အထူးဒေသ(၁)၊ မုံးကိုးခရိုင်၌ "တိုင်းရင်းသားစည်းလုံးညီညွတ်ရေး"ခေါင်းစဉ်ဖြင့် မနောပွဲတော်ကျင်းပမည်

အထူးဒေသ(၁)၊ မုံးကိုးခရိုင်၌ ခရိုင်အုပ်ချုပ်ရေးကော် မတီမှကြီးမှူး၍ "တိုင်းရင်းသားစည်းလုံးညီညွတ်ရေး" ခေါင်းစဉ်ဖြင့် မနောပွဲတော်ကို မုံးကိုးမြို့၊ ရပ်ကွက်(၄) ရှိဘောလုံးကွင်း၌စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မနောပွဲတော်အား တိုင်းရင်းသားလူမျိုးပေါင်းစုံကြား ဆက်ဆံရေး၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် ပေါင်း စည်းမှုပိုမိုမြှင့်တင်ရန်၊ အပြန်အလှန်ရိုင်းပင်းကူညီမှုနှင့် စည်းလုံးညီညွတ်မှုကိုနက်ရှိုင်းစေရန်၊ အထူးဒေသ၏ လူမျိုးရေးတန်းတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှုပုံရိပ်ကောင်းပေါ်လွင်စေရန်ရည်ရွယ်၍ ကျင်းပရန်ပြင်ဆင်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ မနောပွဲကျင်းပမည့် ဘောလုံးကွင်းအား ဘိလပ်မြေလမ်းခင်းခြင်း၊ ရှေးဟောင်းမနောတိုင်(မ နောရှေထိုင်)ကိုပြုပြင်မွမ်းမံခြင်း၊ လုပ်ငန်းဆောင်တာ အပြည့်အစုံပါဝင်သော မနောအိမ်သစ်ဆောက်လုပ်ခြင်း၊ ညပိုင်းဖျော်ဖြေပွဲစင်မြင့်၊ LED များကိုတပ်ဆင်ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

image

ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည် ဖော်နေမှုကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

စီမံကိန်းသည် ဒေသ၏လူမှုအကျိုးစီးပွားကို များစွာအထောက်ကူပြုနိုင်၍ စနစ်တကျဆက်လက်အကောင် အထည်ဖော်ရန်မှာကြား
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်ဖော်ဆောင်လျက်ရှိသည့် ဟွေထိုက်ရေ အားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်နေမှုကို နိုင် ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်ကကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် နိုင်ငံတော် ယာယီသမ္မတမှ ယခုစီမံကိန်းမှတစ်ဆင့် ဒေသ၏လူမှုအကျိုး စီးပွားကိုများစွာအထောက်ကူပြုနိုင်သဖြင့် စီမံကိန်းအား စနစ်တကျဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာကြားသည်။
ထို့ပြင် မိုးရာသီမရောက်ရှိခင် လိုအပ်သည့်တည် ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အားလိုင်းများသွယ်တန်းခြင်းကို ကြိုတင်စီမံဆောင် ရွက်ရန်၊ ဓာတ်အားဖြန့်ခွဲမည့်အစီအမံများအားကြို တင်ရေးဆွဲရန်၊ ရာသီဥတုဆိုးရွားသည့်နေရာဖြစ်၍ အ ခြေခံ Foundation များအား မိုးရာသီမတိုင်မီပြီးစီးအောင်ဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ ဟွေထိုက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံပုံစံငယ်နှင့် ဓာတ်အားပေးစက်ရုံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းအား စစ် ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်ရှိ ဟွေထိုက်ချောင်းပေါ်တွင် ၂၀၂၃ ခုနှစ်မှစ တင်၍တည်ဆောက်နေခြင်းဖြစ်ပြီး (၄)မဂ္ဂါဝပ်တပ်ဆင်စက်အင်အားရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည် ဆောက်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား (၂၀ ဒသမ ၃၈၁)ကီလိုဝပ်နာရီသန်းထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီမံ ကိန်းပြီးပါက လဟယ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာ (၁၂)ရွာ၊ အိမ်ထောင်စု(၁,၇၁၈)စုကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

image

နီပေါရွေးကောက်ပွဲအတွက် မဲဆွယ်မှုများစတင်

ယမန်နှစ်က အဂတိလိုက်စားမှုဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ယခင်အစိုးရပြုတ်ကျသွားခဲ့ပြီးနောက် ပထမဆုံး အကြိမ်ကျင်းပမည့် လာမည့်လ လွှတ်တော်ရွေးကောက်ပွဲများအတွက် နီပေါလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် တနင်္လာနေ့မှ စတင်၍မဲဆွယ်စည်းရုံးနေကြပြီဖြစ်သည်။
"ဒီရွေးကောက်ပွဲက တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်လိမ့်မယ်" ဟု ရွေးကောက်ပွဲကျင်းပမည့် မတ်လ ၅ ရက်အထိ ကြားဖြတ် အစိုးရဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသော ဆူရှီလာ ကာကီက မဲဆွယ်ရက်မတိုင်မီတွင် ပြောကြားခဲ့သည်။
ရက်သတ္တနှစ်ပတ်ကြာ မဲဆွယ်ကာလအတွင်း အခင်းအကျင်းသစ်ကို မြင်ရမည်ဖြစ်ကာ အပြောင်းအလဲအတွက် ကတိပြုထားသည့် လူငယ်ကိုယ်စားလှယ်လောင်းများသည် တည်ငြိမ်မှုနှင့် လုံခြုံမှုကို ဆောင်ကျဉ်းပေးသည်ဆိုသော ဝါရင့်နိုင်ငံရေးသမားများကို စိန်ခေါ်မည်ဖြစ်သည်။
ရွေးကောက်ပွဲတွင် အဓိကပြိုင်ဆိုင်မှုအဖြစ် ရက်ပ်ပါတစ်ဖြစ်လဲ မြို့တော်ဝန် ဘာလန်ဒရာရှား(၃၅) နှစ်သည် ဝန်ကြီးချုပ်ဟောင်း၏ မဲဆန္ဒနယ်တွင် ဝန်ကြီးချုပ်ဟောင်း ကေပီ ရှာမာအိုလီနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။
ဘာလန်ဟု လူသိများပြီး ဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်သော ရှားသည် လူငယ်များဦးဆောင်သော နိုင်ငံရေးပြောင်းလဲမှု၏ သင်္ကေတတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
သူသည် ပြီးခဲ့သည့် လွှတ်တော်၌ စတုတ္ထအင်အားအကြီးဆုံးပါတီဖြစ်သည့် Rastriya Swatantra ပါတီကို ဝင်ရောက်ခဲ့သည်။
ထို့အပြင် နိုင်ငံ၏ ဝါအရင့်ဆုံးပါတီဖြစ်သော နီပေါကွန်ဂရက်ပါတီသည်လည်း ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။ ထိုပါတီသည် တစ်ချိန်က အိုလီ၏ ညွန့်ပေါင်းအစိုးရ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း အုံကြွမှုနောက်ပိုင်းတွင် ခေါင်းဆောင်သစ်တစ်ဦးဖြစ်သည့် အသက် ၄၉ နှစ်အရွယ် ဂါဂန်သာပါကို ရွေးကောက်တင်မြှောက်ထားခဲ့သည်။
ထို့အပြင် ဂျန်ဇီးနိုင်ငံရေး၏ အခြားတစ်ဖက်တွင်မူ ၂၀၀၈ ခုနှစ်က ရာထူးမှ ဖယ်ရှားခံခဲ့ရကာ နှစ်ပေါင်း ၂၄၀ ကြာ ဘုရင်စနစ်အဆုံးသတ်သွားခဲ့သည့် အသက် ၇၈ နှစ်အရွယ် ဘုရင်ဟောင်း ဂါနန်ဒရာရှားကို ထောက်ခံသူများသည်လည်း မဲဆွယ်စည်းရုံးမှုများ ပြုလုပ်မည်ဖြစ်သည်။
ပထမဆုံးအကြိမ် မဲပေးရမည်ဖြစ်သော မဲဆန္ဒရှင် ၈၀၀,၀၀၀ အပါအဝင် မဲပေးရန် မှတ်ပုံတင်ထားသူ ၁၉ သန်းနီးပါးရှိသည်။
၎င်းတို့သည် အမတ်နေရာ ၂၇၅ နေရာရှိ အောက်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းများကို တိုက်ရိုက်မဲပေးစနစ်ဖြင့် ၁၆၅ ဦးနှင့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ၁၁၀ ဦးကို ရွေးကောက်တင်မြှောက်မည်ဖြစ်သည်။
တိုက်ရိုက်မဲပေးစနစ်တွင် ကိုယ်စားလှယ်လောင်း ၃,၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းသည် အသက် ၄၀ အောက်များဖြစ်ကြသည်။

image

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၌ Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် ရေနီနှင့် ပန်းတနော်မြို့နယ်တို့တွင်လည်းမီးလေ-ာင်မှုများဖြစ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၌ ယနေ့ ဖေ ဖော်ဝါရီ ၁၇ ရက်နံနက်အစောပိုင်းက Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် ပဲခူးတိုင်း၊ ရေနီမြို့နှင့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တို့တွင်လည်း မီးလေ-ာင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်၊ ၆၆လမ်း၊ ၄၂ လမ်းနှင့် ၄၃လမ်းကြားရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွား၍ မဟာအောင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှ ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ခဲ့ကြသော်လည်း မီးလေ-ာင်ကျွမ်းမှုဆက်လက်ဖြစ်ပွားနေသဖြင့် နံနက် ၅ နာရီ ၄၀ မိနစ်တွင် Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြရာ နံနက် ၆ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၄ နာရီ ၅၀ မိနစ်ခန့်ကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ စက္ကူစက်ရုံဝန်းအတွင်းရှိ ဂိုဒေါင်(၁)လုံးတွင်မီးလောင်မှုဖြစ်ပွား၍ ရေတာရှည်မြို့နယ်မီးသတ်စခန်း၊ ဆွာနယ်မြေမီးသတ်စခန်း၊ မြို့လှနယ်မြေမီးသတ်စခန်း၊ ရေနီအရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၆ နာရီ ၁၁ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့အတူ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာတွင် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က နေအိမ်မီးလေ-ာင်မှုဖြစ်ပွား၍ ပန်းတနော်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၃ နာရီ ၁၀ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက စေတုတ္တရာမြို့ကိုဗဟိုပြု၍ မိနစ်ပိုင်းသာခြားပြီးငလျင်(၂)ကြိမ်လှုပ်ခတ်ခဲ့ မင်းကင်းမြို့တွင်လည်းလှုပ်ခတ်

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက စေတုတ္တရာမြို့ကိုဗဟိုပြု၍ ငလျင်(၂)ကြိမ်လှုပ်ခတ်ခဲ့ပြီး မင်းကင်းမြို့တွင်လည်း ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
စေတုတ္တရာမြို့၏ အနောက်ဘက်(၂၆)မိုင်ခန့်အကွာ၊ အနက်(၅၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၃ ဒသမ ၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် နံနက် ၅ နာရီ ၃၉ မိနစ် ၆ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၅ နာရီ ၂၀ မိနစ် ၄၆ စက္ကန့်ကလည်း စေတုတ္တရာမြို့၏ အနောက်ဘက်မိုင်(၂၀)ခန့်အကွာ၊ အ နက်(၁၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ နံနက် ၃ နာရီ ၁၀ မိနစ် ၂၁ စက္ကန့်ကလည်း မင်းကင်းမြို့၏ အနောက်ဘက်(၁၇)မိုင်ခန့်အကွာ၊ အနက် (၅၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစ ကေး(၃ ဒသမ ၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

image

မြတ်မော်တင်စွန်းဘုရားပွဲတော် စတင်ကျင်းပ

မြတ်မော်တင်စွန်းဘုရားပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့ပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါမြတ်မော်တင်စေတီဘုရားပွဲတော်ဖွင့်ပွဲအခမ်းအနားကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သဲဖြူဆရာတော် ဘဒ္ဒန္တပညာဇောတ၊ မြတ်မော်တင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဇာတ၊ သယံဇာ တရေးရာဝန်ကြီး ဦးအုန်းမြင့်တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဘုရားပွဲတော်မင်္ဂလာမုဒ်ဦးအား ဝန်ကြီးချုပ်နှင့်သဲဖြူဆရာတော်တို့မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခြင်းနှင့် အမွှေးနံသာ ပတ်ဖျန်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြတ်မော်တင်စေတီရင်ပြင်ရှိ အနေကဇာဆောင်တွင် ပုသိမ်မြို့၊ ညောပင်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သောဘိတပါ သံဃာတော် (၄၅)ပါးတို့ မှ ဗုဒ္ဓါဘိသေကအနေဇာတင် ပရိတ် တရားတော်များရွတ်ဖတ်ခဲ့ပြီး သဲဖြူဆရာတော် ဘဒ္ဒန္တ ပညာဇောတမှ လှူဖွယ်ဝတ္ထုအစုစုတို့အား ရေစက်သွန်းချအမျှဝေခဲ့ကြကြောင်းသိရသည်။
ထို့နောက် လုံခြုံရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြတ်မော်တင်စေတီတောင်ခြေ ပင်လယ်ကမ်းစပ်တွင် နဂါးစာ ဖောင်မျှောလှူဒါန်းခြင်းများပြုလုပ်ခဲ့ကြပြီးနောက်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ဒေသခံပြည်သူများ ပူးပေါင်းဖောက်လုပ်ထားသည့် ခမောက်မော်-သံကြိုးလမ်း ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

image

ငလျင်ဒဏ်သင့်လို့ ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေနဲ့ပတ်သက်ပြီး နစ်နာသူတွေအတွက် ဥပဒေဆိုင်ရာ ဆွေးနွေးမျှဝေခြင်း အခမ်းအနားကျင်းပ

ငလျင်ဒဏ်သင့်လို့ ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေနဲ့ ပတ်သက်ပြီး နစ်နာဆုံးရှုံးခဲ့ကြသူတွေ၊ အရောင်းအဝယ်ပြုလုပ်ခဲ့ကြတဲ့ အဆောက်အဦမြေရှင်နဲ့ ကန်ထရိုက်တွေရဲ့ကြားက အငြင်းပွားဖွယ်ရာ ဥပဒေတွေကို ဆွေးနွေး မျှဝေတဲ့အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ ၈၂ လမ်း ၈၃ လမ်းကြားမှာရှိတဲ့ ယူတိုးပီးယားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ကန်ထရိုက်နဲ့ မြေရှင်တွေရဲ့ စာချုပ်မှာ ပါလာတဲ့ ပြဿနာတွေ ဖြေရှင်းရေးအတွက် ဥပဒေအထောက်အကူပြုအဖွဲ့တွေနဲ့ ကြားဝင်ဖြေရှင်းပေးတယ် မပြေလည်ကြဘူး၊ မကြာခင်မှာလည်း လွှတ်တော်ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် ခိုင်မာတဲ့ ဥပဒေ တရပ် ပေါ်ထွက်လာဖို့ လွှတ်တော်မှာ တင်ပြနိုင်ဖို့ မြေပြင်မှာ ဘယ်လိုနစ်နာနေတဲ့ ပြည်သူတွေအတွက် အကောင်းဆုံးပြုလုပ်ဆောင်ရွက်ပေးဖို့ ရည်ရွယ်ပြီး ဒီအခမ်းအနားကို ပြုလုပ်ရတာဖြစ်တယ် လို့ အခမ်းအနားတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးနေဝင်းသန့် က ပြောပါတယ်။
အဲ့ဒီအခမ်းအနားမှာ ရန်ကုန် နဲ့ မန္တလေး က ရှေ့နေတွေနဲ့ အောင်မြေသာစံ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးလင်းဝင်းထွန်း၊ အိမ်ခြံမြေရောင်းဝယ်လုပ်ငန်းလုပ်ကိုင်သူများအသင်း ဥက္ကဋ္ဌ ဦးကြည်စိုး၊ မန္တလေးများ ရှေ့နေကြီးများအသင်း ဥက္ကဋ္ဌ ဦးဝမ်းမောင်၊ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများ အသင်း ဥက္ကဋ္ဌ ဦးညွန့်ဝေ၊ ဆရာကြီး ဦးမြရဲ့ တပည့် ဦးလှကို တို့က အမှာစကားပြောကြားခဲ့ပါတယ်။
အခမ်းအနားကိုတော့ AL- HAADI CENTER - MYANMAR (လမ်းပြသူဗဟို- မြန်မာ) အသင်းက ကြီးမှူးကျင်းပတာဖြစ်ပြီး မန္တလေးနဲ့ ရန်ကုန်က ရှေ့နေကြီးတွေနဲ့ ဥပဒေဆိုင်ရာ ပညာပေးအဖွဲ့တွေ တက်ရောက်ခဲ့ပြီး နစ်နာသူ ပြည်သူတွေအတွက် ဥပဒေဆိုင်ရာ ပညာပေးနဲ့ အကြံပြုတာတွေ အတွက် အမေးအဖြေကဏ္ဍတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။
ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေး၊ မူးယစ်ဆေးပပျောက်ရေး၊ ဥပဒေအထောက်အကူပြု ကော်မတီတွေနဲ့၊ ဘာသာဝင် အချင်းချင်းကြားမှာ အငြင်းပွားဖွယ်ရာ ကိစ္စတွေကို ဖြေရှင်းညှိနှိုင်း ဆောင်းရွက်ပေးတဲ့ ကိစ္စတွေကို ဘာသာရေး လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ပေးနိုင်ဖို့ အမှတ် ၂၃၂၊ ပထမထပ်၊ ၈၁ လမ်း၊ ၂၀၂၁ လမ်းကြား၊ ပုလဲငွေရောင်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့မှာ ရှိတဲ့ လမ်းပြသူ ဗဟို - မြန်မာ အသင်းကို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။

image

image

image

လာမယ့်ရက်ပိုင်းအတွင်း မုန်တိုင်းငယ်တလုံး ဖြစ်လာနိုင်ခြေ ရှိနေ

လာမယ့်ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တလုံး ဖြစ်လာနိုင်ခြေရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“အခု ဒီနေ့လယ်ပိုင်းမှာတော့ လေဖိအားနည်းရပ်ဝန်း စဖြစ်ပြီပေါ့။ ပြီးသွားရင် အနောက်မြောက်ဘက်ကို ဆက်ရွေ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်လောက်မှာ သီရိလင်္ကာကို ဝင်သွားနိုင်တယ်။ သီရိလင်္ကာနား ရောက်ရင်တော့ နည်းနည်းလေး အားကောင်းလာနိုင်တယ်။ မုန်တိုင်းငယ် အဆင့်လောက်တော့ ရောက်နိုင်တယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့လောက်ကျရင်တော့ မုန်တိုင်းငယ် ဖြစ်လာနိုင်ခြေ ရှိပေမယ့် အတိအကျတော့ ပြောလို့မရသေးဘူး” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလ ဌာနရဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ဟာ ဆက်လက် တည်ရှိနေပြီး အနောက် - အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ သိရပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့မှာ ပိုမို အားကောင်းလာနိုင်တယ်လို့ မိုး/ဇလဌာနက ခန့်မှန်းထားပါတယ်။
“သင်္ချာပုံစံပြုမော်ဒယ် ခန့်မှန်းချက်အရ အီကွေတာနား တအားကပ်တဲ့အချိန်ကျ တစ်ခါတလေကျရင် အားပျော့သွားတတ်တာမျိုးတွေလည်း ရှိနေတော့ နည်းနည်းတော့ စောင့်ကြည့်ရဦးမှာပေါ့” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
အခုလို အခြေအနေကြောင့် လာမယ့် ဖေဖော်ဝါရီ ၁၉ ၊ ၂၀ နဲ့ ၂၁ ရက်နေ့တွေအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းစွန်းဒေသတွေနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှုတွေ ရှိလာနိုင်တယ်လို့ သူက ပြောပါတယ်။
“မိုးရွာနိုင်ပေမယ့် ဒီအချိန်ကတော့ မိုးကြီးစရာအကြောင်း မရှိဘူး။ လေဖိအားနည်းရပ်ဝန်းကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့်ရယ်၊ နောက်တခုက ထိုင်းပင်လယ်ကွေ့ကနေ ရွေ့လာတဲ့ တိမ်တိုက်တွေနဲ့ပေါင်းပြီး မိုးအနည်းငယ်လောက်ပဲ ရွာမှာပါ။ အရှေ့ပိုင်းဒေသတွေ ဆိုရင်လည်း တရက်၊ နှစ်ရက်လောက်ပဲ မိုးရနိုင်တယ်။ လက်ရှိကတော့ တောင်ပိုင်းစွန်းနဲ့ အရှေ့ပိုင်းမှာ မိုးရွာနိုင်ခြေ တွေ့ရတယ်။ ကျန်တဲ့ ဒေသ‌တွေကတော့ မိုးအခြေအနေ သိပ်မတွေ့ရဘူး” လို့ သူက ပြောပါတယ်။
လက်ရှိကာလမှာ အခုလို လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာတာဟာ ထူးခြားဖြစ်စဥ်လို့ ပြောလို့မရဘဲ ဒီလို ဖြစ်စဉ်တွေဟာ လေး၊ ငါး၊ ခြောက်နှစ် ကာလအတွင်း တကြိမ် ဖြစ်ပေါ်တတ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် အခုနှစ်မှာ အားနည်းတဲ့ လာနီညာဖြစ်စဉ်လည်း ရှိနေတဲ့အတွက် လာနီညာရဲ့ သက်ရောက်မှုကြောင့်လည်း အီကွေတာအနီးမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာတဲ့ အနေအထားမျိုးလို့ သူက ပြောပါတယ်။
“နောက်တခုကတော့ ဒီရက်ပိုင်းထဲ နည်းနည်းလေး ပြန်အေးနေတယ်။ ပြီးသွားရင်တော့ ဆောင်းအကုန်၊ နွေအကူး ရောက်တဲ့အခါကျရင် နေ့အပူချိန်တွေက တဖြည်းဖြည်း မြင့်လာတော့မှာပေါ့။ အဲဒီအချိန်ကျရင်တော့ ဒီအပူကြောင့် ဖြစ်ပေါ်နိုင်တဲ့ အခြေအနေတွေကိုလည်း သတိပြုဖို့လိုတယ်။ တအားပူလာပြီ ဆိုရင်လည်း မွန်းလွဲ၊ ညနေပိုင်းတွေမှာ မိုးတိမ်တောင် ဖြစ်စဉ်မျိုးတွေ ရှိလာနိုင်တယ်” လို့ သူက ပြောပါတယ်။
မိုးတိမ်တောင် ဖြစ်စဉ်တွေဟာ များသောအားဖြင့် မတ်လအတွင်းမှာ အဖြစ်နည်းတတ်ပြီး ဧပြီလနဲ့ မေလမှာ အဖြစ်များတတ်တာကြောင့် အဲဒီကာလတွေ ရောက်ရှိတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို သတိပြုဖို့လိုတယ်လို့ သူက ပြောပါတယ်။
မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းလာပါက အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ လမ်းတလျှောက်မှာ လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ဒီသဘာဝ ဘေးတွေကိုလည်း သတိပြုရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
မိုး/ဇလ ဌာနရဲ့ မနက်ဖြန် မနက်အထိ ခန့်မှန်းချက်တွေအရ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုး အနည်းငယ် ရွာသွန်းနိုင်ပြီး ရွာရန်ရွာနှုန်း ၆၀ ဖြစ်ကာ နောက် နှစ်ရက်အတွက် ခန့်မှန်းချက်အနေနဲ့ကတော့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ သိရပါတယ်။

image