#အတတ်ပညာတစ်ခု၏တန်ဖိုး
********
ဟိုးရှေးအခါတုန်းက ရွာတစ်ရွာမှာ သားအမိနှစ် ယောက် နေထိုင်ကြလေတယ်။ သားဖြစ်သူရဲ့နာမည်က မောင်စေတနာလို့ ခေါ်တယ်။ မောင်စေတနာဟာ သူ့ မိခင်ကြီးကိုတောင်ယာလုပ်ကိုင်ပြီးကျွေးမွေးစောင့်ရှောက် လေတယ်။ မောင်စေတနာဟာ မိခင်ကြီးကို ဒီထက်ပိုပြီး ချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့ နေစေချင်ပေမဲ့ အခုထက် ပိုပြီးသူ့ဘဝတိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားမရအောင် ဖြစ်နေပါတယ်။
တစ်နေ့တော့မောင်စေတနာရဲ့တောင်ယာအနီး ကို ခရီးသွားတစ်ယောက်ရောက်လာပြီး သစ်ပင်ရိပ်မှာ ထိုင်ကာ အမောအပန်းဖြေနေလေတယ်။ မောင်စေတနာ ဟာ ခရီးသွားကို ရေတိုက်ပြီး အသီးအနှံတွေကျွေးတယ်။ ဒါနဲ့ နောင်ကြီးကဘယ်ဒေသကလာပြီး ဘယ် ကို သွားမလို့လဲ လို့ ခရီးသွားကို မေးတဲ့အခါ-
ကျုပ်က ဟိုးအရှေ့ဘက်က ရွာမှာနေတယ်။ မောင်ရင့်လိုပဲ တောင်ယာအလုပ်လုပ်တယ်။ ဒီထက်ဘဝ မြင့်မားချင်လို့ ပညာရှိထံ မေးမြန်းဖို့ ခရီးထွက်လာခြင်း ဖြစ်တယ်။ အနောက်ဘက်အရပ်မှာ ပညာရှိတစ်ဦး ရှိတယ်။ ကျုပ်ဘဝမှာ ဘာအလုပ်လုပ်ရင်ကောင်း မလဲလို့ ပညာရှိကိုသွားမေးမလို့ပါ။ မောင်ရင် ကျုပ်ကို ဧည့်ဝတ်ပြု တာကျေးဇူးတင်တယ်။ ကျုပ်ကတော့ခရီးဆက်လိုက်ဦး မယ် ဆိုကာ အနောက်ဘက်ကို ထွက်သွားလေတယ်။
အင်း... ခရီးသွားဟာလည်း ငါ့လိုပဲ လက်ရှိ ဘဝကို ရောင့်ရဲတင်းတိမ်မှု မရှိပေဘူး။ သူ့ဘဝတိုးတက်ဖို့ အတွက် စဉ်းစားနေသူပဲ။ ငါလည်း သူ့လိုပဲ ပညာရှိထံကို သွားပြီးအကြံဉာဏ်တောင်းရမယ် လို့ မောင်စေတနာက ဆုံးဖြတ်လိုက်တယ်။ သူ့အမေစားသောက်ဖို့တစ်လစာရိက္ခာ နဲ့ ထင်းတွေကို စုဆောင်းပေးခဲ့ပြီးပညာရှိထံမှ အကြံဉာဏ် တောင်းဖို့ အနောက်ဘက်အရပ်ကို ထွက်လာခဲ့တယ်။ လမ်းခရီးမှာ မောင်စေတနာဟာ တဲအိမ်တစ်ခုကို တွေ့တာကြောင့် အဲဒီတဲအိမ်ထဲကို ဝင်လာပြီး ကြည့် လိုက်တယ်။ အဘိုးအိုတစ်ဦးဟာ မီးဖိုဖိုပြီး သံပြားတွေကို တူကြီးနဲ့ထုနေတာကို တွေ့လိုက်ရတယ်။
အဘိုးအိုခင်ဗျာ။ ကျွန်တော်က ခရီးသွားတစ် ယောက်ပါ။ ရေဆာလွန်းလို့ ရေတစ်ခွက်လောက် တိုက် ပါခင်ဗျာ"
မောင်စေတနာရဲ့ စကားပြောသံကြောင့် တူထု နေတဲ့အဘိုးအိုက လှည့်ကြည့်လာတယ်။ တူထုနေတာ ကိုတော့ မရပ်ဘူး။ မောင်စေတနာက-
အဘိုးခင်ဗျာ၊ ရေဆာလွန်းလို့ ရေတစ်ခွက် လောက် တိုက်ပါခင်ဗျ"
အဘိုးအိုက တူကို ဆက်ကာဆက်ကာ ထုပြီးမှ ရပ်လိုက်တယ်။ သူထုနေတဲ့သံပြားကိုလည်း ရဲရဲနီနေတဲ့ မီးဖိုထဲကို ထည့်ထားလိုက်တယ်။
လူလေးပြောတာကိုအဘိုးကြားတယ်။ ဒါပေမဲ့ အဘိုးထုနေတဲ့သံပြားကို ရပ်လိုက်ရင် လိုချင်တဲ့ အတိုင်း အတာကို ရောက်မှာမဟုတ်ဘူး။ ဒါကြောင့် ဆက်ထုနေ တာ။ လူဆိုတာ ကိုယ်ဖြစ်ချင်တာကို ရပ်လို့မရဘူး။ ဆုံးခန်း တိုင် ရောက်အောင်သွားရတယ်"
အဘိုးအိုကမောင်စေတနာကို ရေခပ်တိုက်တယ်။ အဘိုး ဘာလုပ်နေတာလဲ
အဘိုးလုပ်နေတာ ပန်းပဲလို့ ခေါ်တယ်။ သံကို မီးဖုတ်ပြီး ကိုယ်လိုရာ ဓား၊ ပုဆိန်၊ တူးရွင်း၊ ပေါက်ပြား တွေ လုပ်ရတာ
မောင်စေတနာက အဘိုးအို ပန်းပဲလုပ်နေတာ ကို ထိုင်ကြည့်နေတယ်။ ပြီးတော့ အဘိုးအိုကို ကူညီပြီး တူထုပေးတယ်။
အဘိုးအလုပ်က အတော်ပင်ပန်းတာပဲ"
မပင်ပန်းတဲ့အလုပ်ဘာရှိလို့လဲ လူလေးရဲ့။ လူ တွေဟာ ဝမ်းရေးအတွက် အပင်ပန်းခံနေကြရတာပဲလေ။
အေး.. ဒါပေမဲ့ ကိုယ်တတ်ထားတဲ့ပညာကို ဝီရိယထုတ် ပြီး အများက နှစ်သက်သဘောကျအောင် လုပ်နိုင်ရင် ကြီးပွားမှာပဲ
မောင်စေတနာက အဘိုးအိုပြောပြတာကို ငြိမ်သက်စွာ နားထောင်နေတယ်။ အဘိုးအိုဆီကို လူ့ အသုံးအဆောင်ပစ္စည်းတွေ လာအပ်၊ လာဝယ်သူတွေက အဆက်မပြတ်လာကြတယ်။ အဘိုးအိုက အသက်အရွယ် အရ သိပ်အလုပ်မလုပ်နိုင်တော့ဘူး။ အဲဒီမှာ မောင်စေတနာ က စိတ်ကူးတစ်ခုရသွားတယ်။ အဘိုးအိုဆီကပန်းပဲပညာ ကို စနစ်တကျသင်ယူဖို့ ဆုံးဖြတ်လိုက်တယ်။အဘိုးအိုကို ကူညီကာ တူထုပေးရင်း ပန်းပဲပညာကို သင်ယူခဲ့တယ်။ အဘိုးအိုက မောင်စေတနာကို ပန်းပဲပညာသင်ပေးရင်း လုပ်အားခကိုလည်း ထိုက်သင့်သလောက်ပေးတယ်။ မောင်စေတနာက လုပ်အားခတွေကို စုထားပြီး သူ့အမေ ကို သွားပေးလေ့ရှိတယ်။
နေ့အခါသွားပေးရင် အလုပ်ပျက်မှာစိုးလို့ ညနေမိုးချုပ်တာနှင့် သူ့ရွာကိုပြန်သွားပြီး သူ့အမေကို သွားတွေ့တယ်။ ညဉ့်သုံးယံမှာ တစ်ယံသာအိပ်ပြီး မိုး မလင်းမီ အဘိုးအိုရှိရာကို ပြန်လာခဲ့တယ်။ အချိန်ကြာ လာတော့မောင်စေတနာဟာအဘိုးအိုရဲ့ လက်ရာအတိုင်း ဓား၊ ပုဆိန်၊ တူးရွင်း၊ပေါက်ပြားတွေကိုလုပ်ကိုင်လာနိုင် တယ်။
အဘိုးအိုက အလုပ်လက်ခံပြီး မောင်စေတနာ က ပန်းပဲလုပ်တယ်။ မောင်စေတနာရဲ့လက်ရာဟာ ပိုမို ကောင်းမွန်တာမို့ ဝယ်ယူသူ၊ အလုပ်အပ်သူတွေများကာ အလုပ်နဲ့လက် မပြတ်အောင် လုပ်နေရတယ်။
အဲဒီလိုနဲ့ အဘိုးအိုဟာ အသက်အရွယ်အရ လူကြီးရောဂါနဲ့ သေဆုံးသွားတယ်။ မောင်စေတနာဟာ ပန်းပဲလုပ်ငန်းကို သူ့ရွာမှာပြန်လုပ်တယ်။မောင်စေတနာ ရဲ့ပန်းပဲလက်ရာကောင်းမွန်တဲ့သတင်းက တစ်နယ်လုံးကို ပျံ့နှံ့သွားတာကြောင့် မောင်စေတနာရဲ့ ပန်းပဲလုပ်ငန်းဟာ တပည့်တပန်းတွေ၊အလုပ်သမားတွေနဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့တယ်။
မောင်စေတနာဟာ သူ့အမေကို ပြည့်ပြည့်စုံစုံ ကျွေးမွေးပြုစုခွင့်ရသွားလို့ ဝမ်းသာနေရှာတယ်။အတတ်ပညာတစ်ခုကို ဝီရိယထုတ်ပြီး အများ ကနှစ်သက်သဘောကျအောင် လုပ်နိုင်ရင်ကြီးပွားမှာပဲ" ဆိုတဲ့သူ့ရဲ့ ပန်းပဲဆရာကြီးအဘိုးအိုရဲ့ စကားကို အမြဲ ကြားယောင်နေမိတယ်။ သင်ဆရာဖြစ်တဲ့ပန်းပဲဆရာကြီး ကို ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ လုပ်ပေးတယ်။ မောင်စေတနာဟာ အတတ်ပညာတစ်ခုရဲ့ တန်ဖိုးကို လည်း အစဉ်အမြဲသိပြီး လူငယ်တွေကိုခေါ်ကာပန်းပဲပညာ သင်ကြားပေးပြီးပညာအမွေပေးရင်းနေထိုင်သွားပါတော့ တယ်။ ။
