခံဖွဲ့စည်းလာမှာဖြစ်ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်ဘောလုံးအဖွဲ့ချုပ် (PFF) ဟာ ၂၀၂၆ အာရှဖလား ယူ-၂၃ ပြိုင်ပွဲခြေစစ်ပွဲနဲ့ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတို့အတွက် ရည်ရွယ်ပြီး ပြီးခဲ့တဲ့သြဂုတ်လအတွင်းက အသက် (၄၂) နှစ်ရှိ စပိန်နိုင်ငံသားနည်းပြ မိုက်ကယ်မာတီနက်ဇ်အယ်ဗာရက်ဇ်ကို တာဝန်ပေးခန့်အပ်ထားပါတယ်။
စပိန်နိုင်ငံသားနည်းပြ မိုက်ကယ်မာတီနက်ဇ်ဟာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ပရိုလိုင်စင် ရရှိ ထားသူဖြစ်ပါတယ်။
စပိန်နိုင်ငံသားနည်းပြ မိုက်ကယ်မာတီနက်ဇ်လက်ထက်မှာ ဖိလစ်ပိုင် ယူ-၂၂ အသင်းဟာ ၂၀၂၆ အာရှဖလား ယူ-၂၃ ပြိုင်ပွဲခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အုပ်စုတွင်း သုံးပွဲကစား၊ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ခြောက်မှတ်နဲ့ ခြေစစ်ပွဲမအောင်ခဲ့ပါဘူး။
ဖိလစ်ပိုင် ယူ-၂၂ အသင်းဟာ အုပ်စုတွင်းမှာ တာဂျစ်ကစ္စတန်အသင်းကို (၁-ဝ) ဂိုး၊ နီပေါအသင်းကို (၄-ဝ) ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး ဆီးရီးယားအသင်းကို (၁-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
ဖိလစ်ပိုင် ယူ-၂၂ အသင်းကို အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ ဂျပန်၊ ထိုင်းနိုင်ငံတို့မှာ သွားရောက်ကစားနေတဲ့ ပြည်ပထွက်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားကြောင်း သိရပါတယ်။
ဖိလစ်ပိုင် ယူ-၂၂ အသင်းဟာ ပြည်ပထွက်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတာကြောင့် ၂၀၂၆ အာရှဖလား ယူ-၂၃ ပြိုင်ပွဲခြေစစ်ပွဲပြီးကတည်းက နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားထားခြင်းမရှိသေးကြောင်း သိရပါတယ်။

image

အာဆင်နယ်ကို စိန်ခေါ်ဖို့ ကျန်တဲ့အသင်းတွေအနေနဲ့ တိုးတက်ဖို့ လိုနေသေးတယ်လို့ အလန်ရှီးယား သုံးသပ်

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားက အာဆင်နယ်ကို စိန်ခေါ်ဖို့ ကျန်တဲ့အသင်းတွေအနေနဲ့ တိုးတက်ဖို့ လိုနေသေးတယ်လို့ သုံးသပ်ခဲ့ပါတယ်။
အလန်ရှီးယားက အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့ကပွဲမှာ တစ်ယောက်လျော့ချယ်လ်ဆီးကို အနိုင်မယူနိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဖေးဘရိတ်အသင်းဖြစ်ကြောင်း ပြသနိုင်ခဲ့သလို၊ ကျေနပ်စရာကောင်းတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းနိုင်ခဲ့ကြောင်းလည်း ဆိုခဲ့ပါတယ်။
''(၁၀)ယောက်ကျန် ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရချိန်မှာ သူတို့ ဒီထက်ပိုပြီး လုပ်နိုင်သင့်တယ်လို့ ငြင်းခုန်နိုင်ပါတယ်။ သူတို့အတွက် စိတ်ပျက်စရာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြင်ကွင်းကို ချဲ့ကြည့်မယ်ဆိုရင် သူတို့က ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ အရမ်းခက်ခဲတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ရတာပါ။ စပါးနဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားပြီး အနီးဆုံးပြိုင်ဘက် ချယ်လ်ဆီးကို အဝေးကွင်းမှာ သရေကစားခဲ့တာပါ။ ချယ်လ်ဆီးနဲ့ပွဲမှာ ပထမဦးစားပေးနောက်ခံလူတွေဖြစ်တဲ့ ဂါဘရီယဲလ်နဲ့ ဆာလီဘာတို့ကိုလည်း တစ်ပြိုင်နက်ဆုံးရှုံးထားရပါတယ်။ သူတို့ မပါနိုင်ချိန်မှာ ချယ်လ်ဆီးကို set-piece ကနေ ဂိုးပေးလိုက်ရတာ တိုက်ဆိုင်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ပြီးတော့ သူတို့ရဲ့ ပုံမှန်ခြိမ်းခြောက်မှုတွေကိုလည်း မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အာတေတာအနေနဲ့ နှစ်မှတ်လျော့သွားတယ်လို့ မြင်မှာမဟုတ်ပါဘူး'' လို့ အလန်ရှီးယားက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အလန်ရှီးယားက အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ နှစ်ပွဲဆက်သရေကျခဲ့ပေမဲ့ ပရီးမီးယားလိဂ်ရဲ့အတည်ငြိမ်ဆုံးအသင်းအဖြစ် (၅)မှတ်ဖြတ်ထားဆဲဖြစ်ကြောင်း၊ ဒါဟာ ပြိုင်ဘက်တွေအနေနဲ့ အာဆင်နယ်ကို စိန်ခေါ်နိုင်ဖို့ လိုအပ်နေသေးတယ်ဆိုတာ ပြသရာရောက်ကြောင်းလည်း BBC မှာ သုံးသပ်ရေးသားခဲ့ပါတယ်။

image

စီးရီးအေမှာ ပထမဆုံးအကြိမ် တစ်ပွဲတည်း
နှစ်ဂိုးသွင်းခဲ့တဲ့ ဗာဒီ

အင်္ဂလန်တိုက်စစ်မှူး ဗာဒီဟာ သူ့ကလပ် ခရီမိုနီဆီအသင်းအတွက် စီးရီးအေပြိုင်ပွဲမှာ ပထမဆုံးအကြိမ် တစ်ပွဲတည်း နှစ်ဂိုးသွင်းယူခဲ့ပါတယ်။
ဗာဒီက တစ်ဂိုးစီ သရေကျနေချိန် အသင်းအတွက် အနိုင်ဂိုးတွေ သွင်းပေးခဲ့တာဖြစ်ပြီး ဘိုလော့ဂ်နာအသင်းကို ပထမဆုံး အိမ်ကွင်းရှုံးပွဲ တွေ့စေ
ခဲ့ပါတယ်။
ဗာဒီဟာ ခရီမိုနီဆီအသင်းအတွက် ကိုးပွဲ ကစား
ထားပြီး လေးဂိုး သွင်းယူထားပါတယ်။
ဗာဒီ(၃၈ နှစ်)အနေနဲ့ ပြီးခဲ့တဲ့နွေရာသီက တစ်နှစ်စာချုပ်နဲ့ ရောက်ရှိလာပြီး တန်းမဆင်းရင်
တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။
စီးရီးအေတန်းတက်ကလပ် ခရီမိုနီဆီအသင်းဟာ ၁၃ ပွဲကစားပြီး ၁၇ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။
ဘိုလော့ဂ်နာအသင်းကတော့ ထိပ်ဆုံးမှာ ပူးတွဲဦးဆောင်နေတဲ့ အေစီမီလန်၊ နာပိုလီတို့နောက်
တစ်မှတ်ကွာကိုရောက်မယ့် အနေအထားကို လက်လွှတ်ခဲ့ရပါတယ်။

image

ဖြစ်နိုင်ပါက ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူလိုတယ်လို့ ဒေကို ပြောကြား

ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ဒေကိုက ဖြစ်နိုင်ပါက ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ မန်ယူအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး ရာသီကုန်မှာ ယူရို(၃၅)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။
ဒါပေမဲ့ ဘာစီလိုနာအသင်းက ဘဏ္ဍာရေးပြဿနာရှိနေတာကြောင့် ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူမလားဆိုတာ မသေချာသေးပါဘူး။
ရပ်ရှ်ဖို့ဒ်(၂၈ နှစ်)ဟာ မန်ယူအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး နည်းပြ အာမိုရင်မ်လက်ထက် အသင်းမှာရုန်းကန်လာရတာကြောင့် အငှားထွက်ကစားရတဲ့အခြေအနေကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းမှာ ရပ်ရှ်ဖို့ဒ် ရုန်းကန်ခဲ့ရတာဟာ အသင်းက ပြန်လည်တည်ဆောက်မှု ပြုလုပ်ရတဲ့အချိန်မှာ တောင်းဆိုမှုအခံရဆုံး ဦးဆောင်ကစားသမားတစ်ယောက် ဖြစ်နေတာကြောင့်လို့လည်း ဒေကိုက သုံးသပ်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းနဲ့ အနာဂတ်ကိုတော့ ''သူ ဘာစီလိုနာမှာ ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို သူသိထားပါတယ်။ သူက တိုက်စစ်သုံးနေရာစလုံးမှာ ကစားနိုင်သူဖြစ်တာကြောင့် သူ့ကို ခေါ်ယူခဲ့တာပါ။ ဖြစ်နိုင်ရင် အပြီးသတ်ခေါ်ယူချင်ပါတယ်'' လို့ ဒေကိုက ပြောကြားခဲ့ပါတယ်။

image

မက်ဆီဟာ မိမိအတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ကြောင်း ယမားလ် ပြောကြား

ဘာစီလိုနာကြယ်ပွင့် လာမင်းယမားလ်က အသင်း
ဂန္ထဝင် မက်ဆီဟာ မိမိအတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက မက်ဆီနဲ့ နှိုင်းယှဉ်နေမှုတွေကိုလည်း
မလိုချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
''မေးခွန်းတွေ ရှိနေတယ်ဆိုတာ ကျွန်တော်
သိပါတယ်။ ကျွန်တော် သူ့ကို လေးစားပါတယ်။
သူ ဖြစ်ခဲ့တာတွေ၊ ဘောလုံးအတွက် သူက
ဘာလဲဆိုတာတွေကိုပေါ့။ ကျွန်တော်တို့ဟာ
ကွင်းထဲမှာ ဆုံတွေ့ရင်လည်း အပြန်အလှန်
လေးစားမှု ရှိရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဘောလုံးသမားတွေ ဖြစ်လို့ပါ။ ကျွန်တော့်အဖို့ သူဟာ သမိုင်းမှာ အကောင်းဆုံး
ပါပဲ။ သူလည်း ကျွန်တော့်ကို ကစားသမားတစ်ဦးအဖြစ် သိထားပြီး ကျွန်တော်ကလည်း သူ့ကို လေးစားမှု ရှိပါတယ်။ ဒါက အပြန်အလှန် လေးစား
မှုပါ။ ကျွန်တော်ဟာ မက်ဆီ မဖြစ်ချင်ဘူးဆိုတာ
နှစ်ဦးစလုံး သိထားပါတယ်။ ကျွန်တော့်လမ်းကိုပဲ ကျွန်တော် လျှောက်ချင်ပါတယ်။ ဒါပါပဲ။ သူ့လို ကစားလိုစိတ်လည်း ကျွန်တော့်မှာ မရှိပါဘူး။
ကျောနံပါတ် ၁၀ ကလည်း သူ ဝတ်ဆင်ခဲ့လို့ဆိုတာမျိုးလည်း မဟုတ်ပါဘူး''လို့ ယမားလ်က CBS
ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ယမားလ်ဟာ လက်ရှိမှာ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဆက်ခံရယူထားပြီး နှစ်ဦးစလုံး လာမာစီယာအကယ်ဒမီထွက်လည်း ဖြစ်ကြ
ပါတယ်။
၎င်းတို့နှစ်ဦးဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား
ပြိုင်ပွဲမှာ မိခင်နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ရနိုင်ခြေလည်း ရှိနေပါတယ်။

image

ဆီဗီလာနှင့် ဘက်တစ်တို့ရဲ့ဒါဘီပွဲတွင် ပရိသတ်များ ပစ္စည်းများဖြင့် ပစ်ပေါက်မှုကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရ
====================

ဆီဗီလာနှင့် ဘက်တစ်တို့ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ည ဆီဗီးလ်ဒါဘီပွဲစဉ်အတွင်းတွင် ပရိသတ်များက ကစားသမားများကို အရာဝတ္ထုပစ္စည်းများဖြင့် ပစ်မှတ်ထား ပစ်ပေါက်မှုကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။
Sanchez Pizjuan ကွင်းတွင် ဘက်တစ်က ဆယ်ယောက်ကျန် ဆီဗီလာအား ၂-၀ ဂိုးဖြင့် ဦးဆောင်နေချိန် ပွဲချိန် ၈၇ မိနစ်တွင် ပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။
ဆီဗီလာက ထောင့်ကန်ဘောကန်ရန် ပြင်နေချိန်တွင် ဂိုးတိုင်နောက်မှ ပရိသတ်များက ဘက်တစ်ဂိုးသမားအယ်ဗာရိုဗယ်လက်စ်အား အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ကြပါတယ်။
ဘက်တစ်နောက်ခံလူများဟာ ရေပုလင်းများကို ကန်ကျောက်ပြီး ပွဲဆက်ကစားနိုင်ရန် ရှင်းလင်းခဲ့ကြပါတယ်။
ဒါပေမယ့် ဒိုင်လူကြီးဟိုဆေးလူးဝစ်မြူနူရာမွန်တဲလ်ရိုးက ပွဲကို ရပ်ဆိုင်းပြီး နည်းပြများထံသို့ ပြေးလွှားကာ ပွဲကို ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။
နှစ်ဖက်အသင်းတို့ဟာ ယင်းအဖြစ်အပျက် မတိုင်မီကတည်းက ပရိသတ်များ ပစ္စည်းဖြင့် ပစ်ပေါက်မှုအတွက် သတိပေးခြင်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ယခုတစ်ကြိမ်တွင်တော့ ဒိုင်လူကြီးဟာ အခြေအနေ အရပ်ရပ်အား နှစ်ဖက် နည်းပြများကို ရှင်းလင်း ပြောကြားပြီးနောက် ကွင်းမှ ထွက်ခွာခဲ့ပါတယ်။
ဘက်တစ်ကစားသမားများဟာ တစ်ယောက်အသာဖြင့် ကစားနေရတဲ့အပြင် ၂-၀ ဖြင့် ဦးဆောင်နေချိန်တွင် ပွဲကို ရပ်ဆိုင်းလိုက်ရမှုအတွက် စိတ်ပျက်နေခဲ့ကြပါတယ်။
ဆီဗီလာဟာ ပွဲမရပ်ဆိုင်းမီ ၈၄ မိနစ်တွင် အိုင်ဆစ်ရိုမီရို အနီကတ်ပြသခြင်းခံခဲ့ရကာ တစ်ယောက်အလျှော့ဖြင့် ကစားနေရတာပါ။
ဒါပေမယ့် ပွဲကို ရပ်ဆိုင်းပြီး ၁၅ မိနစ်အကြာမှာတော့ ပွဲကို ပြန်လည်စတင်ပါတယ်။ တဖက်တွင် ပရိသတ်များအား နောက်ထပ် ပွဲကို ရပ်ဆိုင်းပါက လုံးဝ ရပ်ဆိုင်းလိုက်ရတော့မှာဖြစ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။
ယခုတစ်ကြိမ်တွင် ပွဲကို ပြီးဆုံးအောင် ကစားနိုင်ခဲ့ပြီး ဘက်တစ်တို့ ၂-၀ ဖြင့်ပင် အနိုင်ရကာ လာလီဂါအမှတ်ပေးဇယားအဆင့် ၅ နေရာသို့ တက်လမ်းလာပါတယ်။ ဆီဗီလာက ဒါဘီပွဲ ရှုံးပွဲကြောင့် အဆင့် ၁၃ နေရာသို့အထိ ကျဆင်းလာပါတယ်။
ပွဲအပြီးတွင် ဆီဗီလာပရိသတ်များဟာ ဘုတ်အဖွဲ့အား နုတ်ထွက်ရန် တောင်းဆိုခဲ့ကြပါတယ်။

image

ဂိုးသမား ဒဏ်ရာရဟန်ဆောင်မှုအား ရပ်ဆိုင်းရေး စည်းမျဉ်းအပြောင်းအလဲ ပြုလုပ်ရန် ပရီးမီးယားလိဂ် ကြိုးပမ်းနေ
=====================

ပရီးမီးယားလိဂ်ဟာ ဂိုးသမားများ ဒဏ်ရာရဟန်ဆောင်ပြီး ဆေးကုသမှု ခံယူနေစဉ် ကစားဖော်များ နည်းပြရဲ့ ညွှန်ကြားမှု ရယူနေမှုအား ရပ်ဆိုင်းနိုင်ရေးအတွက် စည်းမျဉ်း အပြောင်းအလဲ ပြုလုပ်ရန် စဉ်းစားနေကြပါတယ်။
လိဒ်နည်းပြဒါနီရယ်ဖာကီဟာ စနေနေ့တုန်းက မန်စီးတီးအား ၃-၂ ဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် မန်စီးတီးဂိုးသမားဒွန်နာရမ်မာမှာ ဒဏ်ရဟန်ဆောင်ပြီး နည်းပြဂွါဒီယိုလာအား ကစားသမားများကို နည်းဗျူဟာသစ် ညွှန်ကြားပို့ချနိုင်အောင် ဘောလုံးစည်းမျဉ်းအား လက်တစ်လုံးခြားချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
မန်စီးတီးတို့ ၂-၁ ဖြင့် ဦးဆောင်နေပေမယ့် လိဒ်ရဲ့ တိုက်စစ်ဒဏ်အား လူးလိမ့်ခံနေရချိန်တွင် ဒွန်နာရမ်မာ ဒဏ်ရာရရှိသွားပြီး ဆေးကုသမှု ခံယူချိန်တွင် မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ကစားသမားများအား ခေါ်ပြီး နည်းဗျူဟာအသစ် ပို့ချညွှန်ကြားမှု ပြုလုပ်ပါတယ်။
ပုံမှန်အားဖြင့် ဂိုးသမားမှအပ ကျန်ကစားသမားများက ဒဏ်ရာရဟန်ဆောင်ပြီး အချိန်ဆွဲလေ့ရှိကြပါတယ်။ ဒါပေမယ့် ၂၀၂၃-၂၄ ရာသီမှ စတင်ကာ ဒဏ်ရာရရှိတဲ ကစားသမားအား ကွင်းပြင်တွင် စက္ကန့် ၃၀ နေစေတဲ့စနစ်ကို သုံးလာပါတယ်။
တဖက်တွင် ဂိုးသမားများမှာ ဆေးကုသမှုခံယူပြီးချိန်တွင်လည်း ကွင်းအတွင်းမှ ထွက်ခွာရခြင်း မရှိပါဘူး။
အောက်တိုဘာလကတည်းက International Football Association Board's Football နှင့် Technical Advisory Panels တို့အကြားတွင် စည်းမျဉ်း ၂ ခု ပြောင်းလဲရေးပြီး ဂိုးသမား ဒဏ်ရာရဟန်ဆောင်ကာ အချိန်ဆွဲမှု တိုက်ဖျက်ရေး ဆွေးနွေးလာခဲ့ကြပါတယ်။
တစ်ခုမှာ ဂိုးသမား ဒဏ်ရာကြောင့် ဆေးကုသမှုခံယူပြီးပါက ယင်းအသင်းမှ ကစားသမားတစ်ဦးအား စက္ကန့် ၃၀ ကွင်းအပြင်သို့ ထွက်နေစေခြင်း ဖြစ်ပြီး ကျန်တစ်ခုမှာ ဂိုးသမား ဆေးကုသမှုခံယူနေစဉ်အတွင်း ကစားသမားများ ကွင်းဘေးစည်းသို့ သွားရောက်ခင့် မပြုခြင်းတို့ ဖြစ်ပါတယ်။
IFAB ဟာ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း ယင်းစည်းမျဉ်းနှင့်ပတ်သက်ပြီး ထပ်မံ ဆွေးနွေးမှုများ ပြုလုပ်လာပါဦးမယ်။ လက်ရှိအနေအထားအရ ဂိုးသမား ဆေးကုသမှု ခံယူပြီးချိန်တွင် ကစားသမားတစ်ဦးအား ကွင်းအပြင်သို့ စက္ကန့် ၃၀ ထွက်ခွာစေတဲ့ စနစ်အား အသုံးပြုရေး အလေးသာနေကြောင်း သိရပါတယ်။

image

ဗီဇာပြဿနာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားမဲခွဲပွဲကို သပိတ်မှောက်မယ်လို့ အီရန် အတည်ပြုလာ
====================

အီရန်က ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူအချို့တို့အား ဗီဇာပေးရန် ငြင်းဆိုလာမှုကြောင့် လာမယ့်လတွင် ဝါရှင်တန်ဒီစီတွင် ပြုလုပ်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားမဲခွဲပွဲအား မတက်ရောက်ဘဲ သပိတ်မှောက်မယ်လို့ ကြေညာလာပါတယ်။
အမေရိကန်ဟာ နိုင်ငံအချို့တို့အား ပြည်ဝင်ခွင့်ဗီဇာပိတ်ထားပြီး ယင်းအထဲတွင် အီရန်မှာလည်း နိုင်ငံရေးနှင့် လုံခြုံရေးအကြောင်းပြချက်ဖြင့် ပါဝင်နေပါတယ်။
အမေရိကန်က အီရန်နည်းပြအပါအဝင် လူ ၄ ဦးကိုသာ ဝါရှင်တန်ဒီစီတွင် ပြုလုပ်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားမဲခွဲပွဲသို့ တက်ရောက်ခွင့် ဗီဇာပေးခဲ့ပါတယ်။ အမေရိကန်က ဗီဇာပေးရန် ငြင်းဆိုတဲ့ စာရင်းတွင် အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌမီဒီတာလည်း ပါဝင်ပါတယ်။
ယခုအခါ အီရန်က အားကစားနှင့်မသက်ဆိုင်ဘဲ နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဗီဇာငြင်းပယ်လာမှုနှင့်အတူ ဒီဇင်ဘာလ ၅ ရက်နေ့ Kennedy Center တွင် ပြုလုပ်မယ့် ကမ္ဘာ့ဖလားမဲခွဲပွဲသို့ မတက်ရောက်ဘဲ သပိတ်မှောက်လာမှာ ဖြစ်ကြောင်း၊ ပြန်လည် သုံးသပ်မှု ပြုလုပ်ရန် ဖီဖာကိုလည်း တိုက်တွန်းမှု ပြုလုပ်သွားပါတယ်။
ယခုကဲ့သို့ အီရန်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်လာမှုနှင့်အတူ အီရန်ပရိသတ်များမှာလည်း လာမယ့် နှစ်နွေရာသီတွင် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအာ ကိုယ်တိုင်သွားရောက်ခွင့် အခွင့်အရေး ဆုံးရှုံးလာရဖို့ ရှိနေပါတယ်။
တဖက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကမ္ဘာ့ဖလားပြိုင်ပွဲ လက်မှတ်ရှိတဲ့ ပရိသတ်များကို ဗီဇာပေးသွားမယ်လို့ ကတိပြုထားပါတယ်။

image

ချဲလ်ဆီးပွဲစဉ်မှ အဝါကတ်များအတွက် ဒဏ်ရိုက်ခံလာရမယ့် အာဆင်နယ်
===================

အာဆင်နယ်ဟာ မီခေးလ်မီရီနိုရဲ့ ချေပဂိုးကြောင့် တနင်္ဂနွေနေ့တုန်းက ချဲလ်ဆီးနှင့် ပွဲစဉ်တွင် တစ်ဂိုးစီသရေကျပြီးနောက် အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ဟာ ချဲလ်ဆီးနှင့် တစ်ဂိုးစီသရေကျတဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း အဝါကတ် ၆ ကတ်ပြသခြင်းခံခဲ့မှုကြောင့် အက်ဖ်အေရဲ့ ပေါင် ၂၅၀၀၀ ဒဏ်ရိုက်ခြင်းခံလာရတော့မှာလည်း ဖြစ်ပါတယ်။
အာဆင်နယ်မှ မာတင်ဇူဘီမန်ဒီ၊ ခရစ္စတီယန်မော့စ်ကွီရာ၊ ရီကာဒိုကာလာဖီအိုရီ၊ ပီရိုဟန်ကာပီ၊ မိုင်လက်စ်လီဝစ်စကယ်လီ၊ ဗစ်တာယိုကီရေးစ်တို့ အဝါကတ်ပြသခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အက်ဖ်အေဟာ ပွဲတစ်ပွဲတည်းတွင် အဝါကတ် ၆ ကတ်ပြသခြင်းခံရတဲ့ အသင်းကို ပေါင် ၂၅၀၀၀ ဒဏ်ရိုက်တဲ့ စည်းမျဉ်း အသုံးပြုနေခဲ့တာပါ။
အာဆင်နယ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတုန်းက လီဗာပူးအား ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင်လည်း အဝါကတ် ၆ ကတ်ပြသခြင်းခံရပြီးနောက် ပေါင် ၂၅၀၀၀ ဒဏ်ရိုက်ခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။
မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ ချဲလ်ဆီးနှင့် တစ်ပွဲတည်းတွင် အဝါကတ် ၆ ကတ်ပြသခြင်းခံခဲ့ရပေမယ့်လည်း ၂၀၂၅-၂၆ ရာသီတွင် တတိယအဝါကတ်အနည်းဆုံးအသင်းအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ထက် အဝါကတ် လျှော့ပြီး ပြသခံထားရတဲ့အသင်းများအဖြစ် နယူးကာဆယ်(၁၃ ကတ်)၊ ယူနိုက်တက်(၁၆ကတ်)တို့သာ ရှိပါတယ်။
ဘုန်းမောက်က ပရီးမီးယားလိဂ်တွင် အဝါကတ်အများဆုံးပြသခံထားရတဲ့အသင်းအဖြစ် ၃၅ ကတ်ဖြင့် ရပ်တည်နေပြီး သူ့အောက်တွင် စပါးစ် (၃၂ ကတ်)၊ ဘရိုက်တန် (၃၂ ကတ်)၊ ဆန်းဒါးလန်း (၂၇ ကတ်)၊ ဖူလ်ဟမ် (၂၆ ကတ်)တို့ ရပ်တည်နေပါတယ်။
တဖက်တွင် အာဆင်နယ်ဟာ နောက်ထပ် ပွဲတစ်ပွဲတွင် အဝါကတ် ၆ ကတ်ပြသခြင်းခံလာရပါက ဒဏ်ငွေ နှစ်ဆတိုးပြီး ပေါင် ၅၀၀၀၀ အထိ ဒဏ်ရိုက်ခြင်းခံလာရပါမယ်။
အာဆင်နယ်ဟာ ချဲလ်ဆီးနှင့်ပွဲတွင် အဝါကတ် ၆ ကတ်ပြသခြင်းခံခဲ့ရပေမယ့်လည်း အနီကတ်တော့ ပြသခြင်းခံခဲ့ရခြင်း မရှိပါဘူး။ ချဲလ်ဆီးကတော့ ၃၈ မိနစ်တွင် မီခေးလ်မီရီနိုကို ကြမ်းတမ်းစွာ ဖျက်ထုတ်လို့ အနီကတ်ပြသခြင်းခံခဲ့ရကာ တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပါတယ်။
ဒိုင်လူကြီးအန်တိုနီတေလာဟာ အစောပိုင်းတုန်းက ကိုင်စီဒိုကို အဝါကတ်ပြသခဲ့ပေမယ့်လည်း VAR ရဲ့ အကြံပေးမှုကြောင့် မော်နီတာတွင် ကြည့်ရှုစစ်ဆေးပြီးချိန်မှာတော့ အနီကတ်တိုးမြှင့်ပြသခဲ့တာလည်း ဖြစ်ပါတယ်။

image