ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှု ရုရှားဗုံးကြဲလေယာဉ် ၄၀ ထက်မနည်း ထိမှန်၊ ပျက်စီးခဲ့

ပြီးခဲ့တဲ့ညက ယူကရိန်းရဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်မှုကြောင့် ရုရှားရဲ့ ဒေါ်လာဘီလီယံချီတန်တဲ့ ဗုံးကြဲလေယာဉ် ၁၃ စင်းထက်မနည်း ပျက်စီးသွားတယ်လို့ ယူကရိန်းတာဝန်ရှိသူတယောက်က ပြောပါတယ်။
အစောပိုင်း သတင်းတွေအရ ရုရှားလေတပ်စခန်းလေးခုကို ယူကရိန်းရဲ့ အရဲတင်းဆုံး တိုက်ခိုက်မှုအဖြစ် ဖော်ပြထားပြီး ယူကရိန်းကျေးရွာတွေကို ဗုံးကြဲနေတဲ့ ရုရှားဗုံးကြဲလေယာဉ် ၄၀ ထက်မနည်း ထိမှန်ခဲ့တယ်လို့ ယူကရိန်းက အခိုင်အမာဆိုပါတယ်။
ရုရှားလေတပ်စခန်းတွေကို တိုက်ခိုက်မယ့် ယူကရိန်းဒရုန်း ၁၁၇ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကလည်း ပြောပါတယ်။ ဒီအတောအတွင်း ယူကရိန်းနဲ့ ရုရှားတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယအကျော့ အတွက် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်ကို သွားရောက်နေကြပြီဖြစ်ပါတယ်။
နှစ်ဖက်အကြား နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့ ဆွေးနွေးပွဲတွေကို အကျိုးမရှိအောင် ရုရှားကလုပ်ဆောင်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ပြီးခဲ့တဲ့လက အစ္စတန်ဘူလ်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ စစ်သုံ့ပန်း လဲလှယ်ဖို့ကလွဲပြီး ထူးခြားတဲ့ သဘောတူညီချက်တွေ မရခဲ့ပါဘူး။
လက်ရှိဆွေးနွေးပွဲအတွက် စေ့စပ်ညှိနှိုင်းရေး အဆိုပြုချက်တွေကို ရုရှားဘက်က ပေးမလာကြောင်း ၊ ဒါပေမယ့်လည်း ဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို တူရကီစေလွှတ်လိုက်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ သူနဲ့ ရုရှားသမ္မတ ပူတင် မတွေ့ဆုံမချင်း ယူကရိန်းစစ်ပွဲ ရပ်တန့်ဖို့ သိသာထင်ရှားတဲ့ တိုးတက်မှုရှိမှာမဟုတ်ဘူးလို့ အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC

image