သူငယ်ချင်း မောင်သာနိုး(သို့)ကျောင်းသားခေါင်းဆောင်စာရေးဆရာ၊ ကဗျာဆရာ
ကိုသာနိုးက စစ်ကိုင်းမြို့ ဇာတိပါ။ အံ့စရာကောင်းတာက သူဟာ စာပေနဲ့ ပါဠိစာပေတွေကို ဦးစွာတတ်မြောက်ခဲ့တာပါ။ မြန်မာစာကိုတော့ နောက် ဆုံးမှ တတ်တာပါ။ သူ့အဘိုးက ကင်းဝန်မင်းကြီး၊ ရေနံချောင်းမင်းကြီးတို ့နဲ ့အတူ နိုင်ငံ့တာဝန်ကို ထမ်းရွက်ခဲ့တဲ့ တိုင်တားမင်းကြီးပါ။ ဒါကြောင့် ပါဠိစာပေကို သူ ပထမဆုံး တတ်မြောက်ရတာပါ။ သူ့ဖခင်က မြို့ အုပ်ပါ။ ဒါကြောင့် အင်္ဂလိပ်စာ ကို နောက်မှ တတ်မြောက်ရတာပါ။ ကိုသာနိုးက ၁၉၅၁ ခုနှစ်ကတည်းက မန္တလေး တက္ကသိုလ်ကျောင်းသား ဖြစ်နေခဲ့ပါပြီ။ စာအလွန်တော်တယ်လို့လည်း ကျော်ကြား ပါတယ်။ ဥပစာ(က)တန်းမှာ သိပ္ပံတွဲနဲ့ အောင်တော့လည်း ဥပစာ(ခ)တန်းကို မတက်ဘဲ ဝိဇ္ဇာ(က)တန်းက ပြန်ပြီး စပြန်ပါတယ်။ ဥပစာ ဝိဇ္ဇာ(က)တန်း အောင်ပြီး တော့လည်း ဥပစာ ဝိဇ္ဇာ(ခ)တန်းကို မတက်ဘဲ ဥပစာ သိပ္ပံ(ခ)တန်းကို တက်ပြန် ပါတယ်။ တက္ကသိုလ်ကျောင်းသားအဖြစ် အချိန်အကြာကြီးနေလို့ရအောင် ဆောင်ရွက်တဲ့သဘောပါပဲ။ ဒါမှလည်း ကျောင်းသားထုကို တရားဝင်ခေါင်းဆောင် နိုင်မှာမို့ပါ။
မယုံနိုင်လောက်အောင် ထူးခြားတဲ့ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ပါတယ်။ အဲဒါက တော့ ဝိဇ္ဇာ(ခ)တန်းရဲ့ အင်္ဂလိပ်စာပေဘာသာရပ်ကို ကိုသာနိုးက သမဂ္ဂအဆောက် အအုံထဲမှာပဲ သင်ကြားပို့ချပေးပါတယ်။ လိုအပ်သေးရင် ဥပစာတန်းများကိုလည်း အင်္ဂလိပ်စာ သင်ကြားပို့ချပေးပါတယ်။ သူရောက်နေတဲ့အတန်းထက် ပိုပြီးတော့အတန်းကြီးတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို သင်ပေးတာပါ။ တက်ရောက်သူ များကလည်း ခန်းလုံးပြည့်ပါပဲ။ အင်္ဂလိပ်စာပါမောက္ခကိုယ်တိုင်ကလည်း ကိုသာနိုး အင်္ဂလိပ်စာသင်တာကို ကြားလိုက်ရတဲ့အခါ အလွန်အံ့သြလှစွာနဲ့ ချီးကျူးခဲ့ပါတယ်။
ကိုသာနိုး ဘီအေဘွဲ့ကိုယူတာ ၁၉၆၂ ခုနှစ်ပါ။ ကျွန်တော့်ထက် ၆ နှစ်စောပြီး တက္ကသိုလ်ကိုရောက်ပေမဲ့ ဘွဲ့ ယူတော့ ကျွန်တော်နဲ ့ အတူတူပါ။ သူ့ခုံနံပါတ်က (၃၁၅)၊ ကျွန်တော့်ခုံနံပါတ်က (၃၁၆)ပါ။
#ဆက်ရန်ရှိ