ဥရောပထိပ်သီးလိဂ်ကလပ်ရဲ့ ရှယ်ယာကို ပိုင်ဆိုင်တဲ့ နယူးယောက်မြို့တော်ဝန်သစ်ဇိုဟ်ရန်းမမ်ဒါနီ
======================

အသစ်စက်စက် ရွေးကောက်ခံထားရတဲ့ နယူးယောက်မြို့တော်ဝန်ဇိုဟ်ရန်းမမ်ဒါနီဟာ ဥရောပထိပ်တန်းလိဂ်ကလပ်တစ်ခုမှ ရှယ်ယာဝင်တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။

အသက် ၃၄ နှစ်ရှိ မမ်ဒါနီဟာ ၁၈၉၂ ခုနှစ်နောက်ပိုင်းတွင် နယူးယောက်ရဲ့ အသက်အငယ်ဆုံး မြို့တော်ဝန်တစ်ဦးဖြစ်လာသလို နယူးယောက်မြို့တော်ဝန်ဖြစ်လာတဲ့ ပထမဆုံးမွတ်စလင်ဘာသာဝင်တစ်ဦးလည်း ဖြစ်လာပါတယ်။

ဇိုလ်ရန်းမမ်ဒါနီကို အရှေ့အာဖရိကနိုင်ငံ ယုဂန္ဒာတွင် အိန္ဒိယနွယ်ဖွားမိဘများက မွေးဖွားခဲ့တာ ဖြစ်ပြီး အသက် ၇ နှစ်သား အရွယ်ကတည်းက နယူးယောက်တွင် အခြေချနေထိုင်လာခဲ့သူ ဖြစ်ပါတယ်။

လက်ဝဲဒီမိုကရက်တစ်ဦးဖြစ်တဲ့ မမ်ဒါနီဟာ နယူးယောက်မြို့တော်ဝန်ဟောင်းအင်ဒရူးကူမိုနှင့် ရီပတ်ဘလစ်ကန် ကာတစ်ဆလီဝါတို့ကို အနိုင်ယူကာ မြို့တော်ဝန်သစ်အဖြစ် ရွေးချယ်ခံခဲ့ရတလည်း ဖြစ်ပါတယ်။

မြို့တော်ဝန်သစ်ဖြစ်လာတာနဲ့အညီ မမ်ဒါနီဟာ လာမယ့်နှစ် နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် အားကစားရေးရာကိစ္စရပ်များကိုလည်း ကိုင်တွယ်လာတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နယူးယောက်စီးတီးအနီး နယူးဂျာစီမှ MetLife Stadium မှာ ကျင်းပလာပါမယ်။
ဒါကြောင့်လည်း မမ်ဒါနီဟာ ဇူလိုင်လ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနီး ထိုင်ခုံမှာ ထိုင်ကာ ကြည့်ရှုလာနိုင်ပါတယ်။

တကယ်တော့ မမ်ဒါနီဟာ ဘောလုံးနှင့် စိမ်းတဲ့ သူတစ်ဦးတော့ မဟုတ်ပါဘူး။

၂၀၁၂ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ မမ်ဒါနီက လက်ရှိ လာလီဂါမှာ ကစားနေတဲ့ စပိန်ကလပ် ရီးရဲလ်အိုဗီဒိုရဲ့ ရှယ်ယာများကို ဝယ်ယူခဲ့ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

၂၀၁၂ ခုနှစ်တုန်းက အိုဗီဒိုဟာ ဘဏ္ဍာရေးပြဿနာကြုံခဲ့ရပြီး တစ်ကမ္ဘာ့လုံးမှ ဘောလုံးပရိသတ်များရဲ့ အကူအညီကြောင့် ပြန်လည်ရှင်သန်ခဲ့တာလည်း ဖြစ်ပါတယ်။

ထိုစဉ်တုန်းက အိုဗီဒိုဟာ ကလပ်မပြိုလဲရေး ယူရို ၂ သန်းလိုအပ်နေခဲ့ပြီး စတားဟောင်းများဖြစ်ကြတဲ့ ဆန်တီကာဇိုလာ၊ ဟွမ်မာတာ၊ မီချူးတို့ကလည်း ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

ဒါ့အပြင် ထိုစဉ်တုန်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကားလို့စ်ဆလမ်က ယူရို ၂ သန်း ရင်းနှီးမြှပ်နှံခဲ့ကာ ကလပ်ကို ကယ်တင်ပေးခဲ့ပါတယ်။

ရီးရဲလ်အိုဗီဒိုဟာ ၂၀၁၅ ခုနှစ်တွင် ၁၃ နှစ်ကြာ ဝေးကွာလာခဲ့တဲ့ စပိန်ဒုတိယတန်းလိဂ် ဆီဂန်ဒါသို့ ပြန်လည်တက်လှမ်းခဲ့ပါတယ်။

ယင်းနောက် အိုဗီဒိုဟာ ၂၀၂၃-၂၄ ရာသီတွင် လာလီဂါသို့ တန်းပြန်တက်ရေး နီးစပ်ခဲ့ပေမယ့်လည်း ပလေးအော့ဖ်ဗိုလ်လပွဲမှာ အက်စ်ပန်ညိုအား ၂-၁ ဖြင့် ရှုံးနိမ့်ကာ တန်းတက်နိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။

ဒါပေမယ့် ၎င်းတို့ဟာ ပြီးခဲ့တဲ့ရာသီမှာတော့ ပလေးအော့ဖ်ဗိုလ်လုပွဲတွင် မီရန်ဒါကို အနိုင်ယူပြီး လာလီဂါသို့ တန်းတက်နိုင်ခဲ့ပါတယ်။

အိုဗီဒိုဟာ လာလီဂါသို့ တန်းပြန်တက်လာတယ်ဆိုပေမယ့် ရုန်းကန်နေရကာ လက်ရှိ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။

image

လုပ်ခများစွာ တောင်းဆိုမှုကြောင့် ဂူဟီအား ခေါ်ယူရေး ကြိုးပမ်းမှုမှ နောက်ဆုတ်လာတဲ့ ရီးရဲလ်မက်ဒရစ်
======================

ရီးရဲလ်မက်ဒရစ်ဟာ လုပ်ခမြင့်မားစွာ တောင်းဆိုလာမှုနှင့်အတူ ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်မာ့ခ်ဂူဟီအား ခေါ်ယူရေး ကြိုးပမ်းမှုမှ နောက်ဆုတ်လာပြီ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်ဟာ ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဥရောပထိပ်သီးကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ဂူဟီဘက်က လုပ်ခမြင့်မားစွာ တောင်းဆိုနေမှု၊ လက်မှတ်ထိုးကြေး မြင့်မားစွာ တောင်းဆိုမှုတို့ကြောင့် ခေါ်ယူရေး ကြိုးပမ်းမှုအား လက်လျော့လိုက်ပြီ ဖြစ်ပါတယ်။

လီဗာပူးဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တုန်းက ဂူဟီအား ခေါ်ယူရေး သဘောတူညီမှု ရရှိကာ အပြောင်းအရွှေ့အပြီးသတ်ရေး ဆေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့်လည်း ပဲလေ့စ်ဘက်က အစားထိုးနိုင်မယ့် ကစားသမား ခေါ်ယူနိုင်မှု မရှိမှုနှင့်အတူ ခေါ်ယူရေး ပျက်ပြယ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ယခုကဲ့သို့ ရီးရဲလ်မက်ဒရစ်ဘက်က ဟူဟီအား ခေါ်ယူရေး လက်လျှော့လာမှုနှင့်အတူ ဘိုင်ယန်မြူးနစ်နှင့် လီဗာပူးတို့ ခေါ်ယူရေး အခြေအနေ ကောင်းလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဂူဟီအား ခေါ်ယူရေး နောက်ဆုတ်လာမှုနှင့်အတူ အီဘရာဟမ်ကိုနာတေး၊ ဒါယော့အူပါမီကာနိုနှင့် ဝီလီယမ်ဆာလီဘာတို့အား ခေါ်ယူရေး ပိုမို အားစိုက် လုပ်ဆောင်လာပါတယ်။

image

လေးလတာ ကလပ်သစ်ရှာဖွေမရပြီးနောက် အသက် ၃၁ နှစ်ရှိမှာဘဲ ကစားသမားဘဝမှ အနားယူလာတဲ့ ပြင်သစ်စတား
=======================

ပြင်သစ်စတားဟောင်းလီယိုဒူဘွာစ်ဟာ အသက် ၃၁ နှစ် အရွယ်မှာဘဲ ကစားသမားဘဝမှ အနားယူကြောင်း ကြေညာလာပါတယ်။

လိုင်ယွန်နောက်ခံလူဟောင်းဟာ လေးလတိုင်တိုင် ကလပ်သစ်ရှာမဖွေမရ ဖြစ်နေခဲ့ပြီးနောက် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၃ ပွဲကစားထားတဲ့ ဒူဘွာစ်ဟာ ဇူလိုင်လတုန်းက နောက်ဆုံးကစားခဲ့တဲ့ တူရကီကလပ် Eyupspor နှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ဂါလာတာစာရေးနှင့်အတူ တူရကီစူပါလိဂ်ဖလား၊ ၂၀၂၁ ခုနှစ်တုန်းက ပြင်သစ်နှင့်အတူ နေးရှင်းလိဂ်ဖလားတို့ ဆွတ်ခူးခဲ့ပေမယ့်လည်း ကလပ်သစ်ရှာမရ ဖြစ်နေမှုနှင့်အတူ ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ပါတယ်။

ဒူဘွာစ်ဟာ ၂၀၀၀ ခုနှစ်တုန်းက အပျော်တမ်းကလပ် Saint-Gemmes d'Andigne တွင် ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပြီး နန့်တက်စ် (၂)အတွက် ပထမဆံးစီနီယာပွဲကစားခွင့်ရခဲ့ကာ နန့်တက်စ်၊ လိုင်ယွန်၊ ဂါလာတာစာရေး၊ အစ္စတန်ဘူလ်ဘာဆစ်ဆီဟာ၊ Eyüpspor တို့မှာ ကစားခဲ့ပါတယ်။

ဒူဘွာစ်ရဲ့ ဖခင်က လက်ဘနွန်ဖွားတစ်ဦးဖြစ်ပြီး အသက် ၁၃ လသားအရွယ်တွင် ပြင်သစ်မိသားစုတစ်ခုရဲ့ မွေးစားခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ ၂၀၂၀ ခုနှစ်တုန်းက ဘေရွတ်ပေါက်ကွဲမှုဖြစ်စဉ်တုန်းက မြို့အား ပြန်လည်တည်ဆောက်ရေးရန်ပံငွေ ရရှိရေး ရှေ့တန်းမှ ပါဝင်လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

image

အောက်တိုဘာလတစ်လတာအကောင်းဆုံးနည်းပြဆုကို ယူနိုက်တက်နည်းပြအမိုရမ် ဆွတ်ခူး
====================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်ဟာ အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုအား ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးလာပါတယ်။

အမိုရမ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ယူနိုက်တက်နည်းပြဖြစ်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလတုန်းက သုံးပွဲဆက်နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ကာ ဖိအားများ လျှော့ချနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အောက်တိုဘာလတုန်းက ဆန်းဒါးလန်းကို အနိုင်ယူခဲ့သလို ၂၀၁၆ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အန်ဖီးလ်တွင် လီဗာပူးကို အနိုင်ရခဲ့သလို ဘရိုက်တန်ကိုလည်း ၄-၂ ဖြင့် အနိုင်ယူခဲ့ပါတယ်။

ဩဂုတ်လတုန်းက လိဂ် ၂ ကလပ် ဂရမ်စဘီကို ရှုံးနိမ့်ကာ ခါရာဘောင်ဖလားမှ ထွက်ခဲ့ရတဲ့ အမိုရမ်က"ဒါက ကျွန်တော့်ကြောင့် မဟုတ်ပါဘူး။ ကစားသမားတွေကြောင့် ရလာတာပါ။ သူတို့ အရမ်းကောင်းခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က လာမယ့်ပွဲနိုင်ပွဲရဖို့ပါ။ ဘောလုံးပွဲနိုင်ဖို့ ဆိုတာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

အမိုရမ်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက အဲရစ်တန်ဟက် ဆွတ်ခူးပြီးနောက် တစ်လတာအကောင်းဆုံးနည်းပြဆုကို ပထမဆုံးဆွတ်ခူးနိုင်တဲ့ ယူနိုက်တက်နည်းပြဖြစ်လာပါတယ်။

အမိုရမ်ရဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ် နိုဝင်ဘာလ ၁ ရက်နေ့တုန်းက နောက်ဆုံးပွဲတွင် နော်တင်ဟမ်ဖောရက်စ်နှင့် တစ်ဂိုးစီသရေကျခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

ဒါအပြင် အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း ယူနိုက်တက်ကစားသမားဘရိုင်ယန်အမ်ဘူမိုကပင် ဆွတ်ခူးသွားပါတယ်။

အမ်ဘူမိုဟာ အောက်တိုဘာလ နိုင်ပွဲ ၃ ပွဲတွင် ၃ ဂိုးသွင်းကာ ၁ ကြိမ်ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

image

ကစားသမားအလှည့်ကျစနစ် အသုံးပြုတဲ့ ပေါ်လစီအပေါ် မာရက်စ်ကာ ကာကွယ်ပြောကြားလာ
====================

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာဟာ ကစားသမားများကို အလှည့်ကျ အသုံးပြုတဲ့စနစ်အား ကာကွယ်ပြောဆိုလာပါတယ်။
မာရက်စ်ကာဟာ ကြားရက်တုန်းက ကွာရာဘက်နှင့် ၂ ဂိုးစီသရေကျပြီးနောက် အလှည့်ကျစနစ် အလွန်အကျွံအသုံးပြုမှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခြင်းခံခဲ့ရပါတယ်။

ယူနိုက်တက်နှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်းဝိန်းရွန်းနီက ချဲလ်ဆီးကစားသမားများအနေဖြင့် မာရက်စ်ကာရဲ့ အလှည့်ကျစနစ် အသုံးပြုမှုအပေါ် မေးခွန်းထုတ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ကွာရာဘက်နှင့်ပွဲတွင် တစ်သင်းလုံးနီးပါးကို အပြောင်းအလဲ ပြုလုပ်ပွဲထုတ်ခဲ့ပြီး နောက်ဆုံး ၅ ပွဲတွင် အနည်းဆုံး ၇ ဦး အပြောင်းအလဲ ပြုလုပ် ခင်းကျင်းခဲ့ပါတယ်။

ဒါပေမယ့် မာရက်စ်ကာက "ကျွန်တော်တို့က ကျွန်တော်တို့ ရောက်ချင်တဲ့ နေရာသို့ ရောက်နေတာပါ။ ဒီကလပ်ကို ကျွန်တော် ရောက်ကတည်းက အလှည့်ကျသုံးဖို့က ကျွန်တော့်အမြင်ပါ။ အနိုင်ရတဲ့အချိန်မှာ ဘယ်သူမှ စောဒက မတက်ဘူး။ ရှုံးတော့မှ အပြစ်မြင်တာ အပြစ်မမြင်ပါဘူး။ ကစားသမားတစ်ဦးအနေနဲ့ အလှည့်ကျစနစ်သုံးတာ ကျွန်တော် သဘောကျတယ်။ ဘောလုံးက အရင်နှစ်ပေါင်းများစွာတုန်းက ကြံ့ခိုင်မှု၊ ပြင်းထန်မှု ကွာဟသွားပါပြီ။ တစ်ရာသီကို ကစားသမားတစ်ဦးက ၆၅ ပွဲကစားဖို့ မဖြစ်နိုင်ပါဘူး။ ဘောလုံးရာသီတစ်ခုကို မာရာသွန်လို မြင်တယ်ဆိုရင် ဖေဖော်ဝါရီ၊ မတ်လက နောက်ဆုံးပြေးပွဲပါ။ ကွဲပြားတဲ့ပုံစံနဲ့ တွေးရမယ်။ ဒါပေမယ့် ရှည်လျားတဲ့ ပြိုင်ပွဲပါ"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် မာရက်စ်ကာဟာ ကွာရာဘက်နှင့်ပွဲတွင် ပေးဂိုး ၂ ဂိုးလုံးတွင် ပါဝင်ပတ်သက်ခဲ့တဲ့ လူငယ်နောက်ခံလူဂျိုရေးလ်ဟာတိုကိုလည်း ကာကွယ်ပြောကြားသွားပါတယ်။

image

ကမ္ဘာ့ဖလားနှောင်းပိုင်းတွင်လည်း အင်္ဂလန်အသင်းကို ကိုင်တွယ်ရန် တံခါးဖွင့်ပေးလာတဲ့ တူချယ်
=======================

သောမတ်စ်တူချယ်က ကမ္ဘာ့ဖလားနှောင်းပိုင်းတွင်လည်း အင်္ဂလန်အသင်းကို ဆက်လက် ကိုင်တွယ်ရန် တံခါးဖွင့်ပေးလာပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ ယခုနှစ် အစောပိုင်းတုန်းက အင်္ဂလန်အသင်းကို ၁၈ လစာချုပ်ဖြင့် ကိုင်တွယ်လာတာဖြစ်ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။

တူချယ်ဟာ အင်္ဂလန်အသင်းကိ ပြိုင်ပွဲများတွင် ၆ ပွဲဆက် နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပြီး အလုပ်တွင် ပျော်ရွှင်နေမှုနှင့်အတူ စာချုပ်သက်တမ်းတိုးမု ပြုလုပ်လိုကြောင်း ပြောကြားလာပါတယ်။

စာချုပ်သစ်ချုပ်ဆိုနိုင်သလားလို့ မေးမြန်းလာချိန်တွင် ပီအက်စ်ဂျီ၊ ချဲလ်ဆီးနှင့် ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက "ဟုတ်ပါတယ်။ အရမ်းပျော်ရတယ်။ အခုအချိန်မှာ ဘာမှ ကြေညာစရာ မရှိပါဘူး။ အရေးအကြီးဆုံးက လာမယ့် စခန်းသွင်းလေ့ကျင့်မှုကို အာရုံစိုက်ဖို့ပါ။ ဒီအသင်းနဲ့ အက်ဖ်အေကိုချစ်တော့ စိတ်ပိုင်းဆိုင်ရာ အရမ်းကောင်းတယ်။ စာချုပ်နဲ့ပတ်သက်ပြီး တွေးဖို့ အချိန်များများစားစား မရှိပါဘူး။ ဒီအတွက် လုပ်ဖို့ အချိန်တွေ အများကြီးပါ"ပြောကြားသွားပါတယ်။

တူချယ်ဟာ လာမယ့်အပတ် ကြာသပတေးနေ့ ဝင်ဘာလေကွင်းတွင် ဆားဘီးယားနှင့် ရင်ဆိုင်ရမယ့်ပွဲနှင့် တနင်္ဂနွေနေ့ အယ်ဘေးနီးယားနှင့် ရင်ဆိုင်ရမယ့်ပွဲများအတွက် အင်္ဂလန်အသင်းလူစာရင်းအား ကြေညာလာရာတွင် ဂျူ့ဘယ်လင်ဂမ်နှင့် ဖီးလ်ဖိုဒန်တို့အား ထည့်သွင်းရွေးချယ်လာပါတယ်။

ယင်းကစားသမားနှစ်ဦးတို့ဟာ အင်္ဂလန်အသင်းတွင် အဓိကနေရာမှ ကစားလာခဲ့ကြပေမယ့် ပြီးခဲ့တဲ့လ နိုင်ငံတကာပွဲများတွင် အံ့ဩသင့်ဖွယ်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

image

ယူနိုက်တက်စတားဟောင်းကို လူမျိုးရေးခွဲခြားမှုအတွက် ၉ ပွဲပယ်ခံလာရတဲ့ ချန်ပီယံရှစ်တိုက်စစ်မှူး
====================

ပရက်စတန်တိုက်စစ်မှူးမီလူတင်အိုစမာဂျစ်ဟာ ဟာနီဘယ်မီဘရစ်ကို လူမျိုးရေးခွဲခြားမှုအတွက် ၉ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာပါတယ်။

အထက်ပါ မတော်တဆဖြစ်ရပ်မှာ ဖေဖော်ဝါရီလတုန်းက ပရက်စတန်နှင့် ဘန်လေတို့ရဲ့ ချန်ပီယံရှစ်ပွဲစဉ်တွင် ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

ဂိုးမရှိသရေကျနေစဉ်အတွင်း မီဘရစ်ဟာ အိုစမာဂျစ်ရဲ့ တစုံတရာ ပြောဆိုမှုအပေါ် အကြီးအကျယ်ဒေါသတကြီး တုံ့ပြန့်ခဲ့ပါတယ်။

ယခုအခါ စည်းကမ်းထိန်းသိမ်းရေးကော်မတီက အိုစမာဂျစ်ကို ၉ ပွဲပယ်ပြစ်ဒဏ်၊ ပေါင် ၂၁၀၀၀ ဒဏ်ငွေအပြင် မဖြစ်မနေ ပညာပေးအစီအစဉ်များသို့ တက်ရောက်ရန် အရေးယူလာပါတယ်။

အူစမာဂျစ်က ၎င်းမှာ မီဘရစ်ကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သလို ပရက်စတန်ကလည်း ကစားသမားဘက်က အပြည့်အဝ ရပ်တည်ကြောင်း ကြေညာခဲ့ပါတယ်။

အိုစမာဂျစ်ဟာ ယင်းပွဲတွင် အရန်စာရင်းထဲတွင် ပါဝင်ခဲ့ပြီး ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ ယင်းပွဲတွင် လူစားဝင်ရောက်ပြီးနောက် ဂိုးသွင်းခဲ့ပါတယ်။

မွန်တီနီဂရိုးလက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီတွင် ပရက်စတန်အတွက် ချန်ပီယံရှစ် ၁၁ ပွဲတွင် ၄ ဂိုးသွင်းထားပါတယ်။

image

အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ကို သတိပေးလာတဲ့ ပွဲတစ်ထောင်ပြည့်လာမယ့် ဂွါဒီယိုလာ
=======================

မန်စီတီးနည်းပြပက်ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ပွဲ ၁၀ အပြီးတွင် ၆ မှတ်ဖြတ်ထားတဲ့ ဦးဆောင်သူ အာဆင်နယ်အား သတိပေးမှု ပြုလုပ်လာပါတယ်။

ဂွါဒီယိုလာဦးဆောင်တဲ့ မန်စီးတီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးနှင့် ရင်ဆိုင်ကစားလာရမှာ ဖြစ်ပြီး ဇယားထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ပိုမိုကွာဟလာနိုင်ပါသေးတယ်။

လာမယ့် လီဗာပူးနှင့်ပွဲစဉ်မှာ ၂၀၀၇ ခုနှစ်တွင် နည်းပြဘဝစတင်ခဲ့တဲ့ ဂွါဒီယိုလာအတွက် ပွဲတစ်ထောင်ပြည့်လာမယ့်ပွဲလည်း ဖြစ်ပါတယ်။

အာတီတာဦးဆောင်တဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲ ၁၀ အပြီးတွင် ရမှတ် ၄ မှတ်တည်းသာ ဆုံးရှုံးထားရပြီး ၂၀၂၂-၂၃ ရာသီနောက်ပိုင်း အကောင်းဆုံးတာထွက်နှင့် ကြုံနေရပါတယ်။

မန်စီးတီးဟာ ယခင်တုန်းက ဧပြီလတွင် အာဆင်နယ်အား အီတီဟတ်ကွင်းမှာ ၄-၁ ဖြင့် အနိုင်ယူကာ ၁ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ဖူးပါတယ်။ ၎င်းတို့ဟာ လာမယ့် ဧပြီလ ၁၈ ရက်နေ့တွင် အီတီဟတ်ကွင်းမှာ အာဆင်နယ်ကို ဧည့်ခံကစားလာရပါဦးမယ်။

ဂွါဒီယိုလာက "ကျွန်တော်တို့ အစွမ်းကုန်လုပ်ဆောင်နိုင်တာက ကိုယ့်ပွဲအနိုင်ယူပြီး အနီးကပ်ဆုံးဖြစ်နေဖို့ပါ။ သူတို့(အာဆင်နယ်) ဒီကို လာကစားရပါဦးမယ်။ နောက်ဆုံး နှစ်နှစ် သုံးနှစ်မှာ ကလပ်တစ်ခု အသင်းတစ်ခု တည်ဆောက်တယ်၊ ထိပ်ဆုံးသို့ ရောက်လာတယ်။ သူတို့ လုပ်ဆောင်ထားနိုင်တာ အရမ်းကောင်းတယ်။ နှစ်ရာသီ သို့မဟုတ် သုံးရာသီ လုပ်ပြထားပြီးပြီ။ ဒါပေမယ့် အခုမှ နိုဝင်ဘာပဲ ရှိပါသေးတယ်။ နိုဝင်ဘာအစောပိုင်းမှာ ဘယ်အသင်းမှ ချန်ပီယံမဖြစ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

ဂွါဒီယိုလာဟာ လီဗာပူးနှင့်ပွဲတွင် နည်းပြဘဝ ပွဲတစ်ထောင်ပြည့်လာမှာ ဖြစ်ပါတယ်။ သူဟာ စပိန်၊ ဂျာမနီနှင့် အင်္ဂလန်တို့တွင် အမှတ်ပေးဖလား ၁၂ ကြိမ်၊ ချန်ပီယံလိဂ် ၃ ကြိမ်အပါအဝင် ဆုဖလား အကြိမ် ၄၀ ဆွတ်ခူးထားနိုင်ပါတယ်။

image

ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ရီးရဲလ်မက်ဒရစ်လူစာရင်းတွင် အလာဘာ ပြန်လည်ပါဝင်လာဖွယ်ရှိ
=======================

ဒေးဗစ်အလာဘာဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်းလာနိုင်မှုနှင့်အတူ တနင်္ဂနွေနေ့ ဗယ်လီကာနိုနှင့် လာလီဂါပွဲစဉ်တွင် အသင်းလူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပတယ်။

ဩစတြီးယားနောက်ခံလူဟာ ခြေသလုံးဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲ ၄ ပွဲကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။ တဖက်တွင် ရီးရဲလ်မက်ဒရစ်ဟာ အန်တိုနီယိုရူဒီဂါ၊ ဒါနီကာဗာဂျယ်၊ အူရယ်လီယန်ချူကွာမီနီတို့ ဒဏ်ရာရရှိနေမှုနှင့်အတူ အလာဘာ ပြန်လည်ကစားလာနိုင်မှုက သတင်းကောင်းဖြစ်နေပါတယ်။

အသက် ၃၃ နှစ်ရှိ ဘိုင်ယန်မြူးနစ်နောက်ခံလူဟာ နောက်တန်းပြဿနာကြုံနေရချိန်တွင် ချိန်သားကိုက် ပြန်လည်ကစားလာနိုင်တာလည်း ဖြစ်ပါတယ်။

အလာဘာဟာ သောကြာနေ့တုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ လေ့ကျင့်ရေးကွင်းတွင် ကစားဖော်များနှင့်အတူ ပုံမှန်လေ့ကျင့်ခန်းအပြည့်အဝ ပြုလုပ်နိုင်ခဲ့ရာ ဗယ်လီကာနိုနှင့်အဝေးကွင်းပွဲတွင် လူစာရင်းမှာ ပါဝင်လာနိုင်ကြောင်း AS က ဖော်ပြသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ဒဏ်ရာရစာရင်းတွင် နောက်ဆုံးပါဝင်လာတဲ့ ပြင်သစ်ကစားသမားချူကွာမီနီမှာ ဘယ်ဖက်ကြွက်သားဒဏ်ရာရရှိနေခဲ့တာ ဖြစ်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ အယ်ချီနှင့်ပွဲတွင်မ ပါဝင်နိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ တဖက်တွင် ညာတောင်ပံတိုက်စစ်သမားဖရန်ကိုမာစတန်တူအိုနိုမှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုဟာ ယခုရာသီတွင် ဗဟိုခံစစ်တွင် မီလီတာအိုနှင့် ဟူဆန်တို့အား အဓိကထား အားကိုး အသုံးပြုနေခဲ့တာ ဖြစ်ပြီး စပိန်လက်ရွေးစင်ဗဟိုနောက်ခံလူ ပါဝင်နိုင်ခြင်း မရှိတဲ့ ဂျူဗင်တပ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဗဟိုခံစစ်ပြဿနာတက်ခဲ့ပါတယ်။

image

မြန်မာဖိုက်တာစိုးနောင်ဦးနှင့် ဗီရိုနီကာတို့ ပြိုင်ဘက်များအား အနိုင်ရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုဝင်ဘာ၇ရက် ညပိုင်းက ကျင်းပခဲ့တဲ့ One Championshipရဲ့ One Friday Fight 132ပြိုင်ပွဲမှာ မြန်မာဖိုက်တာတွေဖြစ်တဲ့ စိုးနောင်ဦးနဲ့ ဗီရိုနီကာတို့က ပြိုင်ဘက်တွေကို အမှတ်နဲ့ အသီးသီးအနိုင်ရသွားပြီး သန့်ဇင်ကပြိုင်ဘက်ကို အမှတ်နဲ့ရှုံးနိမ့်သွားပါတယ်။

စိုးနောင်ဦးနဲ့ ထိုင်းဖိုက်တာ မိုင်ဆန်းဂန်တို့ရဲ့ပွဲမှာ စိုးနောင်ဦးက ပွဲချိန်အတွင်း အကောင်းဆုံးထိုးသတ်နိုင်ခဲ့ပြီး သုံးချီအပြည့်ထိုးသတ်ခဲ့အပြီးမှာ အမှတ်နဲ့အနိုင်ရသွားပါတယ်။

မြန်မာပရိသတ်စိတ်ဝင်စားမှုများတဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာဖိုက်တာဗီရိုနီကာနဲ့ တရုတ်ဖိုက်တာ လိမင်ယွီတို့ရဲ့ အမျိုးသမီးပွဲစဉ်မှာလည်း ဗီရိုနီကာရဲ့ထိုးချက်တွေက ထိရောက်ကောင်းမွန်ခဲ့ပြီး အမှတ်နဲ့အနိုင်ရသွားတာပါ။

နောက်ထပ်မြန်မာဖိုက်တာတစ်ယောက်ဖြစ်တဲ့ သန့်ဇင်နဲ့ ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်တို့ရဲ့ ပွဲစဉ်မှာတော့ သန့်ဇင်က အမှတ်နဲ့ရှုံးနိမ့်သွားခဲ့ရပါတယ်။

အခုပွဲမှာ သန့်ဇင်ရှုံးနိမ့်သွားခဲ့ပေမဲ့ မြန်မာပရိသတ်တွေကတော့ ထိုးသတ်ပုံ ပိုမိုကောင်းမွန်ပါးနပ်လာတဲ့ သန့်ဇင်ကိုချီးကျူးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

image