ကြက်မောက်တောင် ရေလှောင်တမံနှင့် ရေပိုလွှဲစိုးရိမ်ဖွယ်ရာ အခြေအနေမရှိဟုဆို
ကြက်မောက်တောင် ရေလှောင်တမံနှင့် ရေပိုလွှဲ၏ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင် ရေလှောင်တမံသည် စက်တင်ဘာ (၃၀)ရက်၊ နံနက် (၉)နာရီတွင် ကန်ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ကန်ရေပြည့်အမှတ် ကျော်လွန်ပြီး ရေပိုလွှဲမှစတင်ရေကျော်စီးဆင်းခဲ့ရာ မွန်းလွဲ (၃) နာရီတွင် ရေပိုလွှဲမှ အမြင့်ဆုံး (၃ ဒသမ ၄၀) ပေအထိ ရေကျော်စီးဆင်းခဲ့ပြီး ညနေ (၆) နာရီတွင် အမြင့် (၃ ဒသမ ၃၀) ပေသို့ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကြက်မောက်တောင် ရေလှောင်တမံနှင့် ရေပိုလွှဲ၏ ကြံ့ခိုင်မှုသည် ကောင်းမွန်လျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမရှိသော်လည်း ရေပိုလွှဲမှ ရေကျော်စီးဆင်းခဲ့သည့်အတွက် တောင်ဇင်းချောင်း တလျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ချောင်းရေမြင့်တက်နေမှုအား ဂရုပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ထားသည်။
ကြက်မောက်တောင်ရေ လှောင်တမံကို ရုရှား-မြန်မာ ချစ်ကြည်ရေးအဖြစ် ရုရှားပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်း၍ (၁၉၆၁-၁၉၆၂) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့၍ (၁၉၆၆-၁၉၆၇) ခုနှစ်တွင် ပြီးစီးခဲ့ပြီး တည်ဆောက်ပြီးခဲ့သည့်အချိန်မှ (၅၈)နှစ်တာကာလအတွင်း တမံရေပြည့်မှတ်သို့ ရောက်ရှိခဲ့ဖူးခြင်းမရှိပဲ ယခုရက်ပိုင်း မိုးရွာသွန်းမှုများပြားသဖြင့် စက်တင်ဘာ (၂၉)ရက်နေ့တွင် တမံ၏ ရေပြည့်မှတ် F.T.L (RL-937.0ပေကို ကျော်လွန်ရောက်ရှိခဲ့ပြီး စက်တင်ဘာ(၃၀)ရက်နေ့ နံနက်(၉)နာရီတွင် ရေပြည့်မှတ် RL-937.10 ပေသို့ရောက်ရှိခဲ့ကာ၊ တည်ဆောက်ပြီးချိန်မှ နှစ်ပေါင်း(၆၀)နီပါး (၅၈)နှစ်အတွင်း ရေလှောင်တမံ၏ ရေပိုလွှဲ Crest မှ ပထမဆုံးအကြိမ်အဖြစ် အမြင့်ပေ (၀.၁၀)ပေခန့် ရေကျော် စီးဆင်းခဲ့ခြင်းဖြစ်သည်။



