နျူစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၁၂ စင်း ဗြိတိန်တည်ဆောက်မယ်
ဗြိတိန်ဟာ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသစ် ၁၂ စင်း တည်ဆောက်သွားမယ်လို့ ဝန်ကြီးချုပ် ကီယာစတာမာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သမားရိုးကျ လက်နက်တပ်ဆင်ထားတဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၁၂ စင်းအထိ ဗြိတိန်ရဲ့ လက်ရှိရေတပ်မှာ ၂၀၃၀ ခုနှစ်နှောင်းပိုင်းမှ စတင်ပြီး အစားထိုးသွားမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ ဒါအပြင် ဗြိတိန်ဟာ နျူကလီးယားထိပ်ဖူးထုတ်လုပ်ရေးအတွက် ပေါင် ၁၅ ဘီလီယံအသုံးပြုဖို့ကိုလည်း ဝန်ကြီးချုပ်က အတည်ပြုဖွယ်ရှိနေပါတယ်။
ဗြိတိန်ရင်ဆိုင်နေရတဲ့ ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားရေးအတွက် လက်နက်ကိုင်တပ်တွေအနေနဲ့ တိုက်ပွဲဝင်ဖို့ အဆင့်သင့်အနေအထားဖြစ်ရေးကို အစိုးရရဲ့ အဓိကကာကွယ်ရေး ပြန်လည်သုံးသပ်ချက် အစီရင်ခံစာက တိုက်တွန်းပါတယ်။
နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေနဲ့အတူ သင်္ဘောအသစ်တွေဟာ ဗြိတိန်နဲ့ နေတိုးအဖွဲ့ကို ဆယ်စုနှစ်များစွာ ဘေးကင်း စေလိမ့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ပြောပါတယ်။ သင်္ဘောသစ်တွေ တည်ဆောက်မှုဟာ ၂၀၃၀ ခုနှစ်တွေမှာ အလုပ်အကိုင်ပေါင်း သုံးသောင်းဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
ဗြိတိန်ဟာ နေတိုးအဖွဲ့မှာ ဥရောပဦးဆောင်နိုင်ငံဖြစ်လိုပေမယ့် ၂၀၃၄ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်းထိ သုံးစွဲနိုင်မလားဆိုတာကို ကာကွယ်ရေးဝန်ကြီးက အတည်မပြုနိုင်သေးတာကြောင့် ကာကွယ်ရေးအသုံးစရိတ်အတွက် ကတိကဝတ်အပေါ် မေးခွန်းထုတ်မှုတွေရှိနေပါတယ်။
အစိုးရကတော့ ၂၀၂၇ ခုနှစ် ဧပြီလမှာ ကာကွယ်ရေးအသုံးစရိတ်ကို ၂ ဒဿမ ၅ ရာခိုင်နှုန်းထိ မြှင့်တင်မယ်လို့ ကတိပြုထားပြီး လာမယ့်ပါလီမန်သစ်မှာ ၃ ရာခိုင်နှုန်းရောက်ရှိဖို့ ရည်မှန်းထားကြောင်း ယခင်က ပြောဆိုထားပါတယ်။
Ref:Yahoo
