" ကျေးဇူးတင်လိုက်တာဆရာရယ် ဒီကောင်က အမြဲတမ်းလိုလို ဝင်ပူးကပ်ပြီး တောင်းစားနေတာ ကျုပ်တို့ရွာမှာလည်း ပယောဂကုတတ်တဲ့သူမရှိဘူး ဟိုဘက်ရွာက ဆရာတော်ကလည်း လောကီကိစ္စတွေဝင်မရှုပ်ဘူးဆိုတော့ ကျုပ်တို့ဒုက္ခရောက်နေရတာ အခုဆရာရောက်လာတော့မှ အဆင်ပြေတော့တယ် ဖြစ်နိုင်ရင် ရွာမှာတစ်ရက်နှစ်ရက်လောက်နေသွားပါဦး ကျန်တဲ့ကိစ္စတွေလည်းရှိသေးလို့ ဆရာကိုသေချာပြောချင်ပါသေးတယ်"
"ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ နေရတော့မှာပေါ့ ခင်ဗျားတို့ကျေးဇူးဆပ်ချင်တယ်ဆိုရင်တော့ ရွာထိပ်က အဖွားစိမ်းနတ်ကွန်းလေးကို သေချာလေးပြင်ပေးလိုက်ကြပါ "
"ဟင် ဆရာက အဖွားစိမ်းကိုဘယ်လိုသိတာလဲ အဖွားစိမ်းကဒီရွာအပေါ်အရမ်းသံယောဇဉ်ကြီးတာ သူ့အကြောင်းလဲပြောပြချင်သေးတယ် ဆရာအိမ်ကိုကြွခဲ့ပေးပါ"လို့ပြောပြီး အရှေ့ကနေ ခေါ်သွားခဲ့တယ်။
အောင်မြတ်သာလည်း ဘေးကသရက်ပင်ကိုကြည့်လိုက်တော့ သရက်ပင်အကိုင်းမှာကြိုးနဲ့ဇောက်ထိုးချည်ခံထားရတဲ့ ကောင်ကိုမြင်တော့
" ကြိုးပိုင်ရေ ဒီကောင်တွေ မလွတ်စေနဲ့ သေချာကြည့်ထား"လို့စိတ်ထဲကရေရွတ်ပြီး ရွာထဲကို လိုက်ခဲ့လိုက်တယ်။
ခြံဝိုင်းထဲကိုရောက်တော့ အိမ်ရှေ့မန်ကျီးပင်အောင်က ကွပ်ပြစ်လေးမှာထိုင်ပြီး
" ကျုပ်တို့ ရွာအခြေအနေကတော့ ဆရာမြင်တဲ့အတိုင်းပါပဲ ဆရာမရောက်ခင် တစ်လလောက်က ရွာမှာ လူကိုးယောက်ဆက်တိုက်သေတာ သေတဲ့လူတွေကလည်း အကောင်းကြီးကနေ ရုတ်တရက်သေကြတာ တစ်ချို့ဆို ရေသောက်နေရင်း ရေသီးလို့သေတာတောင်ရှိတယ် ကိုးယောက်တိတိပြည့်တဲ့နေ့မှာတော့ အခုလိုမကောင်းဆိုးဝါးတွေဝင်ပူးတော့တာပဲ အဲဒီထဲကမှ ထူးဆန်းတာတစ်ခုရှိတယ် သူကလည်း ဝင်ပူးတာပဲ ညဘက်သန်းခေါင်အချိန်ရောက်တိုင်း ဝင်ပူးတယ် နေ့တိုင်းလိုလိုပဲ "
" သူကရော ခုနကလို အစားတောင်းစားတာပဲလား"
"မဟုတ်ဘူးဆရာ ဒါကြောင့်ထူးဆန်းတယ်လို့ပြောတာ သူဝင်ပူးရင် လက်ခမောင်းခတ်ပြီးတော့ကိုလာတာ "
ပြောနေတဲ့သူစကားကိုကြားတော့ အောင်မြတ်သာက
" ဒါဆို အရင်ဘဝက လက်ဝှေ့သမားသေလို့ ဖြစ်မယ်"
" ဟုတ်တယ်ဆရာ သူ့ကိုယ်သူ လက်ခမောင်းဘကျော်ဆိုပြီး ပြောတယ် သူဝင်ပူးရင် လက်ဝှေ့ထိုးဖို့ပဲပြောတာ ဆရာစဉ်းစားကြည့် သရဲဝင်ပူးနေတဲ့သူနဲ့ ဘယ်သူထိုးရဲမလဲ အဲလိုမထိုးရင် အိမ်မှာရှိတဲ့ ပစ္စည်းတွေကိုရိုက်ခွဲကန်ကျောက်တာ "
" ဒီတစ်ခါဝင်ပူးတဲ့သူကထူးဆန်းတာပေါ့ ဆက်ပြောပါဦး"
" တစ်ရက်မှာတော့ သူနဲ့ထိုးမယ်ဆိုပြီး ရွာထဲက ဘသန်းတင့်ကပြောတယ် သဘန်းတင့်ဆိုတာကလည်း အရင်ရွာစဉ်လှည့်ပြီး လက်ဝှေ့ထိုးစားလာတဲ့သူ သူ့ရဲ့ညာလက်သီးတစ်ချက်ထိရင် နွားမဒန်းတောင်ဖင်ထိုင်ပီးလဲတာ တကယ်ထိုးလဲထိုးရော ဘသန်းတင့်မေးရိုးပြုတ်သွားတယ် ဝင်ပူးခံရတဲ့ကောင်က လူဖလံလေးဗျ ဒါပေမယ့် သူ့လက်သီးထိတဲ့ဘသန်းတင့်မခံနိုင်ဘူး အဲဒါကို မကျေနပ်သေးပဲ အိမ်မှာရှိတဲ့ ကျောက်ပျဉ်ကို နဖူးနဲ့တိုက်ခွဲတာ ကျောက်ပျဉ်က ထပ်ပိုင်းကျိုးတယ် အဲလောက်ထိကြမ်းတယ်ဆရာ"
" ထူးတော့ထူးဆန်းတယ် ဒါမျိုးမကြုံဖူးသေးဘူး သူကဘယ်သူ့ကိုဝင်ပူးတာလဲ တစ်ခြားသူတွေကိုရောဝင်ပူးသေးလား"
"မဝင်ဘူးဆရာ ကျော်သန်းဆိုတဲ့ကောင်ကိုပဲ ဝင်ပူးတာ သူ့အိမ်မှာဆိုဘာပစ္စည်းမှမထားရဲတော့ဘူး ညဘက်တွေဆို အိမ်မှာလည်း ဘယ်သူမှမနေရဲဘူး ကျော်သန်းကိုအိမ်အပြင်ကနေ သော့ခတ်ထားခဲ့ရတာ သူ့ကိုလည်းခေါ်သွားလို့မရပြန်ဘူး သူရှိတဲ့နေရာ ဟိုကောင်က ဝင်ပူးပြီးသောင်းကျန်းတာ"
"သိပ်လဲစိတ်မပူပါနဲ့ ကျုပ်နိုင်သလောက်ကူညီပေးပါ့မယ် အခုလောလောဆယ် ရွာထဲတစ်ချက်လှည့်ကြည့်ချင်သေးတယ်"
"ဆရာလိုက်ကြည့်ပါ ကျုပ်လိုက်ပြပါ့မယ်"
အောင်မြတ်သာလည်း ခြံဝိုင်းထဲကနေ အပြင်ကိုထွက်လာတော့ ခြံအပြင်မှာ မယောင်မလည်ရပ်နေတဲ့ အသက်ဆယ်သုံးနှစ်အရွယ် လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရတယ်။ ထိုလူငယ်လေးက အောင်မြတ်သာကိုမြင်တော့
"ဆရာ ကျွန်တော်ပြောစရာရှိလို့ "
"အေး ပြောလေကွာ "
" ဟို သရက်ပင်ပေါ်မှာချည်ထားတဲ့ကောင်ကို ကျွန်တော်သိတယ်"
ထူးဆန်းတဲ့စကားကြောင့် အောင်မြတ်သာ လူငယ်လေးကို ပြန်လှည့်ကြည့်လိုက်တယ်။
" မင်းကမြင်ရတာလား "
"ဟုတ်တယ်ဆရာ မြင်ရတယ် ရွာကလူတွေကို ပြောပြာတာကျုပ်ရူးနေတယ်လို့ပြောတယ် ကျုပ်စကားကိုဘယ်သူမှမယုံကြဘူး"
ထိုစဉ်
"ဟိုကောင် ငတေ ဆရာကိုဘာတွေလျောက်ပြောနေတာလဲ ဆရာဒီကောင်လေးက လွန်ခဲ့တဲ့သုံးလလောက်မှာ ဇီးပင်ပေါ်ကပြုတ်ကျပြီး သတိမေ့ခဲ့ဖူးတယ် ပြန်သတိရလာတော့ အခုလိုပေါက်ကရတွေပြောတော့တာပဲ"
ထိုလူကြီးရဲ့စကားကိုကြားတော့ ငတေက ဘာမှမပြောတော့ပဲ ငြိမ်သွားတယ်။ အောင်မြတ်သာက လူငယ်လေးကိုကြည့်ပြီး
"ကျုပ်ဒီလူငယ်ကိုခဏခေါ်သွားလိုက်မယ် မိတ်ဆွေက ဒီမှာပဲနေခဲ့ဦး "
"ဖြစ်ပါ့မလားဆရာ ဒီကောင်က စိတ်ကသိပ်မှန်တာမဟုတ်ဘူး"
"ဖြစ်ပါတယ် ကျုပ်လဲအဝေးကြီးမသွားပါဘူး "
အောင်မြတ်သာလည်း လူငယ်လေးကိုခေါ်ပြီး ရွာထဲထွက်လာခဲ့လိုက်တယ်။
" မင်းနာမည်ဘယ်လိုခေါ်လဲ"
" ကျုပ်နာမည်က ငတေဗျ "
"မင်းက ဒီလိုအရာတွေကိုမြင်ရတယ်ဆိုတော့ ဘယ်အချိန်ကစမြင်ရတာလဲ"
အောင်မြတ်သာစကားကိုကြားတော့ လူငယ်က တစ်ချက်စဉ်းစားလိုက်ပြီး
"အင်း နည်းနည်းတော့ကြာပြီ ဟိုဘက်ရွာဘုန်းကြီးကျောင်းထဲက ဇီးပင်ပေါ် ဇီးသီးတက်ခူးတဲ့နေ့ထဲကမြင်ရတာ"
"သာမန်လူတစ်ယောက်က ဇီးပင်ပေါ်တက်ခူးတဲ့အချိန်မှမြင်ရတာမဖြစ်နိုင်ဘူး အမှန်တိုင်းပြော"
