ကျွန်တော်တို့ရဲ့ လူသားသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် နက္ခတ္တပညာလို့ခေါ်တဲ့ Astronomy ဟာ လူသားသမိုင်းစတင်ပြီး ရှေးဦးမဆွခင်ကတည်းက တည်ရှိနေခဲ့ပါတယ်။
ဒီလိုတည်ရှိခဲ့တဲ့ သက်သေတွေအဖြစ် အများကြီးရှိတဲ့အထဲက တစ်ခုကတော့ အီဂျစ်ပြည်ရဲ့ နိုင်းမြစ်ဝှမ်းဒေသမှာ တည်ရှိနေတဲ့ အဘူဆင်းဘယ် (Abu Simbel) ဘုရားရှိခိုးကျောင်းဆောင်တွေပဲ ဖြစ်ပါတယ်။
ဒီဘုရားကျောင်းတော်ကြီးတွေဟာ ရှေးခေတ်က လူ့သားမျိူးဆက်တစ်ခုဖြစ်တဲ့ အီဂျစ်လူမျိုးတွေရဲ့ နက္ခတ္တပညာနဲ့ ဗိသုကာပညာ ထူးချွန်ခဲ့မှုတွေကို ပြသနေတဲ့ ထင်ရှားတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။
အဘူဆင်းဘယ်မှာရှိတဲ့ ဘုရားကျောင်းတော်ကြီး နှစ်ခုထဲက အကြီးဆုံးဖြစ်တဲ့ ရမ်ဆီးစ် (Ramses II)ဘုရင် အတွက် တည်ဆောက်ထားတဲ့ ကျောင်းတော်ကြီးမှာ ထူးခြားတဲ့ အချက်တစ်ခုရှိပါတယ်။
ဒါကတော့ တစ်နှစ်ကို နှစ်ကြိမ်တိတိဖေဖော်ဝါရီ ၂၂ ရက်နဲ့ အောက်တိုဘာ ၂၂ ရက်နေ့တွေမှာ နေရောင်ခြည်ဟာ ဘုရားကျောင်းတော်ရဲ့ အဝင်ပေါက်ကနေ အတွင်းပိုင်းကို ၅၅ မီတာ (၁၈၀ ပေ) အထိ ထိုးဖောက်ဝင်ရောက်ပြီး အတွင်းခန်းထဲမှာရှိတဲ့ ကျောက်ရုပ်ထုတွေကို ထွန်းလင်းပေးတာ ဖြစ်ပါတယ်။
ဒီလို နေရောင်ခြည်ဝင်ရောက်တာဟာ မတော်တဆဖြစ်တာ မဟုတ်ပါဘူး။
ရှေးအီဂျစ်လူမျိုးတွေက ဒီလိုဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ တိကျစွာ တည်ဆောက်ထားတာလို့ အခုခေတ်သမိုင်းသုတေသီတွေက ယုံကြည်ကြပါတယ်။
ဘာလို့လဲဆိုတော့ ဖေဖော်ဝါရီ ၂၂ ရက်ဟာ ဒီကျောင်းဆောင်ကို တည်ဆောက်ခဲ့တဲ့ ဖာရိုဘုရင် ရာမ်ဆီစ် ၂ ရဲ့ နန်းတက်ပွဲ အထိမ်းအမှတ်နေ့ဖြစ်ပြီး၊ အောက်တိုဘာ ၂၂ ရက်ကတော့ သူ့ရဲ့ မွေးနေ့ဖြစ်တယ်လို့ ယူဆကြလို့ပါပဲ။
ဒီနေ့ရက်တွေမှာကျတဲ့နေရောင်ခြည်ကို ကျောင်းဆောင်ထဲကို ဝင်နိုင်အောင်စီမံနိုင်မှု ဟာ အဲ့ဒီခေတ်က နက္ခတ္တပညာရှင်တွေရဲ့ တိကျတဲ့ တွက်ချက်မှုနဲ့အဆောက်အအုံတည်ဆောက်မှု ပညာရပ်တွေကို ထင်ဟပ်နေပါတယ်။
ပိုပြီးထူးခြားတာက ဒီလိုနေရောင်ခြည်က ကျောင်းတော်အတွင်းကို ကျရောက်တဲ့အချိန်မှာ အထဲမှာရှိတဲ့ ရုပ်ထုလေးခုထဲက ရာမ်ဆေးစ် ၂၊ နတ်ဘုရား အေမွန်-ရာ (Amun-Ra) နဲ့ ရာ-ဟိုရာခ်တီ (Ra-Horakhty) ရဲ့ ရုပ်ထုသုံးခုကိုပဲ နေရောင်ခြည်ကျရောက်ပြီး မြေအောက်ကမ္ဘာရဲ့ နတ်ဘုရားဖြစ်တဲ့ ပတာ (Ptah) ရဲ့ ရုပ်ထုကိုတော့ အမှောင်ထဲမှာပဲရောက်နေအောင်စီမံထားတာပါ။
ဒါဟာ ရှေးခေတ်အီဂျစ်လူမျိုးတွေရဲ့ ဘာသာရေးယုံကြည်မှုကို နက္ခတ္တပညာအသုံးပြုပြီး ပေါင်းစပ်ထားနိုင်တဲ့ သာဓကတစ်ခုပါ။
ဒါ့အပြင် ၁၉၆၀ ပြည့်နှစ်တွေတုန်းက အီဂျစ်နိုင်ငံဟာ အဆွမ် (Aswan) ဆည်ကြီးကို တည်ဆောက်ဖို့ စီစဉ်ခဲ့ပါတယ်။
ဒီဆည်ကိုတည်ဆောက်မှု ကြောင့် နိုင်းမြစ်ရေ တိုးလာပြီး အဘူဆင်းဘယ် ဘုရားကျောင်းတော်ကြီးဟာ ရေအောက်ရောက်တော့မယ့် အခြေအနေ ဖြစ်လာပါတယ်။
ဒီလို အဖိုးတန် ရှေးဟောင်းအမွေအနှစ်ကြီး မပျက်စီးရလေအောင် ယူနက်စကို (UNESCO) အဖွဲ့အစည်းက ကမ္ဘာတစ်ဝန်းက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဘုရားကျောင်းတော်ကြီးကို အရင်နေရာကနေ မြင့်တဲ့နေရာကို ရွှေ့ပြောင်းဖို့ စီမံကိန်းကြီးကို လုပ်ခဲ့ပါတယ်။
ဒီစီမံကိန်းမှာ ဘုရားကျောင်းတော်ကြီးတစ်ခုလုံးကို ကျောက်တုံးကြီးတွေအဖြစ် ပိုင်းဖြတ်ပြီး အပိုင်းပေါင်း ၁၀၃၆ ပိုင်းအထိ ခွဲခြားခဲ့ရပါတယ်။ ပြီးတော့ အဲ့ဒီအပိုင်းတွေကို မူလနေရာကနေ ၂၀၀ မီတာ အကွာက ရေမရောက်နိုင်မယ့် တောင်ကုန်းတစ်ခုပေါ်ကို ပြန်လည် တပ်ဆင်တည်ဆောက်နိုင်ခဲ့ပါတယ်။
ဒီလိုရွှေ့ပြောင်းရာမှာ ရှေးအီဂျစ်လူမျိုးတွေ မူလက တည်ဆောက်ခဲ့တဲ့အတိုင်း နေရောင်ခြည် ထိုးဖောက်ဝင်ရောက်တဲ့ အချိန် ကို အတိအကျ ပြန်လည်ဖြစ်ပေါ်အောင် ပညာရှင်တွေက အသေးစိတ် တွက်ချက်ပြီး ရှေးဟောင်းအီဂျစ်လူမျိုးတွေရဲ့ ယဉ်ကျေးမှု ရည်ရွယ်ချက်မပျောက်ပျက်ရအောင် ပြန်လည်တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘုရားကျောင်းဆောင်ကြီးရဲ့ ရုပ်တု အစိတ်အပိုင်းတွေတင်မကဘဲ၊ ရှေးခေတ်ကတည်းက တည်ရှိခဲ့တဲ့ ယဉ်ကျေးမှုဆိုင်ရာ အဓိပ္ပာယ်နဲ့ နက္ခတ္တဆိုင်ရာ ထူးခြားချက်တွေ မပျောက်ပျက်သွားအောင် ထိန်းသိမ်းခဲ့ကြတာဟာ တကယ်ကို ချီးကျူးစရာပါ။
အဘူဆင်းဘယ် ဘုရားကျောင်းတော်ကြီးဟာ ရှေးခေတ်အီဂျစ်လူမျိုးတွေရဲ့ နက္ခတ္တပညာဆိုင်ရာ အောင်မြင်မှုတွေကို ခိုင်မာစွာ ပြသနေတဲ့ သက်သေတစ်ခု ဖြစ်သလို ဒီရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့အတွက် ခေတ်သစ်ပညာရှင်တွေရဲ့ စွမ်းဆောင်မှုတွေကိုပါ မမေ့လျော့အောင် ပြသနေတဲ့ လူသားအမွေအနှစ်တစ်ခု လည်းဖြစ်ပါတယ်။


