Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြန်မာဇာတ်ကားတွေထဲ သဘောကျမိတဲ့ ရုပ်ရှင် Money Has Four Legs: ခြေလေးချောင်း
မနေ့က Indie Film တွေစုစည်းပေးထားတဲ့ Post လေးတစ်ခုတက်လာတော့ ၂၀၂၀ တုန်းက Trailer ကြည့်ပြီးကြိုက်သွားတဲ့ ဇာတ်ကားတစ်ကားကို သွားသတိရမိတယ်။
ဇာတ်ကားနာမည်က Money Has Four Legs (ခြေလေးချောင်း) လို့ခေါ်ပါတယ်။ ဘီလူးခေါင်းပုံနဲ့ Poster မှာ စိတ်ဝင်စားဖို့ကောင်းအောင်လုပ်ထားတော့ ထိုင်းကလူတွေရိုက်တယ်လို့ထင်နေမိတယ်။ နောက်မှရှာကြည့်တော့ မြန်မာလူမျိုး ဒါရိုက်တာ ဖြစ်နေမှန်းသိလိုက်ရတယ်။ အဲတုန်းကတော့ ကျွန်တော်ဟာ စာရေးသူတစ်ယောက်မဖြစ်သေးတဲ့ အချိန်ပါ။
မြန်မာ့ရုပ်ရှင် Industry မှာ အခုလိုမျိုး ရုပ်ရှင်တွေပေါ်လာဖို့ကတော့ အခုလို ပေါကားတွေ ပေါချင်းသောချင်းထွက်နေတဲ့ အနေထားနဲ့ဆို မမျှော်လင့်တော့ပါဘူး။ ထွက်ဖို့လည်းမရှိလောက်တော့ဘူးထင်ပါတယ်။
အဲ့ကားမတိုင်ခင် ခီမောင်နှံရဲ့ ရုပ်ရှင်တွေက မြန်မာ့ရုပ်ရှင် လောကကို ပြောင်းလဲမှု အသစ်တွေယူလာပေးတော့ Studio ကြီးတွေနဲ့ ဖန်တရာထေဇာတ်လမ်းတွေ ရိုက်လာတဲ့ မင်းသား၊ မင်းသမီးတွေက မျက်ခုံးလှုပ်ခဲ့တာပေါ့။
နောက်တော့ ဆန်းသစ်တဲ့ ဇာတ်ကားတွေ တဖြည်းဖြည်း ပေါ်လာပြီး လူငယ် Cast တွေနဲ့ လူငယ် ဒါရိုက်တာတွေကို ဦးစားပေးလာကြတယ်။ ဇာတ်ကားတွေကလည်း ပရိတ်သက်တွေ အကြိုက်တွေခဲ့ကြသလို Education မဖြစ်တဲ့ ပရိတ်သတ်တွေကိုပါ Cast လန်းလန်းတွေသုံးပြီး ဆွဲခေါ်သွားနိုင်တာတွေ့ရတယ်။
Plot ဆိုတာဘာမှန်းမသိတဲ့ မြန်မာတွေကို ဇာတ်လမ်းကို ဘယ်လို အဆုံးသတ်သွားလည်းဆိုတဲ့ တွေးစရာတွေပေးသွားတဲ့ ဇာတ်ကားတွေလည်းပေါ်လာတယ်။ ဥပမာ - ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ “ည” နဲ့ “သူစိမ်းအိမ်” စတဲ့ဇာတ်ကားတွေက လူကြိုက်များခဲ့သလို Horror ဇာတ်လမ်းတွေထဲမှာ တွေးစရာတွေပေးသွားတဲ့ ဇာတ်ကားလို့ပြောရပါမယ်။
ဒီလိုမျိုး ဖောက်ထွက်လာတဲ့ ဇာတ်ကားတွေကို အမီလိုက်ဖို့ Studio ကြီးတွေ အငြိမ်မနေရတော့တာလည်းတွေ့လာရတယ်။ အဲ့တုန်းက ပေါပေါပဲပဲဇာတ်ကားတွေ မထွက်သလောက်ကိုရှိနေပြီ။ အားလုံးက အချိန်ယူပြီးရိုက်ကြတယ်၊ နောက်ပြီး ရုပ်ရှင်ကြည့်ပရိတ်သက်တွေကိုလည်း ဖျော်ဖြေမှု အဆင့်တစ်ခုထက်ပိုတဲ့ ရသမျိုးတွေပေးလာနိုင်တယ်။
ပြောရရင်တော့ အခုခေတ် အဆိပ်အတောက်တွေပေးနေတဲ့ မြန်မာ့ရုပ်ရှင်ထက် အဲ့တုန်းကထွက်ခဲ့တာတွေက အဆင့်အတန်းအရမ်းကိုကွာခြားလွန်းပါတယ်။ အခုရုပ်ရှင်တွေက ရပ်ကွက်ထဲက စကားနဲ့ပြောရရင် ကြည်လာတာတစ်ခုပဲရှိပါတယ်။ Camera Movement ဒီအတိုင်းပဲ၊ Cinematography အဝေးကြီး၊ သရုပ်ဆောင်မှုအပိုင်း မြင်ဖူးနေကြပုံစံတွေပဲ၊ Cast အသစ်တွေမသုံး၊ သုံးတော့လည်း ဇာတ်လမ်းနဲ့ အံ့ဝင်ခွင်ကျမရှိတဲ့ ဆယ်လိီတွေ၊ ဟာသတွေက အောက်လုံးတွေကြီးပဲ၊ သရဲကားဆို ကြောက်ရကောင်းမှန်းမသိသေးဘူး၊ Drama ဆို အိမ်ထောင်ရေးဖောက်ပြန်တာတွေကြီး၊ ဒါတွေကြီးပဲ လုံးလည်ချာလည်လိုက်နေရင်းနဲ့ကို အချိန်ကုန်နေမိတဲ့ မြန်မာ့ရုပ်ရှင်ဟာ တစ်လဆို ရုံကြီးကားပဲ အနည်းဆုံးသုံးကားလောက်က ထွက်နေတာပါ။
အခုပြောခဲ့တာတွေ အကုန်လုံးက Money Has Four Legs (ခြေလေးချောင်း) ဆိုတဲ့ ဇာတ်ကားထဲမှာ ကွက်ကွက်ကွင်းကွင်းကိုပြသထားတာပါ။ ပြောရရင် ရုပ်ရှင်တစ်ကားရဲ့ နောက်ကွယ်မှာဘာတွေဖြတ်ကျော်ရသလဲဆိုတာမျိုးတွေကို သရော်ထားပြီး ဟာသနဲ့ရောရိုက်ထားတာက Trailer ကြည့်နေရင်းနဲ့ကို ပေးချင်တဲ့ Message က ဘာလည်းတန်းပြီးသဘောပေါက်စေမယ့် ဇာတ်ကားမျိုးပါ။
ဆိုးတာတစ်ခုက ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာ ရုံတင်ဖို့ လုပ်သေးတယ်ဆိုပေမယ့် အကြောင်းကြောင်းကြောင့် ရုံမတင်ဖြစ်လိုက်ပဲ ၂၅ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်၊ 74 ကြိမ်မြောက် Locarno ရုပ်ရှင်ပွဲတော်၊ 20th New York Asian Film Festival နဲ့ 2021 Vancouver International Film Festival တို့အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာသာ ပြသခဲ့ရပါတယ်။ နောက်ပြီး 2021 Jakarta Film Week မှာ Global Feature Award of Special Mention Award ကိုရထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
အခုနေကာလနဲ့ကြည့်မယ်ဆို ဒီဇာတ်ကားဟာ မြန်မာရုပ်ရှင်လောကကို မီးမောင်းထိုးပြနေတဲ့ Indie ရုပ်ရှင်လေးတစ်ကားပါပဲ။ စဖို့ မလွယ်တဲ့ ရုပ်ရှင်ကို ရိုက်ကူးရင်း လူငယ်ဒါရိုက်တာတစ်ယောက်ရဲ့ အိပ်မက်တွေပျက်ဆီးမှုစီကို ဦးတည်လာတဲ့ ဒီရုပ်ရှင်ဟာ မြန်မာနိုင်ငံက ရုပ်ရှင် နဲ့ မျိုးဆက်သစ်တွေအပေါ်ဖိနှိပ်မှုတွေမြင်တွေ့ရနိုင်ပါတယ်။
ဒီဇာတ်ကားကို နိုင်ငံခြားရောက်သူတစ်ချို့ကတော့ကြည့်ဖူးကြမယ်ထင်ပါတယ်။ တစ်ချို့သူတွေကတော့ ကြည့်ဖူးမယ်မထင်ပါဘူး။ ဆိုတော့ အခွင့်သာမယ်ဆိုရင်တော့ကြည့်ဖူးချင်တဲ့ ဇာတ်ကားထဲပါတဲ့ ရုပ်ရှင်ပါပဲ။
Level Cross(2024)
ဗာဟူးဘလီမင်းသားက အဲဒီဇာတ်ကားမှာပဲ အဲဒီရုပ်ရည်ရှိပြီး ကျန်တဲ့ဇာတ်ကားတွေမှာက တခြားရုပ်ဖြစ်နေတာ များတယ်။ လူတူမရှားနာမည်တူမရှား ဗာဟူးဗလီလိုရုပ်မျိုးနဲ့ မင်းသား တစ်ယောက်တလေတော့ ရှိဦးမှာပါ ဆိုပြီး ငံ့လင့်နေတဲ့ ကျနော် RRR ဇာတ်ကားက ဒုတိယမင်းသားကို ကြည့်ပြီး ဆန္ဒတမျိုးပြည့်ရတယ်။ ဆံပင်လှိုင်းတွန့် ဖွာရရာနဲ့ မျက်ခုံးမျက်လုံးကောင်းကောင်း၊နှာတံထင်းထင်း၊ နှုတ်ခမ်းမွေးမုတ်ဆိတ်မွေးထူထူကြားက ဟိုစာရေးဆရာပြောသလို ငပိရောင်တောက်နေတဲ့နှုတ်ခမ်းနဲ့ တကယ်ကို ကုလားဆန်တဲ့ ရုပ်ရည်မျိုး။ နောက်ပိုင်းတွေ ကြည့်ဖြစ်တဲ့ ဇာတ်ကားတွေမှာ တွေ့မိတဲ့ Asif Ali က RRRကလူထက် ပိုပြီး အဲဒီရုပ် ပိုပေါက်တယ်ဗျ။ စတွေ့ဖူးတုန်းက သမားရိုးကျတောင်ပိုင်းကားတွေအတိုင်း မင်းသားအသားပေး ဇာတ်ကားပါပဲ၊ မျက်လုံးဝိုင်းဝိုင်း ဆံပင်ကောက်ကောက်နဲ့သူ့ရုပ်လေးက ဟီးရိုးဆန်ဆန်မဟုတ်ဘဲ ကလေးလို ချစ်ဖို့ကောင်းပြီး တမူထူးခြားတယ်။ ရုပ်ကိုကြိုက်ပေမယ့် အဲဒီလိုကား ရိုက်ရင် ပဲပေးရတာပဲများပြီး သရုပ်ဆောင်ရတာက နည်းနည်းမို့ သူ့ကို သိပ်စိတ်ထဲမရှိမိပါဘူး။ Level Cross(2024) ကြည့်ပြီးတော့မှ သူ့ကို မင်းသားအနေနဲ့မဟုတ်ဘဲ စံချိန်မီသရုပ်ဆောင်အနေနဲ့ လက်ခံမိပြီး ကြိုက်သွားတယ်။
အဲဒီကားမှာ Asif က ရာဂူးဆိုတဲ့ မီးရထား ဂိတ်စောင့်။ နေရာက မြန်မာလို လွင်တီးခေါင်ပြင်၊ ကန္တာရ လို့ပြောမယ့်အစား အင်္ဂလိပ်လို desert လို့ပြောတာ အသင့်ဆုံး ဖြစ်မယ်။ ဂိတ်ရှိရာ ကားလမ်းကလည်း ကားမလာတတ်၊ အနားကရွာကလည်း ရွာပျက်၊ အပင်တွေက ရှင်သန်ပေါက်ဖွားဖို့ ငြင်းဆန်ခံရတာအပြင် လူတွေကပါ စွန့်ခွာခံရတဲ့ တကယ့် desert ပါပဲ။ အဲဒီနား သက်ရှိနဲ့တူတာ ရာဂူးနဲ့ သူ့မြည်းလေး ဆစ်ဂနယ်ပဲ ရှိတယ်။ တနေ့ အဲဒီမှာ အရှိန်နဲ့သွားနေတဲ့ ရထားပေါ်ကနေ ပြုတ်ကျလာတဲ့ အမျိုးသမီးကြောင့် သူ့ဘဝလေး စိုပြေလာရုံရှိသေး သူ့ယောက်ျားလိုက်လာတဲ့အခါမတော့..။
ကျနော့်ငယ်ဘဝ နေခဲ့ရာ မြို့က လေအတော်ထန်တော့ လေတဖြူးဖြူးတိုက်ခံရရင် အိမ်ကိုသတိရစိတ် ဖြစ်မိတာပဲ။ နောက်ပြီး အစိုးရဝန်ထမ်းအိမ်ယာအဖြစ် သုံးကြတဲ့ ခေတ်ဟောင်းအိမ်ကြီးတွေ ဖြတ်သွားဖြတ်လာ မြင်မိရင် ဝင်ကြည့်ချင်စိတ်ဖြစ်မိတာ ငယ်ဘဝထဲကပဲ။ ရှေးအရသာပြောရမလား ဘာကိုလွမ်းလို့လွမ်းမှန်းမသိ ခံစားရတယ်။ အခုဇာတ်ကား တည်ရာနေရာ လေတဖြူးဖြူးနဲ့ ကန္တာရအလယ်က ရှေးဆန်တဲ့မီးရထားဝန်ထမ်းအိမ်လေး ဆိုတော့ ဆက်တင်နဲ့တင် ငြိမိတာပါပဲ။ သုံးယောက်တည်းသော သရုပ်ဆောင်တွေကလည်း ရာဂူးက ကျနော်ငယ်ငယ်က တွေ့ဖူးတဲ့ အရူးနဲ့ တပုံစံတည်းပဲ။ ညစ်တီးညစ်ပတ်နဲ့ စုတ်တိစုတ်ဖွာပုံစံကော၊ ရူးနေပေမယ့်လည်း sexy ဖြစ်တာရော သိပ်တူတယ်။ ကျနော် ငယ်ငယ်ကအားရင် အဲ့အရူးကို ထိုင်ငေးပြီး စိတ်ကူးနဲ့ ရေချိုးပေးကြည့်/ဖီးလိမ်းပေးကြည့်ဖူးတယ်။ ရူးသာမရူးရင် မင်းသားရှုံးမယ့်သူပဲ လို့။ မင်းသမီးကကျတော့ အခုလက်ရှိ ရွာထဲက စိတ်မူမမှန်တဲ့ အမျိုးသမီးနဲ့ တူပြန်ရော။ သူ့ယောက်ျားကတော့ မြန်မာရုပ်နဲ့ နဂိုတည်းက ဆိုက်ကိုရုပ်ကြီး။ ဇာတ်ကားထဲ သုံးယောက်စလုံးက အရူးတွေချည်း။ အဲဒါနဲ့ ကျနော့်အနေနဲ့တော့ ကြည့်ရတာ တကယ်ဖြစ်နေသလိုပါပဲ။
မကြိုက်တာတခုက ကန္တာရထဲလျှောက်သွားနေတဲ့မင်းသားက ဖိနပ်ချုပ်ပြီးပြန်စီးနဲ့အခန်းမှာ ခြေထောက် နုဖတ်နေတာပါပဲ။ တကိုယ်လုံးစုတ်ပြတ်နေအောင် ပြင်ထားပြီး ခြေထောက်ကျမှ အဖျားရှူးသွားတာရယ်။ အဲဒါလေးပါပဲ။ ကျန်တာကတော့ ပြောစရာမရှိ။ သတ္တုပြားလေးတွေ တချွင်ချွင်နဲ့ လေမှာလွင့်နေတာကအစ အကြောင်းမဲ့ ရိုက်ပြမထားဘူး။ ဇာတ်ကား ပြီးသွားလည်း ဆက်ပြီး တွေးနေရ ကြောက်နေရတယ်။ အစပိုင်းမှာ နည်းနည်းပျင်းစရာကောင်းပြီး တဖြည်းဖြည်း အရှိန်တက်လာတဲ့ ဇာတ်လမ်းမျိုးပါ။ ကြည့်ကြည့်ကြည့်ပါဦး။
ကျနော့အတွက်ကတော့ ရုပ်ရှင်ကားရွေးတော့မယ် ဆိုရင် ဪ သူပါတာပဲ၊ ကောင်းမှာပေါ့ လို့ ယုံရတဲ့ သရုပ်ဆောင်တွေထဲ Asif Ali တစ်ယောက်တော့ တိုးလာပြီ။ အဲဒီလောက်ရုပ်ဆိုးအောင် သရုပ်ဆောင်ဝံ့ဖို့က တော်ရုံစိတ်ထားတော့ မဟုတ်နိုင်ဘူးရယ်။