Part-2
*လွတ်လပ်စွာ ပြောဆိုခွင့်
အဲဒါဆိုလျှင် သူတစ်ယောက်တည်း ဦးနှောက်ရှိ၊ နှလုံးသားရှိ၍ ကျန်လူတွေက အတွေးအမြင် မရှိ ခံစားမှုမရှိသူတွေလို ဖြစ်သွားလိမ့်မည်။ အဲသည်က ဆက်ကာ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့က အမြဲ အုပ်စိုးသူ၊ အများစု လူထုကြီးက အမြဲ အုပ်စိုးခံ၊ အဲသလို ဖြစ်သွားလိမ့်မည်။
ဒါဆိုလျှင် ဘယ်မှာ တန်းတူညီမျှ ရှိမည်လဲ။ ဘယ်မှာ လွတ်လပ်ခွင့် ရှိမည်လဲ။
ဒီမိုကရေစီဆိုလျှင်တော့ သူ ပြောခွင့်ရှိသလို ကိုယ်လည်း ပြောခွင့် ရှိရလိမ့်မည်။ အဲဒါဆိုလျှင် အသံများများ ကြားရလိမ့်မည်။ ဒါကို သည်းခံနိုင်ဖို့ လိုမည်ပေါ့။
ပင်လယ်ပြင်ကြီးကိုလိုချင်လျှင်၊ ပင်လယ်ပြင်၏ အလှ ပင်လယ်ကြီးထဲက သက်ရှိ သက်မဲ့ သယံဇာတတွေကို ခံစားသုံးစွဲလိုလျှင် လှိုင်းချိုးသံ လှိုင်းပုတ်သံကိုတော့ လက်ခံနိုင်ရမည်ပေါ့။
ဒီမိုကရေစီနှင့် ပတ်သက်လျှင်လည်း ထိုနည်း၎င်းပဲ ဖြစ်သည်။
ပြီး၊ လှိုင်းသံလို ဆူညံတတ်သည့် ဒီမိုကရေစီ စကားဝိုင်း ငြင်းခုံဝိုင်းများမှပင် မြို့ရွာ တိုင်းပြည်အတွက် အလွန် တန်ဖိုးရှိသော ဂိတ်ကူးစိတ်သန်းများ စဉ်းစား ရွေးချယ်စရာ အကြံကောင်း ဉာဏ်ကောင်းများ ထွက်ပေါ်မြဲ ဖြစ်သည်။ သည့်အပြင် တစ်ဦးတစ်ယောက်တည်း သဘောဖြင့် ဆုံးဖြတ် လုပ်ကိုင်ရာက ဖြစ်ပေါ်တတ်သည့် ဆိုးဆိုးဝါးဝါး အမှားမျိုးတွေကိုလည်း ဒီမိုကရေစီ စကားဝိုင်းများက ထွက်ပေါ်သည့် ထောက်ပြ ဝေဖန်မှုများအားဖြင့် ကြိုတင် ဖယ်ရှားနိုင်လေ့ ရှိကြသည်။
အဲဒါ၊ လွတ်လပ်စွာ ပြောဆိုခြင်း၏ တန်ဖိုးဖြစ်သည်။