မေတ္တာတရားပြည့်ဝလျှင်ပုံပြင်
===============

တစ်ခါတုန်းက ညီအစ်ကိုသုံးယောက်နေထိုင်တဲ့ အိမ်ရှေ့ကို အဘိုးအိုတစ်ယောက်ဟာ အဝတ်ထုပ်ကလေး ထမ်းပြီး ရောက်လာတယ်။ အဲဒီညီအစ်ကိုသုံးယောက်မှာ မိဘတွေမရှိကြတော့တဲ့အတွက် နေ့စဉ်နေ့တိုင်းကျပန်း အလုပ်တွေကိုတစ်နေရာစီ သွားရောက်လုပ်ကိုင်ပြီး ဝင်ငွေ ရှာကြရတယ်။ သူတို့ညီအစ်ကိုသုံးယောက်ဟာ အိမ်စရိတ် ကို တာဝန်ခွဲဝေယူထားကြပြီး အစ်ကိုအကြီးဆုံးဖြစ်တဲ့ မောင်ကြီး အလုပ်လုပ်လို့ရတဲ့ ငွေနဲ့ ဆန်ဝယ်ရတယ်။ အစ်ကိုလတ်ဖြစ်တဲ့ မောင်လတ်က ဟင်းချက်စရာတာဝန် ယူရတယ်။ အငယ်ဆုံးဖြစ်တဲ့ မောင်ငယ်က ဆီ၊ ဆား၊ ကြက်သွန်ကို တာဝန်ယူရတယ်။

တစ်နေ့မှာတော့ မောင်ကြီးနဲ့ မောင်လတ်တို့ဟာ အလုပ်သွားလုပ်ကြပြီးမောင်ငယ်ကတော့ နေမကောင်းတာ မို့အိမ်မှာ နေခဲ့ရပါတယ်။ အဲဒီနေ့မှာအဘိုးအိုတစ်ယောက် ဟာ အထုပ်တစ်ထုပ်ကိုကိုင်ပြီး အိမ်ရှေ့မှာ ရပ်နေတာကို မြင်တော့ မောင်ငယ်ဟာ အိမ်ထဲကနေ ထွက်လာပြီး-

"အဘိုးအိမ်ထဲဝင်ထိုင်ပြီး နားလိုက်ပါဦး။ကျွန်တော် ဘာများကူညီပေးရမလဲ"

"လူလေးက တစ်ယောက်တည်းလား။ အဘိုးက
ခရီးသွားဧည့်သည်ပါ"

"ကျွန်တော်တို့မှာ ညီအစ်ကို သုံးယောက်ရှိပါတယ်။ အစ်ကိုနှစ်ယောက်က အလုပ်သွားလုပ်နေကြပါတယ်။ အိမ်ထဲဝင်ပြီး အမောအပန်းဖြေလို့ရပါတယ်" အဘိုးအိုက အိမ်ထဲဝင်ပြီး ထိုင်နေလိုက်တယ်။

အဲဒီအခါ မောင်ငယ်က-
"ရေသောက်ပါဦး အဘိုး။ အဲဒီအထုပ်က ဘာထုပ်လေးလဲ"

"အဘိုးပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေပါကွယ်။ အဘိုးက အသက်အရွယ်ကြီးရင့်နေပြီလေ။ အဲဒါကြောင့် အဘိုး ပိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ထိုက်တန်တဲ့သူကိုပေးခဲ့ချင်ပါ တယ်"

မောင်ငယ်က အဘိုးအိုပြောတဲ့စကားကိုစဉ်းစားပြီး တွေဝေနေတယ်။ နေ့လယ်ရောက်တော့ မောင်ငယ်က သူ စားမယ့် နေ့လယ်စာကို အဘိုးအိုကို ကျွေးမွေးတယ်။

"ဒီနေ့လယ်စာကို အဘိုး စားလိုက်ရင် လူလေးဆာလောင်နေမှာပေါ့"

"ရပါတယ်အဘိုး။ ကျွန်တော် မဆာပါဘူး၊ အဘိုးကို ကုသိုလ်ပြုခွင့်ပေးပါ။ စားသုံးပါ”

အဘိုးအို နေ့လယ်စာစားပြီးတဲ့အခါ မောင်ငယ် -
"အဘိုး ခရီးပန်းလာတဲ့အတွက် ခဏလောက်
အိပ်စက်အနားယူလိုက်ပါ" လို့ ဆိုလိုက်ပါတယ်။

ညနေရောက်တော့ မောင်လတ်ဟာ ဟင်းချက် စရာ အထုပ်ကလေးကို ကိုင်ပြီး အိမ်ကို ပြန်လာပါတယ်။

သူ့အိမ်မှာ ရောက်နေတဲ့ အဘိုးအိုကိုတွေ့တော့- "မောင်ငယ်၊ ဒီအဘိုးအိုကအိမ်ကို ဘာလာလုပ်တာလဲ"

"ခရီးသွားရင်း ခဏဝင်နားတာပါ"

မောင်လတ်ဟာ ဝယ်လာတဲ့ ငါးတွေကို ခုတ်ထစ် ပိုင်းပြီး ချက်ပြုတ်လိုက်ပါတယ်။

"မောင်ငယ်ရေ၊ ဒီနေ့ မင်း အလုပ်မသွားနိုင်တော့ မပြည့်မစုံနဲ့ ချက်ပြုတ်ထားတာပေါ့။ စားကောင်းပါ့မလား မသိပါဘူး”

"စားကောင်းမှာပါ ကိုလတ်ရာ။ အဘိုးလည်းညနေ စောင်းနေပြီဆိုတော့ ဒီတစ်ည ကျွန်တော်တို့ အိမ်မှာပဲ အိပ်ပြီး မနက်ကျမှ ခရီးဆက်ပါတော့" လို့ မောင်ငယ်ကအဘိုးအိုကို ပြောလေတယ်။

ညမိုးချုပ်ခါနီးရောက်တော့ မောင်ကြီးဟာ ဆန်ထုပ် ကလေးကို ပိုက်ပြီး အိမ်ပြန်လာတယ်။

"အစ်ကိုကြီးကလည်း နောက်ကျလိုက်တာ"

"အေးကွယ်။ အလုပ်က ပြီးစီးအောင် လုပ်ပေးနေရလို့ပါ”

ညစာချက်ပြုတ်ပြီးတော့ညီအစ်ကိုသုံးယောက်ဟာထမင်းပွဲပြင်လိုက်ပြီး အဘိုးအိုကို အရင်စားသုံးဖို့ ပြောပါတယ်။ အဲဒီအခါ အဘိုးအိုက-

"လူလေးတို့သုံးယောက်ကို မေးစရာရှိလို့လာခဲ့တာပါ။ ပထမဦးဆုံး မောင်ကြီးကို အရင်မေးမယ်"

"မေးပါ အဘိုး"

"လူ့ဘဝမှာစည်းစိမ်ဥစ္စာချမ်းသာမှုရယ်၊အောင်မြင်မှုရယ်၊ မေတ္တာတရားရယ်ရှိပြီး အဲဒီသုံးခုထဲကတစ်ခုရွေးပါ ဆိုရင် မင်းက ဘာကိုရွေးချယ်မလဲ"

မောင်ကြီးက သူတို့ညီအစ်ကိုသုံးယောက် အေးအေးဆေးဆေးနေချင်တာကြောင့်-

"ကျွန်တော်ကတော့ စည်းစိမ်ဥစ္စာ ချမ်းသာမှုကို
ရွေးမယ်အဘိုး"

မောင်လတ်က လူတွေအားလုံးထဲမှာ အအောင်မြင် ဆုံးလူ ဖြစ်ချင်တာကြောင့်-
"ကျွန်တော်ကတော့အောင်မြင်မှုကို ရွေးမယ်အဘိုး"

မောင်ငယ်က လူတိုင်းအပေါ် မေတ္တာစေတနာ ထားတတ်တဲ့သူဆိုတော့-
"ကျွန်တော်ကတော့ မေတ္တာတရားကို ရွေးမယ်
အဘိုး"

အဘိုးအိုက မောင်ငယ်ရဲ့စကားကို ကြားရတော့ မျက်နှာပြုံးရွှင်လာပြီး သူနဲ့အတူ ပါလာတဲ့ အဝတ်ထုပ် ကလေးကိုမောင်ငယ်ကို ပေးလိုက်ပါတယ်။ မောင်ငယ်က အထုပ်ကလေးကို ဖြေကြည့်လိုက်တော့ အထဲမှာ ရွှေ၊ ငွေပစ္စည်းတွေကို တွေ့လိုက်ရတယ်။

"အဘိုးက လူလေးကို ဆုချတာ။ လူလေးတို့ မှတ် ထားကြ။မေတ္တာတရား ပြည့်ဝနေရင်ချမ်းသာကြွယ်ဝမှုနဲ့ အောင်မြင်မှုဆိုတာ အလိုလိုရလာမှာပဲ" လို့ ဆုံးမတယ်။

အဲဒီနောက်အဘိုးအိုနဲ့ ညီအစ်ကိုသုံးယောက်တို့ဟာ ညစာကို ပျော်ရွှင်စွာ စားသုံးကြပါတယ်။ ညီအစ်ကို သုံးယောက်တို့ဟာ အဘိုးအိုကို မိဘသဖွယ် သဘော ထားတာကြောင့် သူတို့နဲ့ အတူနေဖို့ ဝိုင်းပြောကြတယ်။ အဘိုးကလည်း လက်ခံတာမို့ ညီအစ်ကိုသုံးယောက်လုံး ဟာ ဝမ်းသာပီတိဖြစ်နေကြပါတော့တယ်။

#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image

အရာရာနဲ့အကြောင်းကြောင်းပုံပြင်

တစ်ခါတုန်းက ရွာတစ်ရွာမှာ ဘာလုပ်လုပ် အဆင် မပြေတဲ့ တာပေါင်းဆိုတဲ့ လူငယ်လေးတစ်ယောက် ရှိ တယ်။ မိဘနှစ်ပါးက သူတို့ရဲ့သားဟာ ဘာလုပ်လုပ် ပြဿနာ တစ်ခုမဟုတ် တစ်ခု တက်တာမို့ ဘာမှမခိုင်းရဲ ကြဘူး။ တာပေါင်းကိုယ်တိုင်ကလည်း သူလုပ်ရင် ပြဿနာ တက်တာမို့ စိတ်ညစ်နေရှာတယ်။

“အင်း… ငါကတော့ အလုပ်ကို သေသေချာချာလုပ် တာပဲ။ ဒါပေမဲ့ ပြဿနာက တစ်ခုမဟုတ်တစ်ခု တက်တတ် တော့ ခက်တာပဲ”

သူရဲ့မိဘနှစ်ပါးကလည်းသူတို့ရဲ့သား တာပေါင်းကို ဘာမှမခိုင်းရင် ဘာမှမလုပ်တတ်ဘဲ သူတို့ သေဆုံးသွား တဲ့အခါ ဘာမှမလုပ်စားတတ်ဘဲ ဒုက္ခရောက်သွားမှာကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် ဖခင်ဖြစ်သူက-

“ဟဲ့… ငါ့သား တာပေါင်း၊ အိမ်မှာ ထင်းတွေ ကုန်နေ တယ်။ တောထဲမှာ ထင်းသွားခုတ်ပါလား"

“ထင်းသွားခုတ်တာက ဟုတ်ပါတယ်။ ကျုပ်တို့အိမ် မှာ ဓားကောင်းကောင်းမှ မရှိတာ”

“အေး... အဲဒါလည်း ဟုတ်တာပဲ။ ဒါဆိုရင် ရွာထဲက ဖိုးကြွက်ဆီက ဓားငှားသွားကွာ”

“ဟုတ်ကဲ့ အဖေ”

တာပေါင်းဟာ ဖိုးကြွက်ထံက ဓားငှားပြီး တောထဲမှာ ထင်းသွားခုတ်တယ်။ လူတစ်နိုင်စာ ထင်းစည်းရတဲ့အခါ တာပေါင်းက ထင်းစည်းကို ထမ်းပြီး ရွာကို ပြန်လာပါတယ်။

“ဟ... ဒီလိုဆိုတော့လည်း ငါ့သားက ဘယ်ဆိုးလို့တုန်း၊ ဩော်... ဒါနဲ့ ရွာထဲက ဖိုးကြွက်ရဲ့ဓားကို ငှားသွား တာ မဟုတ်လား။ ဓားကို ပြန်အပ်ခဲ့ပြီလား”
သူ့အဖေက မေးတော့မှ တာပေါင်းက သတိရသွား တယ်။

“ဟာ.. ဟုတ်ပါရဲ့။ တောထဲက ထင်းခုတ်တဲ့နေရာ မှာ ဓားကျန်ခဲ့ပြီ”

“တာပေါင်းရယ်။ မင်းကတော့ ပြဿနာရှာပြန်ပြီ”

“မနက်ဖြန်လည်း တောထဲကို ထင်းခုတ်သွားဦးမှာ ပဲ။ တွေ့မှာပါ အဖေ”

နောက်တစ်နေ့ တာပေါင်းဟာ တောထဲကို ထင်းခုတ် ဖို့ လာတဲ့အခါ“ဟာ ဒုက္ခပါပဲ။ ငါ့ကို ရွာက လူတွေက ပြဿနာ ကောင်လို့ ခေါ်တာလည်း ခေါ်ချင်စရာပဲ။ အရာရာနဲ့ အကြောင်းကြောင်း ဖြစ်တာက များလှပြီ”တာပေါင်းက ရွာကို စိတ်ပျက်စွာ ပြန်လာခဲ့တယ်။

“မနေ့က တောထဲမှာ မေ့ကျန်ခဲ့တဲ့ဓားကို ရှာမတွေ့ တော့ဘူး”

“ဖိုးကြွက်ကို ဓားဖိုးလျော်ရတော့မှာပဲ”

အဲ့ဒါနဲ့ တာပေါင်းရဲ့ အဖေက စပါးတစ်တင်းကို အိတ် နဲ့ထည့်ယူလာပြီး-
“ကဲ… တာပေါင်း၊ ကို သေသေချာချာ ပြော ပြီး တောင်းပန်လိုက်။ ပြီးတော့ ပျောက်သွားတဲ့ ဓားဖိုးကို စပါးလျော်ပါရစေ၊ ကျေနပ်ပါလို့ပြော”

တာပေါင်းက စပါးအိတ်ကို ထမ်းပြီး ဖိုးကြွက်ရဲ့
အိမ်ကို လာခဲ့တယ်။

“ဟင်...တာပေါင်း၊ မင်း ငှားထားတဲ့ဓားကို ပြန်လာ ပေးလား”

ဖိုးကြွက်က သူ့အိမ်ကို ဝါးလှေကားပေါ်တက်ပြီး ရေနံချေးသုတ်နေရာက လှမ်းမေးတယ်။

“တစ်ရွာတည်း သားတွေပဲ၊ ဘာတွေပေးဖို့ယူလာ ရတာလဲ”

“တောထဲမှာ မေ့ကျန်ခဲ့တဲ့ ခင်ဗျားရဲ့ဓား ပျောက် သွားလို့”

“ဟာ...တာပေါင်း၊ အဲဒီဓားကငါ့အဘိုးက ငါ့ကိုအမွေ ပေးထားခဲ့တာကွ။ တာပေါင်း မင်းကတော့ကွာ”

“အဖေက ခင်ဗျားကို တောင်းပန်ခိုင်းပြီး ဓားလျော် ကြေး စပါးတစ်တင်းပေးခိုင်းလိုက်တယ်”

“ဟင်း... ပျောက်သွားမှတော့ ဘယ်တတ်နိုင်ပါ့မ လဲ။ စပါးအိတ်ကို တင်းကုပ်ထဲက ကွပ်ပျစ်ပေါ်မှာသာ တင်ထားခဲ့ကွာ”

တာပေါင်းက ရေနံချေးသုတ်နေတဲ့ လှေကားနား - က ဖြတ်အလာ ခလုတ်တိုက်မိတဲ့အတွက် လှေကားကို လက်နှစ်ဖက်နဲ့ ဆွဲလိုက်မိတယ်။

“အား… အောင်မယ်လေးဗျာ”

လှေကားကို အောက်က ဆွဲလှန်သလို ဖြစ်သွားပြီး ရေနံချေးသုတ်နေတဲ့ ဖိုးကြွက်ဟာ လှေကားပေါ်က ခြေပစ်လက်ပစ်ပြုတ်ကျသွားတယ်။ အဲဒီအချိန်မှာ သူတို့ နဲ့ မလှမ်းမကမ်းမှာ ကြက်သားပေါက်တွေကို အတောင် နဲ့ အုပ်ဝပ်နေတဲ့ကြက်သားအုပ်မကြီးပေါ်ကို ဖိုးကြွက်က ကျသွားတယ်။

“အောင်မယ်လေးဗျ”

ဖိုးကြွက်က လက်ကျိုးသွားပြီး ကြက်မကြီးနဲ့ ကြက်သားပေါက်ငါးကောင်က သေသွားတယ်။ ဖိုးကြွက် ရဲ့ ခြံထဲကို ဝင်လာတဲ့ ရွာသားတက်ပုရဲ့ အပေါ်ကို လှေ ကားက ကျသွားတာကြောင့် ခေါင်းကွဲသွားတယ်။

“တာပေါင်းပြဿနာကောင်၊အား…ကျွတ်ကျွတ်… နာလိုက်တာဗျာ။ မင်းကြောင့် ဓားပျောက်၊ လက်ကျိုး၊ ကြက်သေ၊ ခေါင်းကွဲဖြစ်ရပြီ။ မင်းကို ရွာလူကြီးဆီပို့ပြီး ဆုံးမခိုင်းရမယ်။ တောက်”

ဖိုးကြွက်ရဲ့စကားကြောင့် တာပေါင်းဟာ ကြောက် လန့်ပြီးခြေဦးတည့်ရာကိုထွက်ပြေးသွားပါတော့တယ်။

#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image

အပေါင်းအသင်းမှားသူပုံပြင်

တစ်ခါတုန်းက နွားမတစ်ကောင်ဟာ တောကြီး တစ်တောထဲက စားကျက်မှာ မြက်စားရင်း တစ်ကောင် တည်း အဖော်ကွဲသွားခဲ့တာပေါ့။ ဒီအချိန်မှာ ကျားမကြီး တစ်ကောင်လည်း အစာရှာဖွေရင်း နွားမ ရှိရာရောက်လာ ခဲ့တယ်။နွားမဟာ ကျားမကြီးကိုမြင်တော့ ကြောက်တာ ပေါ့။ ထွက်ပြေးမလို့ လုပ်တော့ ကျားမကြီးက-

"ထွက်မပြေးပါနဲ့ သူငယ်ချင်းရယ်။ ငါ့မှာ မိတ်ဆွေ အဖော် မရှိလို့ မင်းကို လာမိတ်ဖွဲ့တာ။ မင်းကို အန္တရာယ် မပြုပါဘူး" လို့ ကတိပေးလေတယ်။ နွားမကြီးက ကျားမ ကြီး ပြောတာကို မနှစ်သက်ပေမဲ့ သူ့အတွက်လောလော ဆယ် အန္တရာယ်ကင်းရအောင် ကျားမကြီး ပြောတဲ့ အတိုင်း အတူနေဖို့ သဘောတူလိုက်ရတယ်။ ဒီလိုနဲ့ မိတ်ဆွေဖွဲ့ပြီးနေတဲ့အခါ နွားမကြီးဟာ ကျားမကြီး အပေါ် အရာရာအကြိုက်ပေးပြီး တစ်ဖုံ၊ အနစ်နာခံပြီး တစ်သွယ်နဲ့ တည့်အောင် ပေါင်းသင်းနေခဲ့ရတယ်။ အဲဒီ လိုမှ ပေါင်းသင်းမနေရင် ကျားမကြီးက ကိုက်စားမှာ ကိုးကွဲ့။

ဒီလိုနဲ့ နေထိုင်လာရင်း နွားမကြီးဟာ သူ့မှာ ပါလာ တဲ့ ကိုယ်ဝန်ကနေ နွားလေးတစ်ကောင် မွေးဖွားလာ သလို ကျားမကြီးကလည်း ကျားလေးတစ်ကောင် မွေးဖွား လာတယ်။ မိခင်တွေဖြစ်တဲ့ ကျားမကြီးနဲ့ နွားမကြီးတို့ ချစ်ချစ်ခင်ခင် နေထိုင်ကြသလို တစ်နေ့တည်းမှာ မွေးဖွား လာတဲ့ကျားလေးနဲ့ နွားလေးတို့ဟာလည်း တစ်ကောင် နဲ့ တစ်ကောင် ချစ်ခင်ကြတယ်။ ကစားအတူတူ၊ စား အတူတူ၊ အိပ်လည်း အတူတူပဲတဲ့။ အခုလို အတူတူနေကြပေမဲ့ စရိုက်ချင်း မတူညီတဲ့အပြင် ခွန်အားချင်း မတူညီ တာကြောင့် နွားမကြီးကတော့သူ့ကလေးအတွက်အမြဲ စိုးရိမ်ပူပန်နေရှာတာပေါ့။ ကျားလေးနဲ့ သူ့ကလေးတို့ ခုန်ပေါက်မြူးထူး ဆော့ကစားနေတာကို မြင်တဲ့အခါ ဝမ်းသာကြည်နူးမိပေမဲ့ စိတ်မချဘူးတဲ့။

ဒါကြောင့်မို့ နွားမကြီးက တစ်မျိုး စဉ်းစားတယ်။ စဉ်းစားမိတဲ့အတိုင်း သူ စားကျက်သွားခါနီးမှာ သား လေးကို နို့အဝတိုက်ပြီး ဖက်ရွက်တစ်ရွက်ပေါ်မှာ နို့အနည်းငယ် ညှစ်ပေးရင်း-

"သားလေး၊ အမေ သစ္စာဆိုပြီး နို့ညှစ်ထားခဲ့မယ်။ ဖြူဖွေးနေတဲ့ နို့ရည်ဟာ သွေးရောင်ပြောင်းသွားရင် အမေ တစ်စုံတစ်ခုကြောင့် ဒုက္ခဖြစ်ပြီလို့ မှတ်တော့နော်။ ဒီအခါမှာ သားလည်း ကျားသားအမိနဲ့ လွတ်ရာ အဝေးကို ပြေးပေတော့" လို့ မှာပြီး စားကျက်ကို သွားလေ့ရှိတယ် တဲ့။ တစ်နေ့မှာတော့ နွားမကြီးဟာ အချိန်တန်တဲ့အထိ စားကျက်က ပြန်မရောက်လာတာကြောင့် နွားလေးဟာ သူ့အမေ ညှစ်ချပြီး ထားရစ်ခဲ့တဲ့ ဖက်ရွက်ပေါ်က နို့ရည် ကို သွားကြည့်တယ်။ ဒီအခါမှာ နို့ရည်ဟာ သွေးအဖြစ် ပြောင်းလဲနေတာကို မြင်ရတာပေါ့။ နွားလေးဟာ သူ့ အမေတော့ ဒုက္ခရောက်ပြီဆိုပြီး ငိုကြွေးရင်း ဟိုဟိုဒီဒီ လျှောက်သွားလေတော့တာပေါ့ကွယ်။

နွားလေး သူ့အနားက ထွက်သွားတာကြာတော့ ကျားလေးက သူ့သူငယ်ချင်း နွားလေး ဘယ်သွားပါလိမ့် ဆိုပြီး လိုက်ရှာတယ်။ အဲဒီအခါ ချုံတစ်ခုရဲ့ဘေးမှာ ငို နေတဲ့ နွားလေးကို တွေ့ရတယ်။

“ဘာဖြစ်လို့ ငိုနေရတာလဲ သူငယ်ချင်း" လို့ မေး မြန်းတာပေါ့။ နွားလေးက သူ့အမေ စားကျက်ထဲ သွား ခါနီးတိုင်း သစ္စာပြုပြီး ဖက်ရွက်ပေါ် နို့ညှစ်ချသွားပုံနဲ့ မှာခဲ့ပုံတို့ကို ပြောပြပြီး သူလည်း -

"ငါ ဒီမှာ မနေတော့ဘူး၊ မင်းတို့နဲ့ အတူနေရင် ငါ့ အတွက် အသက်အန္တရာယ် ရှိနေမှာပဲ။ မင်းအမေ ပြန် မလာခင် ပြေးမယ်"လို့ ပြောပြီး တောထဲကို ဝင်ပြေးသွား တော့တယ်။ ကျားလေးဟာ စိတ်မကောင်း ဖြစ်သွားပြီး နွားလေးကို တကြော်ကြော် အော်ခေါ်တော့တာပေါ့။ အော်လို့မရတဲ့အဆုံးမှာ သူ့အမေ ကျားမကြီးကို လိုက် ရှာတယ်။ ကျားမကြီးနဲ့တွေ့တော့ ကျားလေးက-

"အမေ၊ နွားမကြီးကို အမေ ကိုက်စားလိုက်ပြီ
မဟုတ်လား"လို့ မေးတော့တာပဲ။ ဒီတော့ ကျားမကြီးက-

"အမေ သားကောင်မရလို့ အသားမစားရတာ ကြာနေပြီ။ ဒီနေ့တော့ ငတ်ငတ်နဲ့ စားကျက်အသွားမှာ နွားမကြီးကို ကိုက်သတ်စားလိုက်တယ်" လို့ ဖြေတယ်။ ဒီလိုလည်း ပြောလိုက်ရော ကျားလေးက-

"အမေရယ်... သူငယ်ချင်းနွားလေး သနားပါတယ်။ သူ့ခမျာ မိဘမဲ့သွားပြီ။ ကျွန်တော် သူ့ကို မတွေ့တွေ့ အောင် သွားရှာမယ်" လို့ ပြောတယ်။ ကျားမကြီးက-

"မသွားနဲ့ သား၊ သား ရှာလည်း နွားလေးက ပုန်း နေမှာပဲ။ အမေတို့တွေဟာ စရိုက်ချင်း၊ သဘာဝချင်း မတူ ညီဘဲ မိတ်ဆွေအဖြစ် ပေါင်းသင်းနေခဲ့ကြတယ်။ ဘယ် လိုပဲပေါင်းသင်းပါစေ၊ ပင်ကိုစရိုက်ကို မဖျောက်ဖျက်နိုင် ဘူး။ အမေလည်း အမေ့သူငယ်ချင်းကို ချစ်ခင်ပါတယ်။ ဒါပေမဲ့ ဆာလောင်မှုကို မတားဆီးနိုင်ခဲ့လို့ သူငယ်ချင်း နွားမကြီးကို သတ်ဖြတ်စားခဲ့ရတယ်။ မင်းလည်း သူငယ်ချင်းနွားလေးကို လိုက်ရှာပြီး ပေါင်းရင် နောက်ဆုံး မှာ ဒီနေ့လိုကိစ္စမျိုး ကြုံတွေ့ရလိမ့်မယ်။ မင်းသူငယ်ချင်း လည်း သူ့အမေလို သေရလိမ့်မယ်။ သူ သွားလိုရာ သွားပါစေ သားရယ်"

ကျားလေးဟာ သူငယ်ချင်းနွားလေးကို သတိရ တာကြောင့် မျက်ရည်တွေ မဆည်နိုင်အောင် ကျဆင်း ရင်း သူငယ်ချင်းနွားလေးကို အော်ခေါ်နေသတဲ့ကွယ်။ ဒီပုံပြင်မှာ ပင်ကိုသဘာဝနဲ့ စရိုက်ချင်း မတူညီတဲ့ တိရစ္ဆာန်တွေဟာ ရေရှည်မှာ အတူမပေါင်းသင်းနိုင်ကြ ဘူးဆိုတာကို ကလေးတို့ သတိထားမိပါလိမ့်မယ်။ ထိုနည်းတူပဲ လူတွေမှာလည်း မိတ်ဆွေပေါင်းသင်းတဲ့ အခါ လူလိမ္မာနဲ့လူမိုက်တို့ ပေါင်းသင်းနေထိုင်ခြင်း မပြုကြဘူးဆိုတာ ကလေးတို့ မှတ်သားထားကြရမယ် နော်။
#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image

အစွမ်းထက်သောကျောက်ဖြူလုံးလေးပုံပြင်

တစ်ခါတုန်းက ရွာတစ်ရွာတွင် အလွန်ရိုးသားသော မောင်ကောင်းဆိုသည့် လူငယ်တစ်ဦး ရှိလေသည်။ မောင်ကောင်း နေထိုင်သောရွာသည် မြို့ကြီးပြကြီးနှင့် အလွန်ဝေးကွာလှသည်။ မြို့သို့ သွားလိုသောအခါ ရေလမ်းခရီးကိုသာ အသုံးပြုရလေ သည်။ မောင်ကောင်းသည် ဝါးဖြင့် ခြင်း၊ တောင်း၊ ပလုံးတို့ကို ရက်လုပ်ကာ မြို့သို့ သွားရောက်ကာ ရောင်းချလေ့ရှိသည်။ မောင်ကောင်း ရက်လုပ်သော ခြင်း၊ ဟောင်း၊ ပလုံးတို့မှာ လက်ရာသေသပ်လှပသဖြင့် မြင်တွေ့သူတိုင်းက သဘောကျကာ ဝယ်ယူ သွားကြလေသည်။

တစ်ညတွင် မောင်ကောင်းသည် အိပ်ပျော်နေရာမှ ခေါ်သံတစ်ခုကြောင့် လန့်နိုး သွားလေသည်။

"ပော့ မောင်ကောင်း၊ ထစမ်းပါဦး။ မင်းကို မှာကြားစရာရှိလို့"

"ဟင် အဘိုး၊ ဘာများ မှာကြားစရာ ရှိလို့ပါလဲ"

"မောင်ကောင်း၊ မနက်ဖြန်နံနက်ကျရင် မင်းခြံထဲက သစ်ပင်ရင်းကို တူးကြည့်။ ကြက်ဥအရွယ် ကျောက်ဖြူဖြူလေးတစ်လုံးကို တွေ့လိမ့်မယ်။ အဲဒီကျောက်ဖြူလေးဟာ အလွန်အစွမ်းထက်တယ်။ ကိုယ်တစ်ခြမ်းသေနေတဲ့လူတွေကို ကျောက်ဖြူကလေးနဲ့ ထိပြီး ပွတ်ချလိုက်တာနဲ့ ပြန်ကောင်းသွားစေလိမ့်မယ်။ မင်းဟာ ကျောက်ဖြူလေးရဲ့ အစွမ်းကြောင့် ဆေးဆရာအဖြစ် နာမည်ကြီးလာပြီး လူနာတွေ အများကြီးရောက်လာကြ လိမ့်မယ်။ ဆေးကုသခကိုတော့ လူနာတွေ ပေးနိုင်သလောက် ပေးတဲ့ငွေကိုသာ လက်ခံပြီး ကုသပေးပါ။ ဆေးကုသခကိုမတန်တဆမတောင်းပါနဲ့။ လူသားအားလုံးကိုဇီဝိတဒါန လို့ သဘောထားပြီး ကုသပေးပါ။အဘိုးမှာတဲ့စကားကို လိုက်နာပါ လူလေး" ဟုပြောဆို ကာအဘိုးအိုမှာ ပျောက်သွားလေသည်။ နံနက်လင်းလျှင် မောင်ကောင်းသည် ခြံဝင်းထဲ မှ သစ်ပင်ရင်းကို တူးကြည့်ရာ အိပ်မက်ထဲမှ အဘိုးအိုပြောသည့်အတိုင်း ကြက်ဥသဏ္ဌာန် ကျောက်ဖြူလေးတစ်လုံးကို တွေ့ရလေသည်။

"အဘိုးအိုပြောသလို ကျောက်ဖြူလုံးမှာ အစွမ်းသတ္တိရှိ၊ မရှိကို သိရအောင် လူနာ
တွေကို ကုသကြည့်ရမယ်"

မောင်ကောင်း သည် ရွာထဲမှ ကိုယ်တစ်ခြမ်းသေနေသူ၏ ခန္ဓာကိုယ်ကို ကျောက်ဖြူလုံးလေးနှင့် ပွတ်သပ်ပေးလိုက်ရာ ခြေလက်တို့မှာ ပြန်လည်လှုပ်ရှားလာ နိုင်ပြီး မကြာမီ လူနာသည် လူကောင်းပကတိ ပြန်ဖြစ်သွားသည်။

မောင်ကောင်းသည် အခြားရွာမှ လူနာများကိုလည်း ကုသပေးရာ ပျောက်ကင်း သွားကြသည်။ ထို့ကြောင့် မောင်ကောင်းသည် ဆေးကုတော်သော ဆေးဆရာအဖြစ် ကျော်ကြားသွားလေသည်။ ထိုသတင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ရောဂါဝေဒနာရှင် များသည် မောင်ကောင်းထံသို့ လာရောက် ဆေးကုသကြသည်။ လူနာရှင်များက မောင်ကောင်းကို ဆေးကုသခပေးကြသည်။ မောင်ကောင်းသည် သဒ္ဓါသလောက် ပေးသောငွေကိုသာ ယူပါရစေဟု မေတ္တာရပ်ခံ၏။ သို့သော် လူနာများက ရောဂါဝေဒနာ ပျောက်ကင်းသွားသဖြင့် ငွေများစွာကို ကန်တော့ကြသည်။

အချိန်ကာလ ကြာလာသောအခါ မောင်ကောင်းသည် ငွေများများရလျှင် ငါ ချမ်းသာပြီဆိုသည့်အတွေးနှင့် လောဘတက်လာသည်။လူနာများထံမှ ဆေးကုသခကို အဆမတန် တောင်းခံသည်။ အဘိုးအို၏ စကားကို မျက်ကွယ်ပြုထားလေသည်။

တစ်နေ့နံနက် မောင်ကောင်းအိပ်ရာမှနိုးလျှင် ဘုရားစင်ရှေ့စားပွဲပေါ်ရှိ ကတ္တီပါ စပေါ်တွင် တင်ထားသော ကျောက်ဖြူလုံးလေးကို မတွေ့ရတော့ပေ။ ထိုအခါ မောင်ကောင်း သည် ကျောက်ဖြူလုံးလေးကို အတုပြုလုပ်ကာ လူနာများကို ဆေးကုသလေသည်။ ရောဂါဝေဒနာမပျောက်သဖြင့် လူလိမ်လူညာဟုအပြစ်တင်ခံရသည်။ ထိုသတင်းကြောင့် မောင်ကောင်းထံသို့ မည်သူမျှ ဆေးကုသရန် ရောက်မလာတော့ပေ။

မောင်ကောင်းသည် အိပ်မက်ထဲမှ အဘိုးအား ပေးထားသော ကတိသစ္စာကို ချိုးဖောက်မိ၍ ယခုကဲ့သို့ ဖြစ်ရသည်ကို နောင်တရမိသည်။ မောင်ကောင်း၏ သစ္စာမဲ့ မှုကြောင့် ဆေးဝါးတို့၏အစွမ်းသတ္တိများ ပပျောက်ခဲ့ရသည်။ အစွမ်းထက်သည့် ဆေးဝါး များ၊ အဆောင်များသည် ဆေးဆရာ၏ လောဘစိတ်ကြောင့် ပပျောက်တတ်သည်ကို တွေးရင်း မောင်ကောင်းမှာ ငိုနေပါတော့သည်။

#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image

အရာရာနဲ့အကြောင်းကြောင်းပုံပြင်

တစ်ခါတုန်းက ရွာတစ်ရွာမှာ ဘာလုပ်လုပ် အဆင် မပြေတဲ့ တာပေါင်းဆိုတဲ့ လူငယ်လေးတစ်ယောက် ရှိ တယ်။ မိဘနှစ်ပါးက သူတို့ရဲ့သားဟာ ဘာလုပ်လုပ် ပြဿနာ တစ်ခုမဟုတ် တစ်ခု တက်တာမို့ ဘာမှမခိုင်းရဲ ကြဘူး။ တာပေါင်းကိုယ်တိုင်ကလည်း သူလုပ်ရင် ပြဿနာ တက်တာမို့ စိတ်ညစ်နေရှာတယ်။

“အင်း… ငါကတော့ အလုပ်ကို သေသေချာချာလုပ် တာပဲ။ ဒါပေမဲ့ ပြဿနာက တစ်ခုမဟုတ်တစ်ခု တက်တတ် တော့ ခက်တာပဲ”

သူရဲ့မိဘနှစ်ပါးကလည်းသူတို့ရဲ့သား တာပေါင်းကို ဘာမှမခိုင်းရင် ဘာမှမလုပ်တတ်ဘဲ သူတို့ သေဆုံးသွား တဲ့အခါ ဘာမှမလုပ်စားတတ်ဘဲ ဒုက္ခရောက်သွားမှာကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် ဖခင်ဖြစ်သူက-

“ဟဲ့… ငါ့သား တာပေါင်း၊ အိမ်မှာ ထင်းတွေ ကုန်နေ တယ်။ တောထဲမှာ ထင်းသွားခုတ်ပါလား"

“ထင်းသွားခုတ်တာက ဟုတ်ပါတယ်။ ကျုပ်တို့အိမ် မှာ ဓားကောင်းကောင်းမှ မရှိတာ”

“အေး... အဲဒါလည်း ဟုတ်တာပဲ။ ဒါဆိုရင် ရွာထဲက ဖိုးကြွက်ဆီက ဓားငှားသွားကွာ”

“ဟုတ်ကဲ့ အဖေ”

တာပေါင်းဟာ ဖိုးကြွက်ထံက ဓားငှားပြီး တောထဲမှာ ထင်းသွားခုတ်တယ်။ လူတစ်နိုင်စာ ထင်းစည်းရတဲ့အခါ တာပေါင်းက ထင်းစည်းကို ထမ်းပြီး ရွာကို ပြန်လာပါတယ်။

“ဟ... ဒီလိုဆိုတော့လည်း ငါ့သားက ဘယ်ဆိုးလို့တုန်း၊ ဩော်... ဒါနဲ့ ရွာထဲက ဖိုးကြွက်ရဲ့ဓားကို ငှားသွား တာ မဟုတ်လား။ ဓားကို ပြန်အပ်ခဲ့ပြီလား”
သူ့အဖေက မေးတော့မှ တာပေါင်းက သတိရသွား တယ်။

“ဟာ.. ဟုတ်ပါရဲ့။ တောထဲက ထင်းခုတ်တဲ့နေရာ မှာ ဓားကျန်ခဲ့ပြီ”

“တာပေါင်းရယ်။ မင်းကတော့ ပြဿနာရှာပြန်ပြီ”

“မနက်ဖြန်လည်း တောထဲကို ထင်းခုတ်သွားဦးမှာ ပဲ။ တွေ့မှာပါ အဖေ”

နောက်တစ်နေ့ တာပေါင်းဟာ တောထဲကို ထင်းခုတ် ဖို့ လာတဲ့အခါ“ဟာ ဒုက္ခပါပဲ။ ငါ့ကို ရွာက လူတွေက ပြဿနာ ကောင်လို့ ခေါ်တာလည်း ခေါ်ချင်စရာပဲ။ အရာရာနဲ့ အကြောင်းကြောင်း ဖြစ်တာက များလှပြီ”တာပေါင်းက ရွာကို စိတ်ပျက်စွာ ပြန်လာခဲ့တယ်။

“မနေ့က တောထဲမှာ မေ့ကျန်ခဲ့တဲ့ဓားကို ရှာမတွေ့ တော့ဘူး”

“ဖိုးကြွက်ကို ဓားဖိုးလျော်ရတော့မှာပဲ”

အဲ့ဒါနဲ့ တာပေါင်းရဲ့ အဖေက စပါးတစ်တင်းကို အိတ် နဲ့ထည့်ယူလာပြီး-
“ကဲ… တာပေါင်း၊ ကို သေသေချာချာ ပြော ပြီး တောင်းပန်လိုက်။ ပြီးတော့ ပျောက်သွားတဲ့ ဓားဖိုးကို စပါးလျော်ပါရစေ၊ ကျေနပ်ပါလို့ပြော”

တာပေါင်းက စပါးအိတ်ကို ထမ်းပြီး ဖိုးကြွက်ရဲ့
အိမ်ကို လာခဲ့တယ်။

“ဟင်...တာပေါင်း၊ မင်း ငှားထားတဲ့ဓားကို ပြန်လာ ပေးလား”

ဖိုးကြွက်က သူ့အိမ်ကို ဝါးလှေကားပေါ်တက်ပြီး ရေနံချေးသုတ်နေရာက လှမ်းမေးတယ်။

“တစ်ရွာတည်း သားတွေပဲ၊ ဘာတွေပေးဖို့ယူလာ ရတာလဲ”

“တောထဲမှာ မေ့ကျန်ခဲ့တဲ့ ခင်ဗျားရဲ့ဓား ပျောက် သွားလို့”

“ဟာ...တာပေါင်း၊ အဲဒီဓားကငါ့အဘိုးက ငါ့ကိုအမွေ ပေးထားခဲ့တာကွ။ တာပေါင်း မင်းကတော့ကွာ”

“အဖေက ခင်ဗျားကို တောင်းပန်ခိုင်းပြီး ဓားလျော် ကြေး စပါးတစ်တင်းပေးခိုင်းလိုက်တယ်”

“ဟင်း... ပျောက်သွားမှတော့ ဘယ်တတ်နိုင်ပါ့မ လဲ။ စပါးအိတ်ကို တင်းကုပ်ထဲက ကွပ်ပျစ်ပေါ်မှာသာ တင်ထားခဲ့ကွာ”

တာပေါင်းက ရေနံချေးသုတ်နေတဲ့ လှေကားနား - က ဖြတ်အလာ ခလုတ်တိုက်မိတဲ့အတွက် လှေကားကို လက်နှစ်ဖက်နဲ့ ဆွဲလိုက်မိတယ်။

“အား… အောင်မယ်လေးဗျာ”

လှေကားကို အောက်က ဆွဲလှန်သလို ဖြစ်သွားပြီး ရေနံချေးသုတ်နေတဲ့ ဖိုးကြွက်ဟာ လှေကားပေါ်က ခြေပစ်လက်ပစ်ပြုတ်ကျသွားတယ်။ အဲဒီအချိန်မှာ သူတို့ နဲ့ မလှမ်းမကမ်းမှာ ကြက်သားပေါက်တွေကို အတောင် နဲ့ အုပ်ဝပ်နေတဲ့ကြက်သားအုပ်မကြီးပေါ်ကို ဖိုးကြွက်က ကျသွားတယ်။

“အောင်မယ်လေးဗျ”

ဖိုးကြွက်က လက်ကျိုးသွားပြီး ကြက်မကြီးနဲ့ ကြက်သားပေါက်ငါးကောင်က သေသွားတယ်။ ဖိုးကြွက် ရဲ့ ခြံထဲကို ဝင်လာတဲ့ ရွာသားတက်ပုရဲ့ အပေါ်ကို လှေ ကားက ကျသွားတာကြောင့် ခေါင်းကွဲသွားတယ်။

“တာပေါင်းပြဿနာကောင်၊အား…ကျွတ်ကျွတ်… နာလိုက်တာဗျာ။ မင်းကြောင့် ဓားပျောက်၊ လက်ကျိုး၊ ကြက်သေ၊ ခေါင်းကွဲဖြစ်ရပြီ။ မင်းကို ရွာလူကြီးဆီပို့ပြီး ဆုံးမခိုင်းရမယ်။ တောက်”

ဖိုးကြွက်ရဲ့စကားကြောင့် တာပေါင်းဟာ ကြောက် လန့်ပြီးခြေဦးတည့်ရာကိုထွက်ပြေးသွားပါတော့တယ်။

#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image

တစ်လုတ်စားဖူး သူ့ကျေးဇူး အထူးသိတတ်ပါပုံပြင်

တစ်ခါတုန်းက သာယာတဲ့ တောနက်ကြီး တစ်ခု အတွင်းမှာ အလွန်ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်ရှိပါ တယ်။ အဲဒီသစ်ပင်ကြီးပေါ်မှာ ကျီးကန်းလေးတစ်ကောင် နေထိုင်ပါတယ်။ အဲဒီကျီးကန်းလေးက အခြားကျီးကန်း တွေနဲ့ မတူဘဲ စိတ်ကောင်းရှိပါတယ်။

တစ်နေ့တော့ ကျီးကန်းလေးဟာအစာရှာထွက်လာ ရင်း တောတွင်းတစ်နေရာမှာ မကျန်းမမာလို့ ပိန်လှီသေး ကွေးနေတဲ့ မြေခွေးတစ်ကောင်ကို တွေ့သွားလေတယ်။ မြေခွေးဟာ အစာမစားထားတဲ့အတွက် လမ်းလည်း ကောင်းကောင်း မလျှောက်နိုင်ဘူး။ ကျီးကန်းလေးက မြေခွေးကိုကြည့်ပြီး သနားသွားတာမို့ မြေခွေးရဲ့ အနားမှာ နားလိုက်တယ်။

“အဆွေ မြေခွေး၊ သင့်ကို မြင်ရတာ စိတ်မကောင်း ဘူး။ သင် မကျန်းမမာဖြစ်နေတာလား”

“ဟုတ်ပါတယ်၊ ကျွန်ုပ် ဘာမှ မစားမသောက်ရလို့ အားအင်ချည့်နဲ့ နေတာပါ”

“ဒီအတွက် ဘာမှစိတ်မပူပါနဲ့။ ကျွန်ုပ် အစာရှာပြီး သင့်ကို ကျွေးပါ့မယ်”

ဆိုပြီးကျီးကန်းလေးကအစာသွားရှာတယ်။ ကျီးကန်း ကသဲသောင်ပြင်ပေါ်မှာငါးလေးတစ်ကောင်သေနေတာကို တွေ့တော့ ကိုက်ချီလာပြီး မြေခွေးကို ချကျွေးတယ်။

“အဆွေ မြေခွေး၊ အစာ စားကောင်းရဲ့လား”
“ရက်ပေါင်းများစွာ အစာမစားရတော့ သင် ရှာကျွေး တဲ့ ငါးက အစာတောင် မပြေပါဘူး”

အဲဒီအခါ ကျီးကန်းလေးက အစာလိုက်ရှာရင်း သေနေတဲ့ ကြွက်ကြီးတစ်ကောင်ကို မနိုင်မနင်းချီလာပြီး မြေခွေးကို ချကျွေးလေတယ်။ မြေခွေးက ကျီးကန်းလေး ရှာဖွေကျွေးတဲ့ အသေကောင်တွေကို စားပြီး အားအင် အနည်းငယ်ပြည့်ဝလာတယ်။ကျီးကန်းလေးကနေ့တိုင်း ဆိုသလိုမြေခွေးကိုအစာတွေရှာဖွေကျွေးတယ်။ အဲဒီလိုနဲ့ ကျီးကန်းလေးရှာဖွေကျွေးတဲ့ အစာတွေကိုစားပြီး အားအင် ပြည့်ဝလာတဲ့ မြေခွေးဟာ သူရဲ့ မူလယုတ်မာတဲ့ စိတ်က ပေါ်လာတယ်။

“နေ့တိုင်း အသေကောင်တွေချည်းပဲ စားနေရတာ။ အခုနေများ ကျီးကန်းသား လတ်လတ်ဆတ်ဆတ်ကို စားလိုက်ရရင် အားအင်တွေ ပိုပြည့်ဝလာမှာ အမှန်ပဲ”လို့ မရိုးသားတဲ့ စိတ်တွေ ပေါ်လာပြီး...

“မိတ်ဆွေကျီး၊မနေ့က သင် ရှာကျွေးတဲ့ ငါးကို စား ပြီး လည်ချောင်းထဲမှာ ငါးရိုးစူးနေလို့ သင်ရဲ့ နှုတ်သီးနဲ့ ဖယ်ရှားပေးပါလား”

လို့မာယာဆင်ပြီးပြောလေတယ်။ကျီးကန်းလေးက တကယ်ထင်မှတ်ပြီးမြေခွေးအနားကိုတိုးကပ်ကာပါးစပ် ကိုဟခိုင်းတယ်။လည်ချောင်းထဲမှာ ဘာမှ ရှာမတွေ့တော့ ကျီးကန်းလေးက မြေခွေးရဲ့ မရိုးသားတဲ့အကြံအစည်ကိုရိပ်စားမိသွားတယ်။ အဲဒီအချိန်မှာ အကြံသမားမြေခွေး က ကျီးကန်းလေးရဲ့ လည်ပင်းကိုလှမ်းကိုက်လိုက်တယ်။ မြေခွေးရဲ့ လှုပ်ရှားမှုကို သိသွားတဲ့ ကျီးကန်းလေးက ဖျတ်ခနဲရှောင်ပြီး ထပျံလိုက်တယ်။

“ဟဲ့ မြေခွေး၊ သင်ဟာ ဒီတစ်သက် ဘယ်တော့မှ အစာဝတော့မှာ မဟုတ်ဘူး။ ကျေးဇူးမသိတတ်ဘဲ ကျေးဇူးရှင်ကို ပြစ်မှားတဲ့သူပဲ။ သင် ဒုက္ခရောက်နေလည်း သနားစရာ မလိုတော့ဘူး”

လို့ ကျီးကန်းလေးက ပြောပြီး ပျံသန်းလာရင်း တောတွင်းတစ်နေရာရောက်တော့ လဲနေတဲ့ လူ တစ်ယောက်ကို တွေ့သွားတယ်။ တောထဲမှာမျက်စိလည် လမ်းမှားရင်း အစာမစားရလို့ လဲနေမှန်းသိလိုက်တယ်။ ကျီးကန်းလေးက လူသားကို ကြည့်ပြီး သနားမိသွား တယ်။ သူ့ကို အန္တရာယ်မပြုနိုင်ဘူးလို့လည်း ယုံကြည် မိလို့လူသားရဲ့ ပခုံးပေါ်မှာ နားလိုက်ပါတယ်။ လူသားက လူးလွန့်ကာ ထထိုင်လိုက်တယ်။ အဲဒီနောက်ကျီးကန်းက သစ်သီးတွေ ရှာဖွေပြီး လူသားကို ကျွေးတဲ့အခါ ပြန်ပြီး အားအင်ပြည့်ဝလာတယ်။ တစ်နေ့တော့ ကျီးကန်း လေးက အစာရှာရင်း တောထဲမှာ ဓားတွေ၊ လှံတွေနဲ့ လူ အုပ်စုကိုတွေ့တော့ တစာစာအော်ရင်း လူသားရှိရာကို မျှားခေါ်လာတယ်။ လူသားနဲ့ လူအုပ်စုတို့ တွေ့ဆုံသွား လေတယ်။

“ဒီကျီးကန်းလေးက မင်းသားကို အစာရှာကျွေး နေတာပဲ။ယဉ်ပါးတယ်။ မင်းသားလေးရဲ့ ကျေးဇူးရှင်ပဲ”

လို့ လူအုပ်စုကပြောလေတယ်။ ကျီးကန်းလေးက မင်းသားလေးရဲ့ ပခုံးပေါ်မှာ နားလိုက်တဲ့အခါ မင်းသား လေးက ကျီးကန်းလေးကို သူ့ရင်ဘတ်ထဲမှာ ပွေ့ချီ ထားလိုက်ပါတယ်။ ကျီးကန်းလေးဟာ မင်းသားလေး တို့နဲ့အတူရွှေနန်းတော်ကြီးဆီကို လိုက်ပါသွားလေတယ်။ မင်းသားလေးကကျီးကန်းလေးကိုသူ့ရဲ့ ကျေးဇူးရှင်အဖြစ် အသိအမှတ်ပြုကာ ဥယျာဉ်တော်ထဲမှာထားပြီး အစား အစာတွေ ကျွေးမွေးစောင့်ရှောက်ထားပါတော့တယ်။ ကျေးဇူးကန်းတဲ့ မြေခွေးကတော့ အစာမစားရလို့ အားအင်ကုန်ခန်းကာ သေသွားရှာပါတော့တယ်။
#ရွှေသွေးဂျာနယ်

image

လိပ်နှင့် လင်းယုန်ငှက်ပုံပြင်

တစ်ခါသော် လိပ်တစ်ကောင်သည် မြေနှင့်ရေ၌သာ သွားလာနေထိုင် ရခြင်းကို ငြီးငွေ့လာသည်။ ကောင်းကင်မှနေ၍ ကမ္ဘာလောကကြီးကို ကြည့်ရှု လိုသောဆန္ဒ ဖြစ်ပေါ်လာ၏။

ထို့ကြောင့် သူသည် ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ ကြေညာချက်တွင် သူ့ကို ကောင်းကင်ထက်သို့ သယ်ဆောင်လျက် ကမ္ဘာ လောကကြီးကို ပြသနိုင်သူအား ဆုအဖြစ် မြေအောက်တစ်နေရာ၌ သိုဝှက်ထား သော ကျောက်မျက်ရတနာများ ပေးအပ်မည်ဖြစ်ကြောင်း ပါရှိသည်။

ဤတွင် လင်းယုန်ငှက်တစ်ကောင် ရောက်ရှိလာသည်။ လိပ်ကို ကောင်းကင်ထက်သို့ သယ်ဆောင်လျက် ကမ္ဘာလောကကြီးကို ပြသ၏။ ထို့နောက် မြေသို့ ပြန်မရောက်မီ လိပ်အား လင်းယုန်ငှက်က သူ့ကို ပေးအပ်မည် ဆိုသော ကျောက်မျက်ရတနာတို့ မည်သည့်အရပ်၌ ထားရှိပါသနည်း ဟူ၍ မေးမြန်းသည်။

လိပ်သည် ကျောက်မျက်ရတနာတို့ ထားရာအရပ်ကို မည်သည့်အခါ ကမျှ မသိချေ။ လင်းယုန်ငှက်၏မေးမြန်းချက်ကို ဖြေဆိုခြင်းမပြုနိုင်။ ထိုအခါလင်းယုန်ငှက်သည် ကတိမတည်သောလိပ်အား သယ်ဆောင်ထားရာမှ မြေပြင် သို့ လွှတ်ချလိုက်လေသည်။ လိပ်သည် ကျောက်တောင်များပေါ်သို့ကျကာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေ၍ သေဆုံးသွားလေသတည်း။

#ကမ္ဘာကျော်အီစွတ်ပုံပြင်များ

image

သရဲခြောက်သည့် သရက်ပင်ပုံပြင်

တစ်ခါတုန်းက ရွာသာယာရွာမှာ ဦးလူဝဆိုတဲ့ လယ်သမားကြီးတစ်ဦးရှိတယ်။ သူ့ရဲ့ ယာတောထဲမှာ ဟင်းစားပင်မျိုးစုံ စိုက်ပျိုးထားသလို နှစ်ရှည်စားပင်ဖြစ်တဲ့ သရက် ပင်ကိုလည်း စိုက်ပျိုးထားတယ်။ အဲဒီသရက်ပင်ကို နှစ်အတော်ကြာ ဂရုတစိုက် ပြုစုပျိုး ထောင်လာခဲ့တဲ့အခါ သရက်ပင်ဟာ သရက်သီးသီးတဲ့အချိန်ကို ရောက်လာပြီ ဖြစ်တယ်။ သူ့ရဲ့ သရက်သီးတွေဟာအင်မတန်မှမွှေးကြိုင်ပြီး ချိုမြပါတယ်။ သူဟာသရက်သီးတွေကို ခူးဆွတ်ပြီးမြို့ကိုသွားရောင်းခဲ့ရာ ဈေးကောင်းရတာမို့ အလွန်ဝမ်းသာပီတိဖြစ်နေပါတယ်။ ရွာထဲက လူတချို့ဟာ သူ့ထံက ခွင့်ပြုချက်တောင်းပြီး ခူးဆွတ်စားကြတဲ့သူတွေရှိသလို ခွင့်မတောင်းဘဲခူးယူစားကြတဲ့သူတွေလည်းရှိကြတယ်။သူ့သရက်ပင်ရဲ့အသီးဟာအလွန် ချိုမြပြီးမွှေးကြိုင်တဲ့အကြောင်း သတင်းမွှေးပျံ့နေလေတယ်။ရွာထဲမှကျောင်းသူတစ်သိုက် ဟာ ကျောင်းဆင်းရင် အိမ်ကိုတန်းမပြန်ဘဲ ဦးလူဝရဲ့ ယာတောထဲကနေ အိမ်အပြန်ကို ချောင်းမြောင်းပြီး စောင့်ကြည့်နေကြတယ်။ ဦးလူဝကြီး အိမ်ပြန်ပြီဆိုတာနဲ့ သူတို့ဟာ မျောက်ကလေးတွေပမာ သရက်ပင်ပေါ်တက်ပြီး သရက်သီးတွေကို ခူးစား ကြတယ်။

သူတို့တွေဟာ စိတ်ကျေနပ်အောင် စားသောက်ကြရုံမကဘဲ အကင်းအသီးလေး တွေကိုပါ ဆော့ကစားပြီး ခြွေချသွားကြတယ်။နောက်တစ်နေ့မှာလယ်သမားကြီး သရက် သီးမှည့်တွေခူးဖို့ ယာတောကို ရောက်လာတဲ့အခါမှာတော့ သရက်ပင်အောက်မှာ စားပြီး စွန့်ပစ်ထားတဲ့ သရက်သီးစေ့တွေ၊ ကုန်အောင်မစားဘဲ စွန့်ပစ်ထားတဲ့ သရက်သီးတွေနဲ့ သရက်သီးဖြစ်လာမယ့် အကင်းတွေကို ခြေချထားတာကို မြင်တွေ့ ရတော့ များစွာစိတ်မ ချမ်းသာ ဖြစ်ရတယ်။

“လိုသလောက်မစားဘဲ အခုလို ဖျက်လိုဖျက်ဆီး လုပ်သွားတော့ ငါ့ဝင်ငွေကို ထိခိုက်တာပေါ့”

နောက်တစ်နေ့မှာတော့ လယ်သမားကြီးဟာ တုတ်တစ်ချောင်းကိုကိုင်ပြီး သရက်ပင်အောက်မှာ ထိုင်စောင့်နေလိုက်တယ်။ ညနေစောင်းလို့ ကျောင်းကပြန်လာတဲ့ မိန်းကလေးတစ်သိုက်ဟာ သရက်သီးစားဖို့ ရောက်လာကြတယ်။ တုတ်ကိုင်ပြီးစောင့်နေ တဲ့ ဦးလူဝကိုမြင်တာနဲ့ လှည့်ပြန်သွားကြတယ်။ ဦးလူဝလည်း သူ့သရက်ပင်ကို ဖျက်ဆီး တဲ့သူတွေကို တွေ့မြင်သွားတယ်။

“မိန်းမရေ ငါတို့သစ်ပင်ကို ဖျက်ဆီးနေကြတာ ဒီအတိုင်း လက်ပိုက်ကြည့်နေ လို့ မဖြစ်တော့ဘူး။ ငါလည်း နေ့တိုင်းမိုးချုပ်တဲ့အထိ သရက်ပင်အောက်မှာ ထိုင်မစောင့် နိုင်ဘူး။ အဲဒီတော့ သရက်ပင်ပေါ်မှာသရဲဖြူရှိတယ်ဆိုတဲ့အကြောင်းကို ရွာထဲမှာ သတင်း ဖြန့်လိုက်ရင် သရက်ပင်နားကို ဘယ်သူမှ ကပ်ရဲမှာမဟုတ်တော့ဘူး။ လူတွေယုံသွားအောင် ဝတ်ရုံအဖြူကြီးခြုံပြီး ငါ သစ်ပင်ပေါ်မှာ တစ်ပတ်လောက် မိုးချုပ်တဲ့အထိ နေလိုက်မယ်။ ညကျမှအိမ်ကို ပြန်လာခဲ့မယ်"

ဦးလူဝလည်း သူ့အကြံအတိုင်း မိန်းကလေးတွေရောက်မယ့်အချိန် သစ်ပင် ပေါ်မှာဝတ်ရုံအဖြူကြီးခြုံပြီး ခြေထောက်တွဲလောင်းချကာ ထိုင်နေလိုက်တယ်။ ညနေ စောင်းတော့ ကျောင်းဆင်းလာကြတဲ့ မိန်းကလေးတစ်သိုက်ဟာ သရက်သီးခူးစားဖို့ လယ်သမားကြီးရဲ့ ယာထဲကိုရောက်လာကြတယ်။ ဒါပေမဲ့ လှုပ်လှုပ်ရွရွ ဖြူဖြူသဏ္ဌာန် တစ်ခုကို မြင်တွေ့လိုက်ရတဲ့အခါမှာတော့ အားလုံးလန့်ပြီး ထွက်ပြေးကုန်ကြတယ်။ "သရဲ…သရဲ"

အဲဒီလိုနဲ့ ဦးလူဝရဲ့ သရက်ပင်မှာ သရဲရှိတယ်ဆိုတဲ့အကြောင်း တစ်ရွာလုံးပျံ့နှံ့သွားတယ်။ ဦးလူဝရဲ့ သရက်ပင်အနားကို ဘယ်သူမှမကပ်ရဲကြတော့ဘူး။

နောက်တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်က- "ငါတို့ အဖေကပြောတယ်။ သရဲဆိုတာ တကယ်မရှိဘူး။ စိတ်အစွဲအလမ်းတွေ ၁.လို့ပြောတယ်” တစ်ယောက်ကငါလည်း "သရဲကို မကြောက်ပါဘူး" တစ်ဖန်နောက်တစ် ယောက်ကလည်း "အဲဒါဆို ငါတို့ ဒီနေ့ တုတ်တွေယူပြီး သရဲကို မောင်းထုတ်ကြမယ်"

ညနေစောင်းသည်နှင့် မိန်းကလေးတစ်သိုက်သည် တုတ်ကိုယ်စီဖြင့် သရက် ၌ ပင်နားသို့ ချဉ်းကပ်သွားကြလေတယ်။ သစ်ပင်ပေါ်တွင်ထိုင်နေသောဦးလူဝဟာအသံနက်ကြီးဖြင့်အော်ကာ မိန်းကလေးများကိုခြောက်လှန့်ပါတယ်။ မိန်းကလေးတစ်သိုက် သစ်ပင်အောက်ကို ရောက်ခါနီးမှာ မိန်းကလေးများလန့်ပြီး ထွက်ပြေးလိမ့်မယ် အထင် ဖြင့် သစ်ပင်ပေါ်မှ ခုန်ချလိုက်တယ်။ မိန်းကလေးတွေဟာ ရုတ်တရက် လန့်သွားပေမဲ့ ထွက်ပြေးခြင်းမပြုဘဲ အသင့်ယူဆောင်လာတဲ့ တုတ်ကိုယ်စီနဲ့ ရိုက်ကြလေတယ်။ “အောင်မယ်လေး သေပါပြီဗျ”

ဦးလူဝက "တော်ကြပါတော့၊ ငါ သရဲမဟုတ်ပါ ဘူး။ သရက်ပင်ပိုင်ရှင် ဦးလူဝပါ” လို့ ပြောရင်း ဝတ်ရုံကို ချွတ်ချလိုက်မှ အံ့အားသင့်သွားကြတယ်။ မိန်းကလေးများရဲ့ ရိုက်နှက်မှုကြောင့် နဖူးပေါက်သွားပြီး သွေးများယိုစီးနေ သလို ခြေလက်များတွင်လည်း ဒဏ်ရာများ ရရှိသွားတယ်။

မိန်းကလေးများက ဦးလူဝကိုကြည့်ကာ များစွာစိတ်မကောင်းဖြစ်သွား ကြတယ်။ ဦးလူဝက -

“မင်းတို့တွေက သရက်သီးတွေကို လိုသလောက်မစားဘဲနဲ့ နေ့စဉ်နဲ့အမျှ ဖျက်လိုဖျက်ဆီးလုပ်ခဲ့တော့ ငါ့မှာ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ငါတို့က စိုက်ပျိုးရေးအလုပ်နဲ့ ဝမ်းကျောင်းနေရတာဆိုတော့ ငါတို့ ဝင်ငွေထိခိုက်တာပေါ့။ သရက်ပင်မှာ သရဲရှိတယ်လို့ဆိုလိုက်ရင် ဘယ်သူမှလာရဲကြမှာ မဟုတ်ဘူးဆိုပြီး ကြံမိကြံရာ ကြံ လိုက်တာပါ” ဟု ပြောလေတယ်။

မိန်းကလေးများ စိတ်မကောင်းဖြစ်သွားပြီး "ဦး သမီးတို့ကို ခွင့်လွှတ်ပါ၊ တောင်းပန်ပါတယ်။ နောင်ကို ဘယ်တော့မှ အခုလို သူတစ်ပါးပစ္စည်းကို ခွင့်မတောင်း ဘဲ မစားတော့ပါဘူး။ ဘယ်တော့မှလည်း ဖျက်လိုဖျက်ဆီး မလုပ်တော့ပါဘူး။ သမီးတို့ ကို ခွင့်လွှတ်ပါ”

မိန်းကလေးတွေဟာ ဦးလူဝကို ဆေးခန်းကို ခေါ်သွားကြတယ်။ အဲဒီအချိန် ကစလို့မိန်းကလေးတွေဟာကျောင်းအားရက်များမှာ ဦးလူဝရဲ့ စိုက်ခင်းသို့လာရောက် ပြီး လုပ်အားပေးကြတယ်။ ဦးလူဝကလည်း လုပ်အားခအဖြစ်သူတို့ကြိုက်နှစ်သက်တဲ့ သရက်သီးတွေကို ပြန်ပေးလိုက်သတဲ့ကွယ်။ ။

#ရွှေသွေးဂျာနယ်

image

#starrynightbigbag

ဘာလိုနေသေးလဲ ~ ရေမွန်