ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇူလိုင် ၂၇ ရက်နေ့မှာထုတ်ပြန်မယ်
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီနေ့ ဇူလိုင် ၂၂ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
တက္ကသိုလ်ဝင်အောင်စာရင်းတွေကို ဇူလိုင် ၂၇ ရက်နေ့ ၊ မနက် ၄ နာရီကစပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်သလို သက်ဆိုင်ရာမြို့နယ်က စာစစ်ဌာနကျောင်းတွေမှာပါ ဖော်ပြကြေငြာထားမှာဖြစ် တယ်လို့သိရပါတယ်။
ဝေးလံတဲ့ ဒေသတွေက စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိတဲ့ စာစစ်ဌာနတွေရဲ့ အောင်စာရင်းကိုတော့ မြန်မာ့အသံရေဒီယို အစီအစဉ်ကနေ အောင်စာရင်း ထွက်တဲ့နေ့မှာ ကြေညာပေးမယ်လို့ဆိုထားပါတယ်။
အောင်စာရင်းထွက်ရှိမယ့်အပေါ် စာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသူတယောက်က " ခုပြောမှ အောင်စာရင်းထွက်မယ့်ရက်ကိုသိတာပါ။ဂုဏ်ထူးထက် အောင်ဖို့ပဲအရင်ဆုံး မှန်းပါတယ်။နောက်တခါထပ်လည်းမတက်ချင်ဘူး မဖြေချင်တော့ဘူး။ဆရာမကတော့အခြေအနေကောင်းတယ်ပြောထားလို့ စိတ်အေးပေမယ့် ရင်ခုန်တာပေါ့။" လို့ ပြောပါတယ်။
အောင်စာရင်းထုတ်ပြန်တဲ့အခါ မတ်လအတွင်းကဖြေဆိုခဲ့တဲ့ စာဖြေလွှာတွေနဲ့အတူ ငလျင်ကြောင့် မီးလောင်ပျက်စီးသွားခဲ့ရလို့ပြန်လည်ဖြေဆိုခဲ့ရတဲ့ မန္တလေးတိုင်း ၊ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့နေပြည်တော်က ကျောင်းသားကျောင်းသူတွေရဲ့အောင်စာရင်းကိုပါ တပါတည်းထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း ဝန်ကြီးဌာနဘက်က အသိပေးထားပါတယ်။
၂၀၂၅ ခုနှစ် မတ်လမှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲက စနစ်သစ်နဲ့ဖြေဆိုရတဲ့ ဒုတိယကြိမ်မြောက် စာမေးပွဲ ဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသားကျောင်းသူပေါင်း ၁၅၀၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။
ငလျင်ကြောင့် အဖြေလွှာတွေ မီးလောင်ပျက်စီးပြီး ပြန်လည်ဖြေဆိုခဲ့ရတဲ့ ကျောင်းသားကျောင်းသူ ပေါင်းက ၆၀၀၀၀ ကျော်ရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ စနစ်သစ်နဲ့ပထမဆုံးအကြိမ် ဖြေဆိုရတာဖြစ်ပြီး စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူဦးရေ ၇၄၅၉၂ ဦး အောင်မြင်ခဲ့ပါတယ်။