Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#နိုင်ငံတကာသတင်း
◼တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် ကမ္ဘောဒီးယားနှင့်နယ်စပ်ဂိတ်များအား ထိုင်းပိတ်ထား
တအုံနွေးနွေးဖြစ်နေသော နယ်စပ်အငြင်းပွားမှုကိစ္စနှင့်ပတ်သက်၍ အရှေ့တောင်အာရှ အိမ်နီးချင်းများဖြစ်သော ထိုင်းနှင့်ကမ္ဘောဒီးယားကြားတင်းမာမှုများ ဆက်လက်မြင့်တက်နေခဲ့ပြီးနောက် ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနှင့်နယ်စပ်ဂိတ်များ၌ ခရီးသွားများ၊ ကုန်သည်များအပါအဝင် ခရီးသွားလာမှု အားလုံးနီးပါးကို ပိတ်ထားလိုက်သည်။
ပြီးခဲ့သည့်လက ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့သော လက်နက်ကိုင်ပစ်ခတ်မှုများ ဖြစ် ပေါ်ခဲ့ပြီးနောက်တွင် နှစ်ဖက်ဆက်ဆံရေးယိုယွင်းမှု ဖြစ်လာခဲ့သည်။
ထိုနောက်ပိုင်းတွင် အငြင်းပွားမှုကို ပြေပြေလည်လည် ဖြေရှင်းရန် နှစ်ဖက်စလုံးက ကြေညာခဲ့ကြသော်လည်း တစ်ဖက်နှင့် တစ်ဖက် ဒဏ်ခတ်သည့် အစီအစဉ်များကိုလည်း နှစ်နိုင်ငံစလုံးက စတင်လာခဲ့ကြကာ ထိုင်းနိုင်ငံမှ စက်သုံးဆီ နှင့် ဓာတ်ငွေ့ ဝယ်ယူမှုအားလုံးကို ရပ်တန့်လိုက်ကြောင်း ကမ္ဘောဒီးယားက မကြာသေးမီ ကြေညာခဲ့သည်။
ကမ္ဘောဒီးယားနှင့်ထိစပ်နေသော ခရိုင်ဒေသကြီးခုနစ်ခုရှိ နယ်စပ်ဝင်ပေါက်များအားလုံးမှ ယာဉ်များ၊ ခရီးသွားများ နှင့် ကုန်သည်များ အားလုံး ဖြတ်သန်းသွားလာမှုကို ကန့်သတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ညပိုင်း၌ ထိုင်းစစ်ဘက် က ထုတ်ပြန်ကြေညာခဲ့ပြီး လုံခြုံရေးအရ စိုးရိမ်မှုများကို အကြောင်းပြခဲ့သည်။
သို့သော်လည်း ဆေးကုသမှုလိုအပ်သူများ ၊ ကျောင်းသားများနှင့် အခြားအရေးပေါ် ကိစ္စများအတွက် ခြွင်းချက်များထားရှိပြီး နယ်စပ်ဂိတ်မှအဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် ဖြတ်သန်းနိုင်ကြောင်း စစ်ဘက်ကြေညာချက် က ဖော်ပြသည်။
ကန့်သတ်ချက်များသည် လက်ရှိ လုံခြုံရေးအခြေအနေနှင့် ကိုက်ညီကြောင်း၊ အထူးသဖြင့် ထိုင်း နှင့်ကမ္ဘောဒီးယားကြားတွင် နိုင်ငံရေးအရ၊ သံသမန်ရေးအရ၊ စစ်ရေးအရ ဆက်လက်မြင့်တက်နေသော ပဋိပက္ခကို ဖြေရှင်းမှုနှင့် ကိုက်ညီကြောင်း ထိုင်းစစ်ဘက် ထုတ်ပြန်ချက် က ဆက်လက်ဖော်ပြသည်။
ယင်းအစီအစဉ်များသည် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်က ထောက်ပြခဲ့သည့် ကမ္ဘောဒီး ယားနိုင်ငံအတွင်းမှ တရားမဝင်လိမ်လည်မှုလုပ်ငန်းများကို နှိမ်နင်းရာတွင်လည်း အထောက်အကူပြုမည် ဖြစ်ကြောင်း စစ်ဘက် ပြောသည်။
ယင်းတရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေသော ဧရိယာများသို့ လျှပ်စစ်မီးအပါအဝင် အခြား မရှိမဖြစ်ပစ္စည်းများ နယ်စပ်ဖြတ်ကျော်ပေးပို့မှုကို ထိုင်းနိုင်ငံက ရပ်တန့်သွားမည်ဖြစ်ကြောင်း ပေထုန်တန် က ပြောသည်။
ထိုင်းဝန်ကြီးချုပ်သည် နယ်စပ်ကိစ္စအငြင်းပွားမှုအား ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ဝေဖန်ခံနေရသည်။
အထူးသဖြင့် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်နှင့် ဖုန်းခေါ်ဆိုမှု၌ ထိုင်းစစ်ဘက် ထိပ်တန်းအရာရှိကြီးတစ်ဦးအား အပုပ်ချ ပြောဆိုခဲ့ပုံပေါ်သော အသံဖိုင် ပေါက်ကြားခဲ့ပြီးနောက် ၎င်းအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား- Reuters
#ပြည်တွင်းသတင်း
◼ ပြီးခဲ့သည့်တစ်ပတ်အတွင်း COVID-19 အတည်ပြုလူနာသစ် ၂၉ ဦးတွေ့ရှိ
ပြည်တွင်း၌ ပြီးခဲ့သည့်တစ်ပတ်အတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉ ဦးထပ်မံတွေ့ရှိ ကြောင်း ယနေ့(ဇွန် ၂၄ ရက်)ထုတ်နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြသည်။
ယခုဇွန်လ ၁၅ ရက်မှ ၂၂ ရက်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၁၉၉ ခုအားစစ်ဆေးခဲ့ရာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉ ဦးတွေ့ရှိခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁၂ ဦးရှိပြီဖြစ်ကြောင်း၊ သေဆုံးလူနာမရှိကြောင်း ယင်းသတင်းအရသိရသည်။
COVID-19 ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ အသက် (၆၀)နှစ်နှင့်အထက်၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ(ကိုယ်ဝန်ဆောင်ကာလသုံးလနှင့်အထက်ကို ဦးစားပေးအစီအစဉ်ဖြင့် COVID-19 ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ကြောင်း နစက၏ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
#နိုင်ငံတကာသတင်း
◼အပစ်ရပ်ကြောင်းထရန့်ကြေညာပြီးနောက် အီရန်ဒုံးကျည်များ အစ္စရေးသို့ ထပ်မံကျရောက်ခဲ့
အစ္စရေး-အီရန် ၁၂ ရက်ကြာစစ်ပွဲ အပြည့်အဝ အဆုံးသတ်မှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာပြီးနောက် နာရီပိုင်းအတွင်းမှာပင် အီရန်က ယနေ့တွင် ဒုံးကျည်များ တစ်သုတ် ပြီး တစ်သုတ် ပစ် လွှတ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောကြားသည်။
တဲလ်အဗစ်မြို့နှင့်အစ္စရေးတောင်ပိုင်း ဘီယာရှီဘာမြို့တို့တွင် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း မျက် မြင် သက်သေများက ပြောကြားကြသည်။
အီရန်က ဒုံးကျည်ခြောက်ကြိမ် ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးစစ်ဘက် ကပြောသည်။
ဘီယာရှီဘာမြို့တွင် လူ သုံးဦး သေဆုံးခဲ့ကြောင်း အရေးပေါ်ဌာနက ပြောကြားပြီး အပစ်အခတ်ရပ်စဲမှုကို ထရန့် က ကြေညာပြီးနောက် ထွက်ပေါ်လာသည့် ပထမဆုံး လူသေဆုံးမှုသတင်း ဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု နှင့် ဖုန်းခေါ်ဆိုမှုတွင် အမေရိကန်သမ္မတ က အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်ပေးခဲ့ပြီး အီရန်ဘက်က ထပ်မံ၍ တိုက်ခိုက်မှုမရှိလျှင် အစ္စရေးက အပစ်ရပ်မှုကို သဘောတူလိုက်ကြောင်း အိမ်ဖြူတော် အကြီးတန်းအရာရှိကြီးတစ်ဦး က ပြောသည်။
“ ဖြစ်သင့်တဲ့အတိုင်း အရာအားလုံး အလုပ်ဖြစ်မယ်လို့ ယူဆပြီး ဖြစ်လည်းဖြစ်လာမှာပါ၊ ၁၂ ရက် စစ်ပွဲလို့ ခေါ်သင့်တဲ့ စစ်ပွဲ အဆုံးသတ်ဖို့ ဇွဲ ၊ သတ္တိ၊ ဉာဏ်ပညာ ရှိတဲ့အတွက် အစ္စရေး နဲ့ အီရန် နှစ်နိုင်ငံစလုံးကို ကျွန်တော် ဂုဏ်ပြုချင်ပါတယ်။” ဟု ထရန့်က ၎င်းပိုင် Truth Social လူမှုကွန်ရက် ပေါ်တွင် ပြောကြားသည်။
တီဟီရန်က အပစ်ရပ်ရေးကို သဘောတူလိုက်ကြောင်း အီရန်အရာရှိကြီးတစ်ဦးက စောစောပိုင်းက အ တည် ပြုခဲ့သော်လည်း အစ္စရေး က တိုက်ခိုက်မှုများကို မရပ်မချင်း ရန်လိုမှုများ ရပ်တန့်မည်မဟုတ်ကြောင်း အီရန် နိုင် ငံခြားရေးဝန်ကြီး က ပြောကြားသည်။
၎င်းတို့၏ စစ်ဆင်ရေးကို ရပ်တန့်မည့်ဆုံးဖြတ်ချက်အား နောက်ပိုင်းတွင် ချမှတ်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီ က လူမှုကွန်ရက် X ပေါ်တွင် ရေးသားခဲ့သည်။
ထရန့်ကိုယ်တိုင်ကလည်း အစ္စရေး နှင့် အီရန်အနေဖြင့် လုပ်ဆောင်နေဆဲ မစ်ရှင်များကို အပြီးသတ်နိုင်ကြောင်း နှင့် ထိုနောက်ပိုင်းတွင်မှ အပစ်ရပ်မှုအား စတင်နိုင်သည့်သဘောမျိုး ပြောကြားထားသည်။
အပစ်အခတ်ရပ်စဲမှု စတင်အသက်မဝင်လာမီ တီဟီရန်က နောက်ဆုံးအသုတ် ဒုံးကျည်များကို ပစ်လွှတ်ခဲ့ကြောင်း အီရန် အစိုးရတစ်ပိုင်း SNN သတင်းဌာနက ယနေ့ ပြောကြားသည်။
တီဟီရန် က နျူကလီးယားလက်နက် ရယူရန် နီးစပ်နေကြောင်း စွပ်စွဲပြီးနောက် အစ္စရေး နှင့် အမေရိကန်က စနေ၊ တနင်္ဂနွေနှစ်ရက်တွင် အီရန်၏ နျူကလီးယားစခန်းများအပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
ကာတာဝန်ကြီးချုပ် ရှိက်မိုဟာမက်ဘင်အဗ္ဗဒူရာမန်အယ်လ်သာနီ အီရန်အရာရှိများနှင့် ဖုန်းခေါ်ဆိုမှုအတွင်း တီဟီရန်ထံမှ သဘောတူညီမှုရရှိခဲ့ကြောင်း ယင်းဆွေးနွေးမှုများအကြောင်း သိရှိထားသည့် အရာရှိကြီးတစ်ဦးက ရိုက်တာသတင်းဌာနကို ယနေ့ ပြောကြားသည်။
အမေရိကန်ဒုတိယသမ္မတ ဂျေ၊ဒီဗန့်စ် ၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ အမေရိကန်အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဗ် တို့က အီရန်တာဝန်ရှိသူများနှင့် တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ဖြစ်စေ အဆက်အသွယ်လုပ်ခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။
အစ္စရေး-အီရန်အပစ်ရပ်ရေးသတင်းများနှင့်အတူယနေ့နံနက်အာရှစတော့ရှယ်ယာဈေးကွက်များ စတင်ဖွင့် လှစ်ချိန်တွင် ရေနံစိမ်းဈေးနှုန်းများ သီတင်းတစ်ပတ်အတွင်း အနိမ့်ဆုံးဈေးသို့ ပြန်လည်ကျဆင်းခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အရပ်သားတစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် လီဂျေးမြောင်ရွေးချယ်
တောင်ကိုရီးယား သမ္မတလီဂျေးမြောင်သည် ဝါရင့်လွှတ်တော် အမတ်အန်ဂျူဘတ်ခ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ဇွန် ၂၃ ရက်တွင် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။
အန်ဂျူဘတ်ခ်သည် တောင်ကိုရီးယားနိုင်ငံအတွက် (၆၄) နှစ်တာ ကာလအတွင်း ပထမဆုံး အရပ်သားကာကွယ်ရေးဝန်ကြီး ဖြစ်လာလိမ့်မည်ဖြစ်သည်။
တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် ဇွန် ၂၃ ရက်တွင် ကာကွယ်ရေးဝန်ကြီး နေရာအပြင်အခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာ ၁၀ နေရာအတွက် အမည်စာရင်းပေးသွင်းမှုများလည်း ပြုလုပ်ခဲ့သည်။
သမ္မတသစ် လီဂျေးမြောင်၏ တောင်ကိုရီးယားအစိုးရအဖွဲ့သစ် တွင် ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးဟောင်း ချိုဟွန်းက နိုင်ငံခြားရေးဝန်ကြီးတာဝန်ရယူထားပြီး မြောက်ကိုရီးယားပြဿနာကို သံတမန်နည်းလမ်းအရဖြေရှင်းရန် လိုလားသည့် လွှတ်တော်အမတ် ချောင်ဒေါင်ယန်းက ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဝန်ကြီး တာဝန်ကို ရယူထားကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး ဥပဒေကြေညာပြဋ္ဌာန်းရန် ကြိုးပမ်းမှုဖြင့်သမ္မတဟောင်း ယွန်းဆွတ်ယိုး ရာထူးမှဖယ်ရှားခံခဲ့ရပြီးနောက် ဇွန် ၃ ရက်တွင်ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် လီဂျေးမြောင်က အတိုက်အခံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတလောင်းအဖြစ် အနိုင်ရရှိခဲ့သည်။
ယင်းနောက် လီဂျေးမြောင်သည် အသွင်ပြောင်းကာလမထားဘဲ ဇွန် ၄ ရက်မှာပင် သမ္မတရာထူးကိုစတင်ရယူခဲ့သည်။
ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်းနိုင်ငံမှ လောင်စာတင်သွင်းမှုအားလုံး ရပ်ဆိုင်းမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဆို
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ နယ်နိမိတ်အငြင်းပွားမှုများ ဖြစ်ပွားပြီးနောက် အိမ်နီးချင်းထိုင်းနိုင်ငံမှ လောင်စာဆီ တင်သွင်းမှုအားလုံးကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်မာနက်က ဇွန် ၂၃ ရက်တွင်ပြောသည်။
နှစ်နိုင်ငံနယ်စပ်တွင် နယ်မြေအငြင်းပွားမှုကြောင့် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံတင်းမာမှုများ ဆက်လက်မြင့်တက်နေသည်။ ဇွန် ၂၃ ရက် ညဉ့်သန်းခေါင်မှစပြီး ထိုင်းနိုင်ငံက လောင်စာဆီနှင့်သဘာဝဓာတ်ငွေ့တင်သွင်းမှုအားလုံးကို ရပ်ဆိုင်းထားမည်ဟု ဟွန်မာနက်ကပြောသည်။
ကမ္ဘောဒီးယားစွမ်းအင်ကုမ္ပဏီများအနေဖြင့် ပြည်တွင်းလောင်စာနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်များကို အခြားရင်းမြစ်များမှ လုံလောက်စွာ တင်သွင်းနိုင်မည်ဟု ဝန်ကြီးချုပ်ကပြောသည်။
ထိုင်းနိုင်ငံသည် လုံခြုံရေးအကြောင်းပြချက်ဖြင့် နယ်စပ်စစ်ဆေးရေးဂိတ်အများအပြားကို ကန့်သတ်မှုများပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယားကလည်း လက်တုံ့ပြန်သည့် နယ်စပ်ဖြတ်ကျော်ဂိတ်နှစ်ခုကို ဇွန် ၂၂ ရက်တွင် ပိတ်ပစ်ခဲ့သည်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံသားအနေဖြင့်ထိုင်းနိုင်ငံကို မလိုအပ်ဘဲခရီးသွားလာမှုများ ရှောင်ရှားရန် တိုက်တွန်းထားပြီး ကမ္ဘောဒီးယားရောက် ထိုင်းနိုင်ငံသားများ ဆန္ဒပြမှုများမလုပ်ကြဖို့ ထိုင်းကောင်စစ်ဝန်ရုံးကလည်း သတိပေးထားသည်။
ကမ္ဘာ့ဘဏ်၏အဆိုအရ ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင်ကမ္ဘောဒီးယား၏ တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး ထိုင်းပို့ကုန်တန်ဖိုးမှာဒေါ်လာ ၃ ဒသမ ၈ ဘီလီယံအထိရှိကာ လောင်စာဆီတင်သွင်းမှု ၂၇ ရာခိုင်နှုန်း ပါဝင်ခဲ့သည်။
စီအင်န်အေ
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကန်ချနာဘူရီတွင် မြန်မာလုပ်သား ၄၁ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ကန်ချနာဘူရီ ထောင်းဖာဖုမ်ဒေသတွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၄၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းပြည်တွင်းသတင်းများအရ သိရသည်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသယ်ဆောင်မည့် ကားတစ်စီးဝင်ရောက်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့များက သတင်းကြိုရပြီး သာခနွန့်ကျေးရွာအုပ်စုအမှတ်(၄) ရွာရှိဝပ်ယူလုံးဘုန်းကြီးကျောင်းတွင် စောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။
ယင်းသို့စောင့်ဆိုင်းနေစဉ်အဖြူရောင် Isuzu ပစ်ကပ်ထရပ်ကားတစ်စီးသည် ထောင်းဖာဖုမ်လမ်းဆုံကို ဖြတ်ကျော်၍ ထောင်းဖာဖုမ်အဝိုင်းပတ်သို့ အရှိန်ပြင်းစွာမောင်းနှင်နေသည်ကို တွေ့ရှိခဲ့ပြီး စစ်ဆေးရေးအဖွဲ့က ရပ်တန့်ရန် တားသော်လည်းကားသည် ဘန်ဆာအိုဟောင်လမ်းအတိုင်း ထွက်ပြေးခဲ့ပြီး ခဝိုင်နွဲ့မြစ်ဘက်သို့အဆင်းတွင် ဗွက်နစ်နေသဖြင့် ဆက်လက်သွား၍မရတော့ဘဲ မြန်မာလုပ်သားများအား ကားအတွင်းတွင်ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
ကားပေါ်တွင် မြန်မာနိုင်ငံသား ၄၁ ဦးနှင့် အသက် (၄ဝ) အရွယ် ယာဉ်မောင်းတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား ၄၁ ဦးနှင့် ယာဉ်မောင်းအား ဥပဒေအရဆောင်ရွက်ရန် ထောင်းဖာဖုမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-amarintv
#ပြည်တွင်းသတင်း
◼တောင်ငူ၌ရေမြောင်းပိတ်ဆို့ခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်၊ ပရဟိတအသင်းများက ရေမြောင်းပိတ်ဆို့မှုများရှင်းလင်း
ပဲခူးတိုင်း၊ တောင်ငူမြို့၌ ရေမြောင်းပိတ်ဆို့ခြင်းများကြောင့် ရေကြီးရေလျှံဖြစ်ပွားခြင်းများဖြင့်ကြုံတွေ့ခဲ့ရကြောင်း တောင်ငူမြို့ရှိရွှေမင်းဝံအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးပရဟိတအသင်းထံမှ သိရသည်။
ယမန်နေ့(ဇွန် ၂၂ ရက်)နံနက်ပိုင်းတွင် တောင်ငူမြို့၌ မိုးသည်ထန်းစွာရွာသွန်းခြင်းကြောင့် ၂၂ ရပ်ကွက်၊ မင်းကြီးညိုရပ်ကွက်၊ မင်းကြီးညို-ပေါက်လှကြီးလမ်းမများတွင် ရေကြီးရေလျှံခြင်းများဖြစ်ပွားခဲ့ပြီး ဒေသခံတချို့ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေခဲ့ကြရကြောင်းသိရသည်။
"အခုရေကြီးတာ မြစ်ရေတိုးလို့မဟုတ်ဘူး။ မိုးများပြီးရေထွက်ပေါက်မရှိလို့ဖြစ်တာ။ မိုးရေကမထွက်ဘဲ ပိတ်ပြီးရေတင်သွားတာ။ ပိတ်နေတဲ့ရေထွက်ပေါက်တွေကို လိုက်လံရှင်းလင်းနေပါတယ်။ အခုတော့ ရေလဲကျသွားပါပြီ။ ကျန်နေတဲ့ရေထွက်ပေါက်တွေကိုလည်းလိုက်ပြီး ရှင်းလင်းပေးနေပါတယ်" ဟု ရွှေမင်းဝံအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါရေမြောင်းပိတ်ဆို့မှုများကို ရေစီးရေလာကောင်းမွန်စေရန် တောင်ငူမြို့ရှိ ရွှေမင်းဝံအရေးပေါ် ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရဟိတအသင်းများက ရှင်းလင်းဆောင်ရွက်နေကြရကြောင်း ၎င်းတို့ထံမှသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ရွှေမင်းဝံ