#နိုင်ငံတကာသတင်း
◼ တရုတ်ကျောင်းသားများ၏ဗီဇာအမေရိကန်ရုပ်သိမ်းတော့မည်
တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွှယ်မှုရှိသူ သို့မဟုတ် အရေးပါသောနယ်ပယ်များတွင် ပညာသင်ကြားနေသူများအပါအဝင် တရုတ်ကျောင်းသားများ၏ ပြည်ဝင်ခွင့်ဗီဇာကို အမေရိကန်က အပြင်းအထန်ရုပ်သိမ်းတော့မည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယို က ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။
အမေရိကန်ပြည်ထောင်စုရှိ သိန်းနှင့်ချီသောတရုတ်တက္ကသိုလ်ကျောင်းသားများ၏ ကျယ်ပြန့်သောအပိုင်းအခြားအပေါ်ကျင့်သုံးမည်ဆိုပါက အဆိုပါ လုပ်ရပ်သည် အမေရိကန်ကျောင်းများအတွက် အဓိက ၀င်ငွေရင်းမြစ်တစ်ခုနှင့် အမေရိကန်နည်းပညာကုမ္ပဏီများအတွက် အရေးပါသော စွမ်းဆောင်ရည်များကို ထိခိုက် စေနိုင် ကြောင်းရိုက်တာသတင်းကဆိုသည်။
၎င်း၏သဘောထားတင်းမာသော လူဝင်မှုကြီးကြပ်ရေးအစီအစဉ်ကို အားဖြည့်ရန် ကျယ်ပြန့်သော ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ပြည်နှင်ဒဏ်ပေးခြင်းများကို အရှိန်မြှင့်ရေးနှင့် ကျောင်းသားဗီဇာများကို ရုပ်သိမ်းရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့က ကြိုးပမ်းနေသည်။
ယင်းနှင့်အတူ တရုတ်နိုင်ငံနှင့် ဟောင်ကောင်တို့မှ ဗီဇာလျှောက်ထားမှုအားလုံးကို စိစစ်မှုတိုးမြှင့်ရန် ဗီဇာစံနှုန်းများကို နိုင်ငံခြားရေးဌာနက ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ရူဘီယိုက ပြောကြားသည်။
"အမေရိကန် နိုင်ငံခြားရေးဌာနဟာ တရုတ်ကျောင်းသားတွေအတွက် ဗီဇာတွေကို အပြင်းအထန် ရုပ်သိမ်းဖို့ အမိမြေလုံခြုံရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။" ဟု ၎င်းက ပြောသည်။
ယင်းနှင့်ပတ်သက်၍မှတ်ချက်ပေးရန်ရိုက်တာ၏တောင်းဆိုမှုကို ဝါရှင်တန်ရှိ တရုတ်သံရုံးက ချက်ခြင်းမတုံ့ပြန်သေးပေ။
ဟားဗတ်တက္ကသိုလ်၏ နိုင်ငံခြားသားကျောင်းသားများကို ကျောင်းဝင်ခွင့်အား ရုပ်သိမ်းရန်ထရန့်အစိုးရက ကြိုးပမ်းခဲ့ပြီးနောက် ပြည်ပရောက် ၎င်း၏ ကျောင်း သားများ၏တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို အခိုင် အမာကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ယခင် ကတိပြုခဲ့သည်။
ဘဏ္ဍာရေးဈေးကွက်များ အုံကြွလာပြီး ထောက်ပံ့ရေးကွင်းဆက်များ ရပ်တန့်ကာ ကမ္ဘာတစ်ဝှမ်း စီးပွားရေးကျဆင်းမှု၏ အန္တရာယ်များအား မီးတောက်ပေါ်ဓာတ်ဆီလောင်းနေသည့် ထရန့်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ၏ ဗဟိုချက်၌လည်း တရုတ်နိုင်ငံက ရောက်ရှိနေသည်။
အမေရိကန်-တရုတ် ကုန်သွယ်ရေးအငြင်းပွားမှု မကြာသေးမီက ခေတ္တရပ်တန့်ထားသော်လည်း တရုတ်ကျောင်းသားဗီဇာကို ပယ်ဖျက်မည့်ယခု ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်ရှိနိုင်ငံတကာ ကျောင်းသားများ အနက် အိန္ဒိယနှင့် တရုတ် ကျောင်းသားများက ၅၄ ရာခိုင် နှုန်းအထိရှိပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်စီးပွားရေးကဏ္ဍအတွက် ဒေါ်လာ ၅၀ ဘီ လီယံ ကျော် ဖြည့် ဆည်းပေးခဲ့ကြောင်း အမေရိကန်ကုန်သွယ်ရေးဌာနထံမှ သိရသည်။
ဗီဇာထုတ်ပေးခြင်းနှင့် ပြန်လည်ရုပ်သိမ်းရန် အမေရိကန်နိုင်ငံခြားရေးဌာနတွင် ကျယ်ပြန့်သော အခွင့်အာဏာရှိထားသည်။
ပြည်ပကျောင်းသားများ ကျောင်းအပ်နှံခွင့်ကို ရုပ်သိမ်းသည့် အကြောင်းရင်းများစွာထဲမှ ဟားဗတ်တက္ကသိုလ်နှင့် တရုတ်နိုင်ငံ ဆက်ဆံရေးအပေါ် ထရန့်အစိုးရဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်တွင် ထောက်ပြခဲ့ပြီး ယင်းရုပ်သိမ်းမှုကို အမေရိကန် တရားသူကြီးတစ်ဦးက ယာယီတားမြစ်ထားသည်။
နိုင်ငံခြားရေးဝန်ကြီးရူဘီယို ၏ ထုတ်ပြန်ချက်တွင် ဗီဇာ ရုတ်သိမ်းခြင်းအား မည်ကဲ့သို့ အကျယ်တဝင့် ကျင့်သုံးမည်ကို အသေးစိတ် ဖော်ပြထားခြင်းတော့ မရှိပေ။
သို့ရာတွင် အရေအတွက်အနည်းငယ်မျှပင်လျှင် ကွန်မြူနစ်အုပ်ချုပ်သော တရုတ်နိုင်ငံမှ အမေရိကန်တွင် အဆင့်မြင့်ပညာရေးကို ရှာဖွေနေသည့် တရုတ်ကျောင်းသားများ၏ ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းကတည်းက စတင်ခဲ့သော စီးဆင်းဝင်ရောက်မှုကို အတားအဆီးဖြစ်စေနိုင်သည်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း တရုတ်၏ ပြိုင်ဆိုင်မှုပြင်းထန်သော တက္ကသိုလ်ပညာရေးစနစ်နှင့် အမေရိကန်ကျောင်းများ၏ ကျော်ကြားမှုကို ဆွဲဆောင်နိုင်ခြင်းကတရုတ်ကျောင်းသားများအတွက် အမေရိကန်က ရွေးချယ်စရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
အများအားဖြင့် ထိုကျောင်းသားများသည် အမေရိကန်တက္ကသိုလ်များ၏ ကုန်ကျစရိတ်ကြီးမြင့်မှုကို တတ်နိုင်သော ချမ်းသာသော မိသားစုများမှ လာရောက်ကြခြင်းဖြစ်သည်။
၎င်းတို့ထဲမှ အများအပြားသည် ဘွဲ့ရပြီးနောက်တွင်လည်း ဆက်လက်နေထိုင်ခဲ့ကြပြီး အမေရိကန် သုတေသနစွမ်းရည်နှင့် လုပ်ငန်းခွင်အင်အားအတွက်အထောက်အကူဖြစ်မှုဖြင့် အသိအမှတ်ပြုခြင်းခံရသည်။
အမေရိကန်ရှိ တရုတ်ကျောင်းသားဦးရေသည် ၂၀၂၄ ခုနှစ်တွင် ၂၇၇,၀၀၀ ခန့်အထိ ကျဆင်းသွားသော်လည်း ၂၀၁၉ ခုနှစ်တွင် ၃၇၀,၀၀၀ ဝန်းကျင်အထိမြင့်တက်ခဲ့ကာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံနှစ်ခုကြား တင်းမာမှုများ ကြီးထွားလာပြီး အမေရိကန်အစိုးရ၏ တရုတ်ကျောင်းသားများအား စစ်ဆေးမှုနှင့် COVID-19 ကပ်ရောဂါတို့ကြောင့် လျော့ကျသွားခဲ့ခြင်းဖြစ်သည်။
သတင်း-လင်းခေတ်
ကိုးကား-Reuters