#နိုင်ငံတကာသတင်း
◼ ယူကရိန်းထောက်လှမ်းရေးဗိုလ်မှူးကြီး ကိဗ်မြို့တွင် ပစ်ခတ်လုပ်ကြံခံရ
ယူကရိန်းထောက်လှမ်းရေးဌာနမှ အရာရှိကြီးတစ်ဦး ကိဗ်မြို့တွင် ပစ်သခတ်လုပ်ကြံခံခဲ့ရကြောင်းယူကရိန်းအရာရှိများက ပြောကြားသည်။
ယူကရိန်းပြည်တွင်းလုံခြုံရေးဌာန(SBU) မှ အရာရှိအား မည်သူမည်ဝါမှန်း မသိသော တိုက်ခိုက်သူက ကားရပ်နားရာနေရာတွင် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သည်ကို လူမှုမီဒီယာများတွင် တင်ထားသော ရုပ်သံတွင်တွေ့ရသည်။
သေဆုံးသွားသူကို ယူကရိန်းထောက်လှမ်းရေးဌာနက ထုတ်ဖော်မပြောသော်လည်း ဗိုလ်မှူးကြီး အီဗန်ဗိုရိုနစ်ချ် ဖြစ်ကြောင်း ယူကရိန်းမီဒီယာများက ဖော်ပြကြသည်။
SBU အဖွဲ့သည် အဓိကအားဖြင့် ပြည်တွင်းလုံခြုံရေး နှင့် တန်ပြန်ထောက်လှမ်းရေး လုပ်ငန်းများ လုပ်ကိုင်ပြီး ဗြိတိန်နိုင်ငံမှ MI5 အဖွဲ့နှင့် ဆင်တူသော်လည်း ၂၀၂၂ ခုနှစ်တွင် ရုရှားက ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံအတွင်းမှ အဖျက်အမှောင့်လုပ်ရပ်များနှင့် လုပ်ကြံသတ်ဖြတ်မှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင် ရုရှားအရာရှိကြီးတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး အီဂေါကီရီလော့ဗ် အား သတ်ဖြတ်ခဲ့မှုနောက်ကွယ်တွင် ၎င်းတို့ ပါဝင်ခဲ့ကြောင်း ဘီဘီစီအပါအဝင် သတင်းဌာနများအား ယူကရိန်းပြည်တွင်းလုံခြုံရေးဌာန(SBU) က ပြောကြားခဲ့သည်။
ယခုနှစ်အစောပိုင်းတွင်လည်း ရုရှားဗိုလ်ချုပ်ကြီး ယာရိုစလက်မိုစကာလစ် သည် ကားဗုံးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး ယင်းအတွက် ကရင်မလင်က ကိဗ်အား အပြစ်တင်ခဲ့သည်။
ယူကရိန်းလုံခြုံရေးဌာနကမူ အဆိုပါသေဆုံးမှုများအား တရားဝင် ဝန်ခံပြောကြားခြင်းမရှိပေ။
ဗိုလ်မှူးကြီး အီဗန်ဗိုရိုနစ်ချ် ပစ်ခတ်ခံရမှု နောက်ကွယ်က အကြောင်းရင်းကို SBU အဖွဲ့ က ထုတ်ပြောခြင်းမရှိသလို ကိဗ် ရဲတပ်ဖွဲ့ကလည်း မပြောပေ။
ရဲအရာရှိများ ရောက်ရှိလာချိန်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော လူတစ်ဦးကို တွေ့ရှိခဲ့ရကြောင်းသာ ကိဗ်မြို့ ရဲတပ်ဖွဲ့ က ထုတ်ပြန်ပြောကြားသည်။
တိုက်ခိုက်သူအား ဖော်ထုတ်ရန် နှင့် ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့ က ကြိုးပမ်းနေကြောင်း ထုတ်ပြန်ချက်က ဆက်လက်ပြောကြားသည်။
ယင်းပြစ်မှုဖြစ်ပေါ်သော အခြေအနေအားလုံးကို ဖော်ထုတ်ရန်နှင့် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရန် ကျယ်ပြန့်စွာ လုပ်ဆောင်နေကြောင်း ယူကရိန်းပြည်တွင်းလုံခြုံရေးဌာန(SBU) က ပြောသည်။
နံနက် ၉ နာရီခန့်တွင် အရပ်ဝတ်နှင့်လူတစ်ဦး က ကားဆီသို့ လမ်းလျှောက်သွားစဉ် အခြားလူတစ်ဦးက ၎င်းဆီပြေးလာပြီး ပစ်ခတ်ခဲ့သည်ကို စီစီတီဗီ မှတ်တမ်း၌ တွေ့ရသည်။
တိုက်ခိုက်သူက ပစ္စတိုတစ်လက်ဖြင့် SBU အရာရှိအား ငါးကြိမ် ပစ်ခတ်ခဲ့ကြောင်း အွန်လိုင်းသတင်းဌာန Ukrainska Pravda က အမည်မဖော်သော သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-BBC