ဒဏ်ရာရကစားသမားတွေ ထပ်တိုးလာခြင်းအတွက် စိုးရိမ်ကြောင်းနဲ့ ကစားသမားတချို့ ပြန်ကစားနိုင်ဖို့ လိုနေပြီဖြစ်ကြောင်း အာတေတာ ပြောကြား

အာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာက အသင်းမှာ ဒဏ်ရာရကစားသမားတွေ ထပ်တိုးလာခြင်းအတွက် စိုးရိမ်မိကြောင်း ဝီဂန်နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
မနေ့က FA ဖလားစတုတ္ထအဆင့်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ အာဆင်နယ်အသင်းက League One ကလပ် ဝီဂန်အသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရပြီး ပဥ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမဲ့ ကစားသမားတချို့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ကာလာဖီအိုရီက ပွဲမတိုင်ခင် လေ့ကျင့်မှုပြုလုပ်ရာမှာ ဒဏ်ရာရရှိခဲ့တာကြောင့် လူစာရင်းကို အပြောင်းအလဲလုပ်ခဲ့ရသလို ဘန်ဝှိုက်ကလည်း ဒုတိယပိုင်းမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။
အသင်းခေါင်းဆောင် အော်ဒီဂွါကလည်း ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ဝီဂန်နဲ့ပွဲမှာ ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့် အသင်းရဲ့လူစာရင်းအပေါ် စိုးရိမ်နေပြီလားလို့ မေးမြန်းမှုကို အာတေတာက ''ဟုတ်ပါတယ်။ အရင်က တိုက်စစ်မှူးတွေ ဒဏ်ရာရခဲ့ပြီး နောက်တော့ နောက်ခံလူတွေ ဒဏ်ရာရခဲ့တယ်။ အခု ကွင်းလယ်ကစားသမားတွေ ဒဏ်ရာရလာပြီ။ ကျွန်တော်တို့ အဲဒီလိုအခြေအနေနဲ့ လုပ်ကိုင်နေရတာပါ။ ကစားသမားတချို့ ပြန်ကစားနိုင်ဖို့ လိုအပ်နေပါပြီ။ အရေအတွက်တင် မဟုတ်ဘဲ ကွဲပြားတဲ့နေရာတွေမှာ ကစားသူတွေ ဖြစ်ဖို့လိုပါတယ်။ သူတို့ မြန်မြန်ပြန်ကစားနိုင်လေ ပိုကောင်းလေပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းမှာ တိုက်စစ်ကစားသမား ဟာဗက်ဇ်က တစ်လဝန်းကျင်အနားယူရမှာဖြစ်သလို၊ မယ်ရီနိုကလည်း ရာသီကုန်အထိ အနားယူရဖွယ်ရှိနေပါတယ်။
အာတေတာက ကာလာဖီအိုရီနဲ့ ဘန်ဝှိုက်တို့ရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်သွားရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

image